အခန်းမှားဝင် သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ရဲဝန်ထမ်းအမျိုးသမီးကို စွဲချက်တင်

ရဲဝန်ထမ်းအမျိုးသမီး Amber Guyger
ဓာတ်ပုံ ပုံစာ,

ရဲဝန်ထမ်းအမျိုးသမီး Amber Guyger

မိမိရဲ့ နေအိမ်အခန်း ထင်ပြီး၊ အိမ်ထဲ ဝင်ပြီးတဲ့နောက် အမျိုးသား တစ်ဦးကို သေနတ်နဲ့ ပစ်သတ် ခဲ့တဲ့ တက္ကဆက်က ရဲဝန်ထမ်း အမျိုးသမီးကို လူသတ်မှုနဲ့ စွဲချက် တင်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၀ နှစ် အရွယ် ရဲဝန်ထမ်းအမျိုးသမီး Amber Guyger ဟာ သူရဲ့ ကိုယ်ပိုင် တိုက်ခန်းလို့ ထင်မှတ်ပြီး ဝင်ခဲ့တဲ့ အခန်းမှာ မသင်္ကာဖွယ် လူတစ်ယောက်ကို တွေ့ရှိချိန်မှာပဲ သေနတ်နဲ့ ပစ်ခတ် ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒီဖြစ်ရပ်ရဲ့ ဓားစာခံ နေအိမ် အခန်းပိုင်ရှင် အမျိုးသား အသက် ၂၆ နှစ် အရွယ် Botham Jean ဟာ သေနတ် ဒဏ်ရာ တွေနဲ့ သေဆုံးခဲ့ ပါတယ်။

သေဆုံး သွားတဲ့ ဓားစားခံ အမျိုးသားဟာ ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်ပြီး Arkansas တက္ကသိုလ်က ဘွဲ့ရရှိထားသူ လည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် အတွင်းမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တာပါ။

ဓာတ်ပုံ ပုံစာ,

ဓားစာခံ Botham Jean

ရဲဝန်ထမ်း လုပ်သက် ၄ နှစ် ရှိပြီဖြစ်တဲ့ Amber Guyger ဟာ ဒီဖြစ်ရပ်ကြောင့် ထိန်းသိမ်း ခံခဲ့ ရပေမယ့် ဒေါ်လာ သုံးသိန်း တင်ပြီး အာမခံနဲ့ ပြန်လွတ်ခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ ကတော့ Amber Guyger ကို ထိရောက်တဲ့ အရေးယူ မှုတွေ ပြုနိုင်ဖို့ တောင်းဆိုနေ ပါတယ်။

အခင်းဖြစ်ချိန်မှာ Amber Guyger ဟာ သူရဲ့ တာဝန်ချိန် ပြီးဆုံးလို့ နေအိမ်ကို ပြန်လာပြီး ရဲဝတ်စုံကိုတောင် မလဲ ရသေးဘူးလို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

သူရဲ့ အခန်းထဲကို လူစိမ်းတစ်ယောက် ခိုးဝင်နေတယ်လို့ ယုံကြည်ပြီး Botham Jean ကို သေနတ်နဲ့ ပစ်ခဲ့တာလို့လည်း သူက ပြောပါတယ်။

ဒီနောက်မှာတော့ အရေးပေါ်ဌာနကို သူကိုယ်တိုင် ဖုန်းဆက် အကြောင်းကြားပေမယ့် သေနတ်ဒဏ်ရာတွေနဲ့ Botham Jean သေဆုံးသွားပါတယ်။

Amber Guyger ကို အခင်းဖြစ်ပြီးချိန်မှာ အရက်သောက်ထား မထား၊ မူးယစ်ဆေး သုံးထားမှု ရှိမရှိကို စစ်ဆေး စမ်းသပ်ခဲ့ တယ်လို့ ဆိုပါတယ်။