၂၀၁၃ အီဂျစ် ဆန္ဒပြပွဲ လူသေဆုံးမှုနဲ့ ဆက်စပ်သူ ၇၅ ဦးကို သေဒဏ်ပေး

ဓာတ်ပုံ ရင်းမြစ်, EPA
ကိုင်ရိုမြို့ Rabaa al-Adawiya ရင်ပြင်မှာ ၂၀၁၃ ခုနှစ်က ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။
အီဂျစ်နိုင်ငံမှာ ၂၀၁၃ ခုနှစ် သမ္မတ မိုဟာမက် မော်ဆီ ထွက်သွားပြီးတဲ့နောက် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲမှာ လူတွေကို သတ်ဖြတ်ခဲ့ တာနဲ့ ပတ်သက် ဆက်နွယ်သူ လူ ၇၀ဝ ကျော်ကို တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ဒီလို ချမှတ်လိုက်ရာမှာ အစ္စလာမစ်ဝါဒီ ခေါင်းဆောင်တွေ အပါအဝင် လူ ၇၅ ဦးကို သေဒဏ် ချမှတ်ခဲ့ပြီး ၄၇ ဦးကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။
အကြမ်းဖက်မှုကို အားပေးလှုံဆော်မှု၊ လူသတ်မှုနဲ့ တရားမဝင် ဆန္ဒပြဖို့ စည်းရုံး လှုံဆော်မှုတွေနဲ့ စွပ်စွဲခံရသူ အများစုက ပြစ်ဒဏ်ချမှတ်ခံရတာလို့ ဆိုပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူတွေထဲမှာ အီဂျစ်မှာ ပိတ်ပင်တားမြစ်ထားတဲ့ Muslim Brotherhood အဖွဲ့က ထင်ရှားတဲ့ နိုင်ငံရေးသမားနဲ့ အဖွဲ့ဝင်တွေ ပါဝင်နေပါတယ်။
ဓာတ်ပုံ ရင်းမြစ်, EPA
ဆုတွေ ချီးမြှင့်ခံထားရတဲ့ ဓာတ်ပုံသတင်းထောက် Mahmoud Abu Zeidကလည်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခံလိုက်ရပါတယ်
ဒါ့အပြင် ဆုတွေ ချီးမြှင့်ခံထားရတဲ့ ဓာတ်ပုံသတင်းထောက် Mahmoud Abu Zeidကလည်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခံလိုက်ရပါတယ်။ သူဟာ ဆန္ဒပြတဲ့သူတွေကို ဖြိုခွဲနေတာကို ဓာတ်ပုံ ရိုက်ယူခဲ့ရာမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့က အခု ပြစ်ဒဏ်ကို မတရားဘူးလို့ ပြောဆို လိုက်ပြီး အခြေခံ ဥပဒေကို ချိုးဖောက်တာလို့ ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်ချမှတ်ခံရသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ တဦးတယောက်မှ မပါဘူးလို့လည်း ဒီအဖွဲ့က ဆိုပါတယ်။
ကိုင်ရိုမြို့ Rabaa al-Adawiya ရင်ပြင်မှာ ၂၀၁၃ ခုနှစ်က ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ရွေးချယ်ထားတဲ့ သမ္မတ ရာထူးကနေ ဆင်းပေးခဲ့ပြီး စစ်တပ်အကြီးအကဲလည်း ဖြစ် လက်ရှိ သမ္မတလည်း ဖြစ်တဲ့ Abdel Fatah al-Sisi ရာထူးရယူခဲ့ပြီး တလအကြာမှာ ဆန္ဒပြခဲ့ပါတယ်။
ဒီလို ဆန္ဒပြခဲ့ရာမှာ အီဂျစ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လူစုခွဲခဲ့ပြီး ရာနဲ့ချီတဲ့လူတွေကို ဖမ်းဆီးခဲ့ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အီဂျစ်လုံခြုံရေး တပ်ဖွဲ့တွေက အနည်းဆုံး လူ ၈၀ဝ ကျော် သတ်ဖြတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အစိုးရကတော့ ဆန္ဒပြသူအများစုက လက်နက်ကိုင်ထားပြီး ရဲတပ်ဖွဲ့ဝင် ၄၃ ဦး အသတ်ခံရတယ်လို့ ဆိုပါတယ်။ ဒီနောက် Muslim Brotherhood အဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဇူလိုင်လကနေ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း စစ်တပ် အရာရှိ တွေရဲ့အကြမ်းဖက် နှိမ်နှင်းခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အပြစ်ပေး အရေးယူတာကို အီဂျစ် လွှတ်တော်က ဒီနှစ်အစောပိုင်းက ကင်းလွတ်ခွင့် ပြုထားပါတယ်။