ဟာရီကိန်း ဖလောရင့်ကြောင့် သေဆုံးသူ ၅ ဦး ထိ ရှိလာ

USA ဓာတ်ပုံ မူပိုင် Reuters
Image caption အိမ်ခြေ တစ်သိန်း လောက်မှာ လျှပ်စစ်မီး ပြတ်တောက်မှု တွေလည်း ဖြစ်ပေါ် နေ

အမေရိကန် နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ဒေသမှာ ဖြစ်ပေါ် နေတဲ့ ဟာရီကိန်း မုန်တိုင်း ဖလောရင့် ကြောင့် ထိခိုက် သေဆုံး ခဲ့ရသူ အနည်းဆုံး ၅ ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။

တောင် နဲ့ မြောက် ကာရိုလိုင်းနား ဒေသ က အိမ်ခြေ တစ်သိန်း လောက်မှာ လျှပ်စစ်မီး ပြတ်တောက်မှု တွေလည်း ဖြစ်ပေါ် နေပါတယ်။

လောလောဆယ်မှာ တော့ ဟာရီကိန်း မုန်တိုင်း အဆင့် ကနေ မုတ်သုံ မုန်တိုင်း ငယ် အဆင့် ကို လျော့ချ လိုက်ပြီး ဖြစ်ပေမယ့် အင်အားပြင်းထန် တဲ့ မုန်တိုင်း တခု အဖြစ် ရှိနေဆဲ ဖြစ်တယ်လို့ မိုးလေဝသ ကျွမ်းကျင် သူတွေ က ပြောဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လေတိုက်နှုန်း မိုင် ၇၀ နှုန်း နဲ့ ရက် အတော်ကြာအောင် ဆက်လက် ဖြစ်ပေါ် နိုင်

အဲဒီ မုန်တိုင်း ဟာ တနာရီကို လေတိုက်နှုန်း မိုင် ၇၀ နှုန်း နဲ့ ရက် အတော်ကြာအောင် ဆက်လက် ဖြစ်ပေါ် နိုင်ပြီး ထိခိုက် သေဆုံး နိုင်တဲ့ မုန်တိုင်း အဆင့် ဖြစ်တယ်လို့ လို့လည်း သူတို့ က ပြော ပါတယ်။

ကယ်ရိုလိုင်းနား ပြည်နယ် တွေက မုန်တိုင်း ဒဏ် ခံရနိုင်တဲ့ ဒေသ တွေက လူ ၁ သန်း ကျော် ဆီကို သတိပေး ချက် တွေ ပေးပို့ ထားပြီး ဖြစ်ကြောင်း အစိုးရ တာဝန် ရှိသူ က ပြောပါတယ်။

ဟာရီကိန်း မုန်တိုင်း ဖလောရင့် ကြောင့် ထိခိုက် သေဆုံး ခဲ့ရသူ ၅ ဦး လုံးဟာ မြောက် ကာရိုလိုင်း နား ဒေသ က ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Image caption အန္တရာယ် ကြီးမားတဲ့ မုန်တိုင်း အဖြစ် ဆက်လက် ရှိနေမယ်

မုန်တိုင်း အားပျော့ပြီး အဆင့်သတ်မှတ်ချက် လျော့ချ လိုက်ပြီး ဖြစ်ပေမယ့် မိုး က အဆက်မပြတ် ရွာသွန်း လျှက် ရှိနေပါတယ်။ မိုးလေဝသ ကျွမ်းကျင်သူတွေ ကတော့ ရေကြီးမှုတွေ၊ မြေပြိုမှုတွေ ဆက်လက် ဖြစ်ပေါ် နိုင်တယ်လို့ သတိပေး ချက်တွေ ထုတ်ပြန်ထား ပါတယ်။

နောက်ပြီး အင်အားပြင်း လေတိုက်နှုန်း ရှိနေချိန်မှာ ရေကြီးမှုတွေကြောင့် လှိုင်း အသွင် သဏ္ဍန် ဖြစ်ပေါ်ပြီး အန္တရာယ် ကြီးမားတဲ့ မုန်တိုင်း အဖြစ် ဆက်လက် ရှိနေမယ်လို့လည်း ကျွမ်းကျင် သူတွေက ပြောဆို နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဟာရီကိန်း ဖလောရင့်စ်အတွက် အမေရိကန် ပြင်ဆင်