တရုတ် ကို အခွန်နှုန်းထား အသစ်တွေ ကန် ချမှတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကုန်ပစ္စည်း အမျိုးအစား ပေါင်း ခြောက် ထောင် နီးပါး ပါဝင်မှာ ဖြစ်

အမေရိကန် နိုင်ငံဟာ ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ် သွင်းကုန် ပစ္စည်းတွေအပေါ်မှာ အခွန် နှုန်းထား အသစ် တွေကို ချမှတ် ပြီး ကောက်ခံ တော့မှာပါ။

ဒါဟာ ကုန်သွယ်ရေး စစ်ပွဲ ကို တိုးမြှင့် လိုက်တာပဲ ဆိုပြီး ကျွမ်းကျင်သူ တွေ က ပြောဆို ပါတယ်။

အခု မြှင့်တင် လိုက်တဲ့ အခွန်နှုန်း ထား အသစ် ထဲမှာ ကုန်ပစ္စည်း အမျိုးအစား ပေါင်း ခြောက် ထောင် နီးပါး ပါဝင်မှာ ဖြစ်ပြီး အမေရိကန် က အကြီးဆုံး အခွန် တိုးမြှင့် ကောက်ခံမှုလည်း ဖြစ်ပါတယ်။

အဲဒီ အထဲမှာ လက်ကိုင် အိတ်၊ ဆန်နဲ့ အဝတ်အထည် ကုန်ပစ္စည်းတွေ အပေါ်မှာ အခွန် နှုန်းထား တိုးမြှင့်မှာ ဖြစ်ပေမယ့် စမတ်နာရီ တို့လို နည်းပညာ ကုန်ပစ္စည်း အချို့နဲ့ ထိုင်ခုံ အမြင့်လို ကုန်ပစ္စည်း အချို့ကတော့ အခွန် တိုးမြှင့် မယ့် အထဲမှာ မပါဝင် ပါဘူး။

တရုတ် နိုင်ငံ အနေနဲ့ ကလည်း အမေရိကန် တို့ ရဲ့ အခွန် တိုးမြှင့် ကောက်ခံ မှု ကို တုံ့ပြန် မယ်ဆိုပြီး အစဉ်တစိုက် ပြောဆို ခဲ့တာပါ။ အသစ် ချမှတ် လိုက်တဲ့ အခွန် တိုးမြှင့် မှု ကိုတော့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့ က စပြီး အခွန်နှုန်းထား အသစ် တွေ ကို စတင် ကျင့်သုံးမျာ ဖြစ်ပါတယ်။ စတင် ချိန်မှာ ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံမှာ ဖြစ်ပြီး နှစ်နိုင်ငံကြား သဘောတူညီမှု မရခဲ့ရင် နောက်နှစ် မှာ ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်ကောက်ခံမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ် သွင်းကုန် ငါးတွေကိုလည်း အခွန်တိုးမြှင့်တော့မယ်။

တရုတ် နိုင်ငံ အနေနဲ့ မျှတမှု မရှိတဲ့ ကုန်သွယ်ရေး စနစ် ကျင့်သုံးတာတွေ၊ အစိုးရ က ထောက်ပံ့မှု ပေးနေတဲ့ ကုမ္ပဏီတွေနဲ့ ပြည်တွင်း ကုမ္ပဏီတွေ နဲ့ မိတ်ဘက် နိုင်ငံရပ်ခြား ကုမ္ပဏီ တွေ နိုင်ငံတွင်း ဝင်ရောက်ရာမှာ ကျင့်သုံးတဲ့ အစိုးရ ရဲ့ ဥပဒေ တွေ ဟာ မမျှတတဲ့ အတွက် တုံ့ပြန်ရတာ ဖြစ်တယ် ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က ပြောဆို ထားပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ ဘယ်အကြောင်းအရာတွေကို ပြုပြင်ပြောင်းလဲ ရမယ် ဆိုတာ ကို အမေရိကန် နိုင်ငံအနေနဲ့ ပြောဆို ထားပြီးသားပါ။ အမေရိန်ကန် လကို မျှတစွာ ဆက်ဆံရေး လုပ်ဖို့ အတွက် ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင် ဖို့ အခွင့်အရေးလည်း ပေးထားပြီးသား ပါလို့ သမ္မတ ထရမ့် က ပြောဆိုပါတယ်။

အခုချိန် အထိတော့ တရုတ်အနေနဲ့ ကုန်သွယ်ရေး မူဝါဒ ကို ပြောင်းလဲ ဖို့ ဆန္ဒ မရှိဘူး ဖြစ်နေတယ် ဆိုပြီးတော့လည်း သူက ဆိုခဲ့ပါတယ်။

အကယ်၍ တရုတ် နိုင်ငံ အနေနဲ့ အမေရိကန် ရဲ့ အခွန် နှုန်းထား တိုးမြှင့်မှု ကို တုံ့ပြန် လာမယ် ဆိုရင်လည်း နောက် တဆင့် အနေနဲ့ တရုတ် ကုန်ပစ္စည်းတွေ အပေါ်မှာ ၂၆၇ ဘီလီယံ ဒေါ်လာ တန်ကြေး ရှိတဲ့ အခွန်နှုန်း ထား တိုးမြှင့် မှုတွေ လုပ်သွားမှာ ဖြစ်ကြောင်း သမ္မတ ထရမ့် က ပြောထားပါတယ်။

ဒေါ်နယ် ထရမ့် ရဲ့ ပြောဆိုမှု အတိုင်း လုပ်ဆောင် လာမယ် ဆိုရင်တော့ တရုတ် ရဲ့ သွင်းကုန် အတွေ အားလုံး နီးပါးဟာ ဥပဒေ သစ် အရ အခွန် ပေးဆောင်ရ တော့မယ့် အနေအထား အထိ ကို ရောက်ရှိသွားမှာပါ။

ဒီကနေ့ စတော့ ဈေးကွက် အဖွင့်မှာတော့ တရုတ် နိုင်ငံရဲ့ စတော့ ရှယ်ယာ ဈေးနှုန်းဟာ အနည်းငယ် ကျဆင်း သွားခဲ့ပါတယ်။ ဒါက အမေရိကန် ရဲ့ လုပ်ဆောင်မှု နဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူတွေ က ပြောဆိုပါတယ်။