ဖိလစ်ပိုင်မှာ ၂၀၁၈ ခုနှစ် အတွက် အဆိုးဝါးဆုံး မုန်တိုင်း ဝင်လာဖို့ ရှိ

ဓာတ်ပုံ မူပိုင် EPA
Image caption မုန်တိုင်း မလာခင် ကယ်ဆယ်ရေး သမားတွေက ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေ

ဖိလစ်ပိုင်နိုင်ငံကို ဆူပါ တိုင်ဖွန်း မုန်တိုင်းကြီးတခု ဦးတည်လာနေတဲ့အတွက် ကမ်းရိုးတန်းဒေသတွေကနေ လူတွေ ဘေးလွတ်ရာ စတင် ရွှေ့ပြောင်း နေကြပြီ ဖြစ်ပါတယ်။

မန်ခွတ် လို့ အမည်ပေးထားတဲ့ အဲဒီ တိုင်ဖွန်း မုန်တိုင်းဟာ အခု သီတင်းပတ်ကုန်မှာ လူဇွန်ကျွန်းရဲ့ မြောက်ပိုင်းဖျားကို တနာရီကို မိုင် ၁၆၀ နှုန်းနဲ့ ကျရောက်လာဖို့ ရှိပါတယ်။

စာသင်ကျောင်းတွေနဲ့ ရုံးတွေကို ပိတ်ထားလိုက်ပြီး လယ်သမားတွေလည်း သူတို့ရဲ့ စိုက်ခင်းတွေ မပျက်စီးခင် တက်သုတ်ရိုက် ရိတ်သိမ်းတာတွေ လုပ်နေကြပါတယ်။

မုန်တိုင်း ကျမယ့် လမ်းကြောင်း တလျှောက်မှာ လူ ၁၀ သန်းလောက် နေထိုင်နေကြပြီး တောင်ပိုင်း တရုတ် ကမ်းရိုးတန်း ဒေသမှာလည်း လူတွေ သန်းနဲ့ချီ ရှိနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ တနှစ်ကို တိုင်ဖွန်းနဲ့ မုန်တိုင်းပေါင်း ၂၀ လောက် တိုက်ခတ် ခံရလေ့ ရှိပါတယ်။

အခု မန်ခွတ် တိုင်ဖွန်းဟာ ၂၀၁၈ ခုနှစ်အတွင်း လောလောဆယ် အားအပြင်းဆုံး မုန်တိုင်း ဖြစ်မယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မုန်တိုင်းဒဏ်ကြောင့် လှိုင်းလုံး အမြင့် ၂၃ ပေအထိ မြင့်တက်နိုင်ပြီး မိုးသည်းထန်မှုတွေကြောင့် ရုတ်တရက် ရေကြီး မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်လို့ အာဏာပိုင်တွေက ကြိုတင် သတိပေးထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မန်ခွတ် တိုင်ဖွန်းဟာ ၉၀၀ ကီလိုမီတာ ကျယ်ပြန့်နိုင်

မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံး ရင်ဆိုင်ရမယ့် ဆင်းရဲသား ၈ သိန်းကျော်လောက်အတွက် အကြီးအကျယ် စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ လူအသေအပျောက် အများဆုံး တိုင်ဖွန်း ကတော့ ၂၀၁၃ ခုနှစ်တုန်းက လူ ငါးထောင်ကျော် သေဆုံးခဲ့တဲ့ ဟိုင်ယန် တိုင်ဖွန်း မုန်တိုင်း ဖြစ်ပါတယ်။

မန်ခွတ် တိုင်ဖွန်းဟာ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးဆီ ဆက် ရွေ့လျားသွားဖို့ ရှိပါတယ်။

ဟောင်ကောင် တောင်ပိုင်းအရပ်ကို သီတင်းပါတ်ကုန် နှောင်းပိုင်းကျမှ မန်ခွတ် တိုင်ဖွန်း ဖြတ်ကျော်သွားဖို့ ရှိပေမယ့် အခုကတည်းက ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေပါပြီ။

ဆက်စပ် အကြောင်းအရာများ