မြန်မာ စစ်တပ် က နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက်ခဲ့တဲ့ အထောက်အထားတွေ စုဆောင်းတော့မယ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာ့သမိုင်းတလျောက် အကျပ်အတည်းအဖြစ်ဆုံး အရေးကို ကုလသမဂ္ဂမှာ ခုခံချေပရဖို့ ရှိနေ

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ က သီးခြားလွတ်လပ်တဲ့ လုပ်ငန်းစဉ်တရပ် ထူထောင်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေ စုဆောင်းထားရှိဖို့ ဆုံးဖြတ် ခဲ့ ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံတကာဥပဒေတွေ ချိုးဖောက် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထားတွေ စုဆောင်းကာ သိမ်းဆည်းထားဖို့ ရည်ရွယ်တဲ့ လုပ်ငန်းစဉ်ပါ။

အခုလို လုပ်ငန်းစဉ် လုပ်ဖို့ ကုလသမဂ္ဂ က ဆုံးဖြတ်တာကို လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေနဲ့ အတူ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် ICJ က ထောက်ခံကြိုဆိုခဲ့ပါတယ်။

ICJ ရဲ့ အဆင့်မြင့် ဥပဒေအကြံပေး မက်သရူး ပိုလတ် က ဒီလုပ်ငန်းစဉ်က မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံတကာ ဥပဒေ ကို ချိုးဖောက် ကျူးလွန်တဲ့ ပြစ်မှုတွေရဲ့ သက်သေ အထောက်အထားတွေ စုဆောင်းဖို့၊ သိမ်းဆည်းဖို့ ရည်ရွယ် ထားတာပါ။ ဒီအထောက်အထားတွေကို နောင် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတို့လို ဒါမှမဟုတ် နိုင်ငံတွေက တရားရုံးတွေမှာ တရားစွဲဆို ရုံးတင်စစ်ဆေးရာမှာ သုံးဖို့ ဖြစ်ပါတယ်။ ရာဇဝတ်မှုတခုကို စုံစမ်းစစ်ဆေးရာမှာ လုပ်တဲ့ လုပ်ငန်းစဉ် မျိုးပါပဲ။ သူတို့က တရားစွဲဆို ရုံးတင်တဲ့ အဖွဲ့တော့ မဟုတ်ပါဘူး။ သူတို့က နိုင်ငံတကာအဆင့်၊ ဒေသအဆင့်၊ နိုင်ငံအဆင့် တရားရုံးတွေက လိုအပ်ရင် အထောက်အထား ကူညီတာပဲ လုပ်မှာပါ။ ဒီလို လုပ်ငန်းစဉ် လုပ်တာက အချိန်ကြာ လာတာနဲ့ အမျှ အထောက်အထားတွေ ပျက်စီးသွားတာ၊ တမင်ဖျက်ဆီးတာမျိုးတွေ မဖြစ်ခင် အထောက်အထားတွေ ကို စုဆောင်းသိမ်းဆည်းတာလို့ ရှင်းပြပါတယ်။

ဒီလုပ်ငန်းစဉ်ဟာ လ နဲ့ချီ ကြာနိုင်တဲ့ လုပ်ငန်းစဉ်တခုဖြစ်ပေမယ့်လည်း နိုင်ငံတကာဥပဒေ ချိုးဖောက်သူတွေ ကို အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂ ရဲ့ ခြေလှမ်းဖြစ်ကြောင်း ICJ က ကောက်ချက်ချထားပါတယ်။

လူ့အခွင့်အရေးကောင်စီမှာ ဘယ်လိုမဲခွဲဆုံးဖြတ်ခဲ့ကြလဲ

စက်တင်ဘာလ ၂၇ ရက်က ဂျီနီဗာ မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့အတွက် အဖွဲ့ တခုဖွဲ့ဖို့ မဲခွဲ ခဲ့ကြပါတယ်။

လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် တွေက ၄၇ နိုင်ငံ က ကိုယ်စားလှယ်တွေ ဖြစ်ပြီး ထောက်ခံမဲ ၃၅ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၇မဲ နဲ့ ဒီအဖွဲ့ကို ဖွဲ့မယ်လို့ ဆုံးဖြတ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာဝန်ကြီး ကျော်တင့်ဆွေ နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ

ကန့်ကွက်တဲ့နိုင်ငံတွေကတော့ တရုတ်၊ ဖိလစ်ပိုင် နဲ့ ဘူရွန်ဒီ နိုင်ငံ တွေ ပါ။ ထောက်ခံမဲ ပေးခဲ့တဲ့ နိုင်ငံတွေရဲ့ အပြောအရ သူတို့နောက်ကွယ်မှာ နိုင်ငံပေါင်း ၁၀၀ ကျော်ရဲ့ ထောက်ခံမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူမျိုးတုံးအောင် ဆောင်ရွက်မှု၊ လူအမြောက်အများကို ရက်စက်စွာ ရာဇဝတ်မှုကျူးလွန်မှု စတဲ့ လုပ်ဆောင်မှုတွေလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ ရဲ့ အစီရင်ခံစာ ပြီးခဲ့တဲ့ လပိုင်းက ထွက်လာခဲ့ပြီး ဒီကျူးလွန်မှုတွေ အတွက် တာဝန်ရှိသူတွေ ဖြစ်တဲ့ မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တခြား စစ်ဗိုလ်ချုပ် ၅ ယောက် ကို အရေးယူဖို့ လိုတယ်လို့ ကုလသမဂ္ဂ ဘက်က ပြောဆိုနေတာပါ။

အဆိုပါ လုပ်ငန်းစဉ်နဲ့ အဖွဲ့ ဖွဲ့ဖို့ အဆိုမူကြမ်းကို ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ နဲ့ OIC လို့ခေါ်တဲ့ အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ က တင်ပြခဲ့ကြတာဖြစ်ပြီး မြန်မာနိုင်ငံ က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆိုင်ရာ ကိုယ်စားလှယ် ကတော့ ဒီ ဆုံးဖြတ်ချက် ဖြစ်လာတာဟာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ က တင်ပြတဲ့ အချက်အလက်တွေကို မူတည်လုပ်ဆောင်တာ ဖြစ်တယ်။

မြန်မာနိုင်ငံအနေနဲ့ ဒီအချက်အလက် တွေဟာ မမျှတဘဲ ဘက်လိုက်ရေးသား ထားတာ ဖြစ်တဲ့အတွက် ပြတ်ပြတ်သားသား ပယ်ချထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။