ရေချိုသုံးစွဲမှု ပမာဏနဲ့ အစားအသောက်ပုံစံ ဘယ်လို ဆက်စပ်နေလဲ

Image caption အသီးအရွက်ပဲ စားတော့မယ် ဆိုရင် ရေသုံးစွဲမှု ၅၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် အဟာရမျိုးကို ပြောင်းလဲ စားသုံးရင် အစားသောက်ထုတ်လုပ်တဲ့ အခါ သုံးစွဲရတဲ့ ရေပမာဏကိုလည်း ၅၅ ရာခိုင်နှုန်း ချွေတာရာ ရောက်စေတယ်လို့ လေ့လာ ဆန်းစစ်မှု အသစ်တစ်ရပ်က ဆိုပါတယ်။

တကယ်လို့ အသားမစားတော့ပဲ အသီးအရွက်သာ ပြောင်းလဲ စားတော့မယ် ဆိုရင် water footprint လို့ ခေါ်တဲ့ ရေချိုသုံးစွဲမှု ပမာဏ အလျော့နည်း နိုင်ဆုံးပဲလို့ ဆိုပါတယ်။

ဒါ့ကြောင့် လူတစ်ယောက်ချင်းစီ အတွက် ကျန်းမာရေးလည်းကောင်း၊ ရေဖြုန်းတီးမှုကိုလည်း သက်သာစေနိုင်တဲ့ အစာအဟာရမျိုးတွေပဲ ပြောင်းလဲ စားသုံးတာဟာ အားလုံးအတွက် အကျိုးရှိစေမယ့် ဝင်း-ဝင်း အခြေအနေပဲလို့ ဥရောပ ပူးတွဲ သုတေသန ကော်မရှင်က ဆိုပါတယ်။

သုတေသန လုပ်ရာကန ပေါ်ထွက်လာတဲ့ အချက်တွေ

•ယူကေမှာ လူတွေရဲ့ စားသောက်မှုကနေ ရေသုံးစွဲမှု တစ်နေ့ကို ၂၇၅၇ လီတာရှိ၊ ဂျာမနီမှာ ၂၉၂၉၊ ပြင်သစ်မှာ ၃၈၆၁။

•အသားတော့ ဆက်စား၊ ဒါပေမယ့် ကျန်းမာရေးနဲ့ ပြည်စုံစေမယ့် စားသောက်ပုံမျိုး ပြောင်းလိုက်ရင် ရေသုံးစွဲမှု ၁၁ - ၃၅ ရာခိုင်နှုန်း ကျဆင်း။

•အမဲ ကြက်ဝက် အသားမစားတော့ဘူး၊ ငါး ပုဇွန်တော့ ဆက်စားမယ်ဆို ရေသုံးစွဲမှု ၃၃ -၃၅ ရာခိုင်နှုန်း ကျဆင်း။

•အသီးအရွက်ပဲ စားတော့မယ် ဆိုရင် ရေသုံးစွဲမှု ၅၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်။

"အဓိက ပေးချင်တဲ့ သတင်းစကားကတော့ လူတွေ ကိုယ့်ကျန်းမာရေး ပိုကောင်းအောင် အစားအသောက်ပုံစံ ပြောင်းကြဖို့ပါ။ လူ့ ကျန်းမာရေးလည်း ပိုကောင်းလာမယ်၊ ကမ္ဘာပေါ် တန်ဖိုးအကြီးမားဆုံး ဖြစ်တဲ့ ရေချို သဘာဝ ရင်းမြစ်ကိုလည်း ထိန်းသိမ်းရာရောက်မယ်" လို့ အီတလီနိုင်ငံ၊ အက်စ်ပရာမြို့မှာ ရှိတဲ့ ဥရောပ ပူးတွဲ သုတေသန ကော်မရှင်အဖွဲ့က ဒေါက်တာ ဒေဗီ ဗင်ဟမ်က ပြောပါတယ်။

အစားအသောက် ထုတ်လုပ်ရာမှာ ရေပမာဏ ဘယ်လောက်ကို သုံးစွဲရတယ် ဆိုတဲ့ အပေါ် လူတွေ အာရုံစိုက် အလေးထားမှု နည်းလွန်းလှပါတယ်။ မွေးမြူရေး လုပ်ငန်းတွေမှာ ဆိုရင် ရေပမာဏ အမြောက်အများ သုံးစွဲရသလို ဆီနဲ့ သကြားတို့လို ပစ္စည်းတွေ ထုတ်လုပ် ရာမှာလည်း ရေချို သုံးစွဲရတဲ့ ပမာဏ မနည်းလှပါဘူး။

Image caption အသီးအရွက်ကို ပြောင်းစားဖို့ ဥရောပ သုတေသီတွေ တိုက်တွန်း

အသီးအနှံ စိုက်ခင်းတွေမှာ သုံးစွဲရတဲ့ ရေပမာဏကတော့ အသားနဲ့ အဆီ ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးကြောင်း သုတေသနက ဖော်ပြ နေပါတယ်။

အသား စားတာတွေ လျှော့ပြီး ပင်လယ်စာနဲ့ အသီးအရွက်ကို အားပြု စားရင် လူလည်း ကျန်းမာမယ်၊ ရေကို ချွေတာပြီး သဘာဝ ထိန်းသိမ်းရာလည်း ရောက်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောနေတာ ဖြစ်ပါတယ်။

ဥရောပမှာ အမဲ ဆိတ်တို့လို အသားတွေ စားတာမျိုး၊ သကြားနဲ့ အဆီ စားတာမျိုး လွန်ကဲနေပြီး အသီးအရွက်ကိုတော့ စားသင့်စားထိုက်သလောက် မစားကြတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

လူတွေရဲ့ စားသောက်ပုံ အမူအကျင့်တွေကို လွယ်လွယ်နဲ့ ပြောင်းနိုင်ဖို့ မလွယ်ကြောင်းလည်း ပညာရှင်တွေ မျက်မှောက်ပြုထားပါတယ်။

ဒါ့ကြောင့် အစားအသောက်ပုံစံ ပြောင်းလာအောင် တွန်းအားဖြစ်စေဖို့ ကျန်းမာရေးနဲ့ မညီညွတ်စေတဲ့ အရာတွေဆို အခွန်တိုးတာမျိုးကအစ၊ အစားအသောက်တွေကို ထုပ်ပိုးတဲ့ အခါမှာလည်း ပါဝင်တဲ့ အဟာရနဲ့ ပတ်သက်ပြီး ပိုလို့ တိကျ ပြည့်စုံတဲ့ စာတန်းထိုး တံဆိပ်ကပ်တာမျိုး ပြုလုပ်သင့်တယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။