ရုရှားရဲ့ စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု

Image caption တင့်ကားပေါင်း သုံးသောင်းခြောက်ထောင် ပါဝင်မယ်

ရုရှားနိုင်ငံဟာ စစ်အေးခေတ် နောက်ပိုင်း အကြီးမားဆုံး ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းကို စစ်သည်အင်အား ၃ သိန်း ဝန်းကျင်နဲ့ ဆိုက်ဘေးရီးယား အရှေ့ဘက်ပိုင်းမှာ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဗော့စတော့ ၂ဝ၁၈ လို့ နာမည် ပေးထားတဲ့ ဒီ စစ်ရေးလေ့ကျင့်ခန်းထဲ တရုတ် နိုင်ငံလည်း ပူးပေါင်း ပါဝင်ပါတယ်။

တရုတ်က သူတို့စစ်တပ်ရဲ့ သံချပ်ကာကားတွေ၊ လေယာဉ်ပျံတွေ အပါအဝင် စစ်သည်အင်အား သုံးထောင့်နှစ်ရာလည်း ဗော့စတော့ ၂ဝ၁၈ ထဲ ပါဝင်ဖို့ စေလွှတ်ထားပါတယ်။

မွန်ဂိုလီယားကလည်း တပ်အင်အား တချို့ စေလွှတ်ပါတယ်။

ရုရှားက အခုလောက် အင်အား ပမာဏမျိုးသုံးပြီး စစ်ရေးလေ့ကျင့်ခန်း နောက်ဆုံးလုပ်ခဲ့တဲ့ အချိန်ဟာ စစ်အေးခေတ်ကာလ ၁၉၈၁ တုန်းက ဖြစ်ပါတယ်။

နေတိုး စစ်ရေး မဟာမိတ်အဖွဲ့နဲ့ ရုရှားအကြား တင်းမာမှုတွေ မြင့်တက်နေချိန် ရုရှားက အခုလိုမျိုး စစ်ရေး လေ့ကျင့်ခန်းကို သီတင်းတစ်ပတ်ကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Image caption တရုတ် ရုရှား ဆက်ဆံရေး နွေးထွေး ကောင်းမွန်နေ

ရုရှား-တရုတ် စစ်ရေး လေ့ကျင့်ခန်း စတင်ချိန်မှာပဲ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင်းပင်တို့ဟာ ဗလာဒီဗော့စတော့မြို့ ဖိုရမ်အစည်းအဝေးမှာ တွေ့ဆုံခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်အကြား နိုင်ငံရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေး ကဏ္ဍတွေမှာ အပြန်အလှန် ယုံကြည် စိတ်ချမှု ရှိကြတယ် ဆိုပြီး သမ္မတပူတင်က ပြောခဲ့ပါတယ်။

၂ဝ၁၄မှာ ရုရှားက ခရိုင်းမီးယားကို သူတို့ပိုင်နက် အဖြစ် ဆွဲသွင်းခဲ့ပြီးကတည်းက အမေရိကန် လွှမ်းမိုးထားတဲ့ အဖွဲ့ဝင် ၂၉ နိုင်ငံပါ နေတိုးအဖွဲ့နဲ့ ရုရှားအကြား ဆက်ဆံရေး ပိုပြီး ဆိုးရွား လာပါတယ်။

ရုရှားနိုင်ငံအပေါ် ဦးတည်ပစ်မှတ်ထားတဲ့ ရန်လိုမှုတွေနဲ့ လိုက်လျောညီထွေစွာပဲ အခုလို စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ရတာ ဖြစ်တယ်လို့ ရုရှား အစိုးရရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီ ပက်ရှ်ကော့ဗ်က ပြောပါတယ်။

Image caption ကြည်း ရေ လေ တပ်ပေါင်းစုံ ပါဝင်မယ်
Image caption နေးတိုးနဲ့ တင်းမာနေချိန် ပြုလုပ်

စစ်ရေးလေ့ကျင့်ခန်းအတွင်း ဘာတွေ လုပ်ဆောင်ကြမလဲ

စက်တင်ဘာ ၁၁ နဲ့ ၁၂၊ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့ နှစ်ရက် အချိန်ယူပြီး လိုအပ်တာတွေ စီစဉ်မှာ ဖြစ်ပါတယ်။ ပြီးတော့မှ ပစ်တာ ခတ်တာ ချီတက်တာမျိုးလို တကယ့် စစ်ရေးလေ့ကျင့်တာတွေ ငါးရက်ကြာ ပြုလုပ်ကြမှာ ဖြစ်တယ်လို့ ရုရှား စစ်ရေး ဦးစီးချုပ်အဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗလျာရီ ဂရားစီးမော့ဗ်က ပြောပါတယ်။

ဗော့စတော့ ၂ဝ၁၈ စစ်ရေး လေ့ကျင့်ခန်း အတွင်း တင့်ကားပေါင်း သုံးသောင်း ခြောက်ထောင် နဲ့အတူ လူတင် သံချပ်ကာ ကားတွေ၊ တိုက်ခိုက်ရေး သံချပ်ကာကားတွေလည်း ပါဝင်မှာ ဖြစ်ပြီး လေယာဉ်၊ ရဟတ်ယာဉ် အစင်းရေ တစ်ထောင်ကျော်လည်း ပါဝင်မယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန် ထားပါတယ်။

ဒီ စစ်ရေး လေ့ကျင့်ခန်းဟာ မြေပြင် စစ်ရေး လေ့ကျင့်ကွင်း ငါးခု၊ လေတပ်စခန်း ၄ ခုနဲ့ ရုရှား ရေတပ်အုပ်စု နှစ်ခုရဲ့ စစ်ရေယာဉ် အစင်း ၈ဝ လေ့ကျင့်ကြမယ့် ဂျပန်ပင်လယ်ပြင်၊ ဘဲရင်း ရေလက်ကြားနဲ့ အိုကော့စ် ပင်လယ်တို့မှာ ဖြန့်ကျက် လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဂျပန်မြောက်ပိုင်း ကိုရီရယ်ကျွန်းစု အနီးကိုတော့ သွားမှာ မဟုတ်ဘူးလို့ ရုရှားက ပြောထားပါတယ်။

တရုတ်နဲ့ ရုရှား၊ မွန်ဂိုလီယားနဲ့ရုရှား နယ်စပ်တွေမှာ ပြုလုပ်ကြမယ့် စစ်ရေး လေ့ကျင့်ခန်းတွေ မှာတော့ လေထီး တပ်မ ၃ ခုက အဓိက အခန်းကဏ္ဍကနေ ပါဝင်မှာ ဖြစ်တယ်လို့လည်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနပိုင် ဇဗက်ဇ်ဒါ ရုပ်သံက ပြောပါတယ်။

ဒီ စစ်ရေးလေ့ကျင့်ခန်းတွေ ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူအင်အား ထောင်ပေါင်းများစွာ ပါဝင်တဲ့ တပ်ဖွဲ့တွေကို မိုင်ထောင်ချီ ဝေးတဲ့ ရုရှားရဲ့ အရှေ့ဘက်ပိုင်း ဒေသတွေမှာ အလျင်အမြန် နေရာချ နိုင်စွမ်းရှိဖို့ လေ့ကျင့်တာ ဖြစ်တယ်လို့လည်း ဇဗက်ဇ်ဒါ ရုပ်သံက ကြေညာပါတယ်။

ဗော့စတော့ ၂ဝ၁၈ မှာ ပြုလုပ်မယ့် စစ်ရေး ပမာဏဟာ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း အဓိက တိုက်ပွဲကြီးတွေ ဆင်နွှဲခဲ့စဉ်တုန်းက ပမာဏလောက်ထိ လူအား လက်နက်အား နေရာချတာမျိုး ဖြစ်ပါတယ်။

အခုလောက် ပမာဏ မကြီးမားတဲ့ စစ်ရေး လေ့ကျင့်မှုမျိုးကို ရုရှားက ဘေလာရုစ်နဲ့ တွဲပြီး မနှစ်တုန်းက ပြုလုပ် ခဲ့ပါသေးတယ်။

Image caption ခေတ်သစ် တပ်မျိုး တည်ဆောက်နိုင်ဖို့ သမ္မတ ပူတင်က အလေးထား

အခုချိန်မှာ ဘာလုပ် လေ့ကျင့်ရတာလဲ

ရုရှားမှာ နျူကလီယားဒုံးကျည် လက်နက်ဆန်းတွေ ပိုင်ဆိုင်တာမျိုး အပါအဝင် ခေတ်သစ် တပ်မျိုး တည်ဆောက်နိုင်ဖို့ သမ္မတ ပူတင်က အလေးထား နေပါတယ်။

ရုရှားမှာ စစ်သည်အင်အား တစ်သန်း ဝန်းကျင် ရှိတယ်လို့ ယူဆရပါတယ်။

ရုရှားတပ်ဖွဲ့တွေနဲ့ ကွပ်ကဲရေး ဌာနချုပ်တွေကြား စစ်ဆင်ရေး စီမံခန့်ခွဲမှု၊ ပူးပေါင်း ဆောင်ရွက်မှု အားမနည်းစေဘဲ တိုက်ပွဲဝင်ဖို့ရာ အသင့်အနေထား ရှိရမယ် ဆိုတဲ့ ရည်မှန်းချက်ကို ရုရှားက အသားပေး အလေးထားနေတယ် ဆိုပြီး ရုရှားရဲ့ ဆီနိတ်တာ အမတ်လည်းဖြစ်၊ အရံတပ် အင်အားရဲ့ ဗိုလ်မှူးကြီး ရာထူး ရရှိ ထားသူလည်း ဖြစ်တဲ့ ဖရန်စ် ကင့်ဆီဗစ်ချ်က ပြောပါတယ်။

ဘာလို့ တရုတ်က ပူးပေါင်း ပါဝင်ရတာလဲ

ရုရှားနဲ့ တရုတ်ကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုပြီး ပြုလုပ်ခြင်းအားဖြင့် လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်ခံရမှု အဖုံဖုံကို ပူးပေါင်းတုံ့ပြန် နိုင်စွမ်းလည်း တိုးတက်လာလိမ့်မယ် ဆိုပြီး တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်ခံရမှု အမျိုးမျိုးလို့ ဆိုပေမယ့် ဘယ်လို ခြိမ်းခြောက်မှုမျိုးလဲ၊ ဘယ်သူက ခြိမ်းခြောက်တာလဲ ဆိုတာတွေကိုတော့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက အတိအကျ မပြောပါဘူး။

မွန်ဂိုလီယားအနေနဲ့ကတော့ သူတို့တပ်တွေ ဒီ စစ်ရေး လေ့ကျင့်ခန်းထဲ ဘာလို့ ပါဝင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်တာမျိုး မလုပ်ပါဘူး။

Image caption တရုတ် ရုရှား ဆက်ဆံရေး ကောင်းမွန်

ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှေဂူးကတော့ ဗဟိုအာရှဒေသက အစ္စလာမ်မစ် အစွန်းရောက် ဝါဒဟာ ရုရှား လုံခြုံရေးကို အဓိက ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

တရုတ်အနေနဲ့လည်း မွတ်ဆလင်တွေ အဓိက နေထိုင်တဲ့ ရှင်ကျန်းဒေသမှာ လုံခြုံရေး အင်အား အကြီးအကျယ် ချထားပြီး အတော်လေး တင်းကြပ်ထားပါတယ်။

ရှင်ကျန်းမှာဆိုရင် သွေးထွက်သံယို အကြမ်းပတမ်း ဖြစ်ရပ်တွေ အခုနှစ်တွေ အတွင်း ပေါ်ပေါက် လာနေပြီး တရုတ် အာဏာပိုင်တွေကလည်း အင်အားသုံး ဖြိုခွဲလေ့ရှိပါတယ်။

ရှင်ကျန်း ဒေသ မတည်မငြိမ် ဖြစ်နေတာဟာ အစ္စလာမ်မစ် လက်နက်ကိုင်တွေ၊ ခွဲထွက်ရေး ဝါဒီတွေကြောင့် ဖြစ်နေရတာလို့ တရုတ်အစိုးရက ပြောဆိုလေ့ ရှိပါတယ်။

တရုတ်-ရုရှား ဆက်ဆံရေး ဘာလို့ နွေးထွေး ကောင်းမွန်နေတာလဲ

ကမ္ဘာ့ နိုင်ငံရေး ဇာတ်ခုံမှာ အမေရိကန်ရဲ့ လွှမ်းမိုး ဩဇာသက်ရောက်မှုကို တန်ပြန်နိုင်ဖို့ ရုရှားနဲ့ တရုတ်တို့ နီးကပ်တဲ့ ဆက်ဆံရေးမျိုး ထူထောင် ထားရှိတာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

စစ်ရေး ပူးပေါင်း ဆောင်ရွက်တာတင်မက စီးပွားရေး ကဏ္ဍမှာလည်း ရုရှားနဲ့ တရုတ်အကြား ပို ပူးပေါင်း လုပ်ဆောင် လာကြတာမှာ ၂ဝ၁၇ မှာဆိုရင် ရုရှားနိုင်ငံထဲ တရုတ်ရဲ့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၇၂ ရာခိုင်နှုန်း အထိ တိုးတက် ခဲ့ပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်ရေးမှာတော့ တရုတ်ရဲ့ ကုန်တွေ အခွန် တိုးမြှင့် ခံရလို့ တရုတ်က လက်တုံ့ပြန်တာမျိုးလို ပြဿနာတွေ ရှိနေတဲ့ အတွက် ရုရှားဟာ တရုတ်ရဲ့ အရေးပါတဲ့ ကုန်သွယ်ဘက် နိုင်ငံ အဖြစ် ပိုပြီး ရောက်ရှိလာပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကန်နဲ့ ရုရှား အနာဂတ် ဆက်ဆံရေး

လက်ရှိ အခြေအနေကို ကြည့်ရင် ကုန်သွယ်ရေးမှာ ရုရှားဟာ တရုတ်ရဲ့ ၉ နိုင်ငံမြောက် အကြီးမားဆုံး ဖြစ်လာတာ တွေ့ရပါတယ်။

ရုရှားဟာ တရုတ်ကို ရေနံ အဓိက တင်ပို့တဲ့ နိုင်ငံ ဖြစ်လာသလို၊ ရုရှားရဲ့ အဓိက စွမ်းအင် ကုမ္ပဏီကြီး ဂက်ဇ်ပရွန်လည်း တရုတ် နိုင်ငံထဲ ဓာတ်ငွေ့ပိုက်လိုင်း အရှည်လျားဆုံး သွယ်တန်း ထားရှိတဲ့ အကြီးဆုံး စွမ်းအင် ကုမ္ပဏီ ဖြစ်လာပါတယ်။

ဂက်ဇ်ပရွန်ဟာ ဆိုက်ဘေးရီးယားကနေ တရုတ်နယ်စပ်အထိ မိုင်ပေါင်း တစ်ထောင့် ရှစ်ရာကျော် ရှည်လျားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်း နေပါတယ်။

သမ္မတပူတင်နဲ့ သမ္မတရှီတို့ရဲ့ ဆက်ဆံရေးလည်း ကောင်းမွန်နေပြီး ပြီးခဲ့တဲ့ ဇွန်လကဆိုရင် ရုရှား သမ္မတဟာ သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်တယ်လို့ သမ္မတရှီက ပြောဆိုခဲ့ပါတယ်။

ရုရှားနဲ့ တရုတ် ဆက်ဆံရေးဟာ စစ်အေး ခေတ်နဲ့ နှိုင်းယှဉ်ရင် အင်မတန် ကွာခြားသွားတာ ဖြစ်ပါတယ်။

အဲဒီတုန်းကတော့ တရုတ်နဲ့ ဆိုဗီယက် ယူနီယံဟာ ကမ္ဘာ့ ကွန်မြူနစ် လောကရဲ့ ဦးစီး ဦးဆောင် နေရာကို ရဖို့ အပြင်းအထန် ယှဉ်ပြိုင်ခဲ့ကြပြီး အရှေ့ဘက်ပိုင်း နယ်ခြား ဒေသတွေမှာ ထိပ်တိုက်တွေ့တဲ့အထိ ဆက်ဆံရေး တင်းမာ ခဲ့ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ယူကရိန်း အရှေ့ပိုင်းမြို့ လက်နက်ကြီးဒဏ် ခံရ

အခု စစ်ရေးလေ့ကျင့်တဲ့ အပေါ် နေတိုး ဘာပြောလဲ

ဗော့စတော့ ၂ဝ၁၈ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်မယ့် အကြောင်း ပြီးခဲ့တဲ့ မေလတုန်းက သိရှိ လာရတာဖြစ်ပြီး နေတိုးအနေနဲ့ စောင့်ကြည့် သွားမယ်လို့ ပြောခွင့်ရ ဒီလန်ဝှိုက်က ပြောပါတယ်။

"နိုင်ငံတိုင်း သူတို့ရဲ့ လက်နက်ကိုင်တပ်တွေကို စစ်ရေး လေ့ကျင့်တာမျိုး ပြုလုပ်ခွင့် ရှိပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှု ရှိဖို့ အင်မတန် အရေးကြီးတယ်" လို့လည်း မစ္စတာဝှိုက် က ဆိုပါတယ်။

"အခု ဗော့စတော့ လေ့ကျင့်ခန်းဟာ စစ်အင်အား ပမာဏကြီးမားတဲ့ တိုက်ပွဲတွေ အပေါ် ရုရှားက အာရုံစိုက်နေတယ် ဆိုတဲ့ အချက်ကို ထင်ဟပ်နေတယ်။ အခု နောက်ပိုင်း ရုရှားက စစ်ရေး အသုံးစားရိတ်ကို အကြီးအကျယ် တိုးမြှင့်နေသလို၊ တပ်နေရာချမှုလည်း တိုးမြှင့် လုပ်ဆောင်နေတယ်" လို့ မစ္စတာဝှိုက်က ပြောပါတယ်။

ယူကရိန်း အရေးမှာ ရုရှားက ကြားဝင် စွက်ဖက်တာတွေ လုပ်ခဲ့ပြီး ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေကို ကျောထောက်နောက်ခံ ပြုပေးခဲ့တဲ့နောက် နေတိုးနဲ့ ရုရှားကြား တင်းမာမှုတွေ မြင့်တက် လာခဲ့ပါတယ်။

နေတိုးဘက်ကလည်း အရှေ့ဥရောပ တလွှားမှာ တပ်အသစ်တွေ ချတာမျိုး လုပ်ခဲ့ပြီး ဘောလ်တစ်ဒေသကို တပ်သား လေးထောင် စေလွှတ် ခဲ့ပါတယ်။

နေတိုးရဲ့ အဲဒီ အပြုအမူဟာ ရန်လိုတာ ဖြစ်တယ်လို့ ရုရှားက ဝေဖန်ပါတယ်။

တခါ အခုနှစ် မတ်လအတွင်း အင်္ဂလန် တောင်ပိုင်း အရပ်မှာ ရုရှား သူလျှိုဟောင်း ဆာဂေး ဆကရီပဲလ်နဲ့ သမီးဖြစ်သူတို့ အာရုံကြော အဆိပ်နဲ့ တိုက်ခိုက် ခံရတဲ့ နောက်မှာတော့ နေတိုး အဖွဲ့ဝင် နိုင်ငံတွေဟာ ရုရှား သံတမန်တွေကို အသီးသီး နှင်ထုတ် ခဲ့ကြပါတယ်။

ယူကေက အဲဒီ အာရုံကြော ဓာတု အဆိပ်ငွေ့သုံး တိုက်ခိုက်မှုကို ရုရှား စစ်ထောက်လှမ်းရေးက ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုထားပြီး၊ ရုရှားအစိုးရတော့ သူတို့နဲ့ မပတ်သက်ဘူး ဆိုပြီး ငြင်းဆို ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ယူကရိန်း ရှေ့တန်း တနေရာက အခြေအနေ

ဒီသတင်းနဲ့ပတ်သက်သမျှ