အစ္စရေးနဲ့ မြန်မာ လက်နက်အရောင်းအဝယ်ကို စုံစမ်းဖို့ တက်ကြွလှုပ်ရှားသူပြော

ဓာတ်ပုံ ရင်းမြစ်, Senior General Min Aung Hlaing / Facebook
အစ္စရေးသမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးနေတဲ့ အစ္စရေးအစိုးရ တာဝန်ရှိပုဂ္ဂိုလ်နဲ့ လက်နက်ကုမ္ပဏီတချို့ကို စုံစမ်းစစ်ဆေးဖို့ အစ္စရေးလူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
လူမျိုးတုန်း သတ်ဖြတ်မှု၊ လူမျိုးစု သုတ်သင်ရှင်းလင်းရေးနဲ့ စွပ်စွဲခံရတဲ့ မြန်မာနိုင်ငံကို လက်နက်တွေရောင်းပေးတဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ လက်နက်ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးဖို့ အခုလို အစ္စရေး လူ့အခွင့်အရေးလုပ်ရှားသူ ၂၃ ယောက်က ရှေ့နေချုပ်ကို စာရေးတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရမယ့် သူတွေထဲမှာ မြန်မာနိုင်ငံအခြေစိုက် အစ္စရေးသံအမတ် အပါအဝင် လက်နက်ကုမ္ပဏီတွေဖြစ်တဲ့ SIBAT နဲ့ EFI တာဝန်ရှိသူတွေနဲ့ တခြားအစ္စရေး လက်နက်ရောင်းဝယ်သူတွေလည်း ပါပါတယ်။
လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကို အစ္စရေးအစိုးရ ထိပ်တန်းအရာရှိတွေရဲ့ ခွင့်ပြုချက်နဲ့ အစ္စရေးကုမ္ပဏီတွေက လက်နက်တွေရောင်း ပေးနေပြီး စစ်သင်တန်းတွေကိုလည်း ပို့ချပေးနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
မြန်မာလုံခြုံရေး တပ်ဖွဲ့တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကို လက်နက်သဖွယ် အသုံးပြုတယ်လို့လည်း စွပ်စွဲထားပါတယ်။
တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာအစိုးရ တပ်ခေါင်းဆောင်တချို့ကို လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားအပေါ် ရာဇဝတ်မှု ကျူးလွန်မှုနဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ ရုံးတင်စစ်ဆေးဖို့ မကြာသေးခင်က ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့က တောင်းဆိုထားပါတယ်။
၂၀၁၅ စက်တင်ဘာလမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစ္စရေးနိုင်ငံကို သွားရောက်ခဲ့ပြီး လက်နက်စက်ရုံ တချို့ကို လိုက်လံကြည့်ရှုခဲ့ပြီး စစ်ပစ္စည်းတချို့ ဝယ်ယူခဲ့ပါတယ်။ အဲဒီတုန်းကလည်း မြန်မာကိုလက်နက်ရောင်းချတာ ရပ်တန့်ဖို့ အစ္စရေးရှေ့နေတချို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးအစိုးရက လျစ်လျူရှုခဲ့တယ်လို့ အစ္စရေးရှေ့နေနဲ့ လှုပ်ရှားသူတွေက ဆိုပါတယ်။