အားပြင်းတဲ့ ငလျင်ကြီး နောက်မှာ ဆူနာမီ က အင်ဒိုနီးရှား ပါလူမြို့ ကို သက်ရောက်ထိခိုက်

Mosque damaged by the tsunami ဓာတ်ပုံ မူပိုင် Unknown
Image caption ဆူနာမီ ကြောင့် ပျက်ဆီးသွားတဲ့ ဗလီတခု

စက်တင်ဘာလ ၂၈ ရက်နေ့ ဒေသစံတော်ချိန် ညပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ရစ်ချ်တာ စကေး ၇.၅ ပြင်းအားရှိတဲ့ ငလျင်ကြီး လှုပ်ခတ်သွားအပြီး အားကြီးတဲ့ ဆူနာမီရေလှိုင်း တွေ ဆူလာဝေဆီကျွန်း က ကမ်းရိုးတန်းမြို့တမြို့ဖြစ်တဲ့ ပါလူမြို့ ကို ထိခိုက်ခဲ့တယ် လို့ အစိုးရ အရာရှိတွေ က ပြောပါတယ်။

ဆူနာမီလှိုင်းတွေ က ၆ ပေခွဲကျော် မြင့်မားပြီး မြို့ကို ရေတွေ တိုက်ချ လွှမ်းသွားခဲ့ပါတယ်။

ဒါဟာ ဆူနာမီ သတိပေးချက် ကို အာဏာပိုင်တွေ က ရုပ်သိမ်းအပြီး သိပ်မကြာတဲ့အချိန်မှာ ဖြစ်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် HANDOUT
Image caption ယိုင်လဲပျက်စီးနေတဲ့ ကုန်တိုက်ကြီး

လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတခုထဲမှာ လူတွေ ကြောက်လန့်တကြား အော်ဟစ်ပြေးလွှား နေတာ ကို တွေ့ရပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးနေတာ တွေ့ရသလို ဗလီတခုလည်း ပျက်စီး သွားတာတွေ့ရပါတယ်။

လူ ၅ ယောက် သေဆုံးခဲ့ပြီလို့ အာဏာပိုင်တွေ က ပြောပေမယ့် ဆူနာမီ ကြောင့် သေဆုံးတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့လ အတွင်း အင်ဒိုနီးရှား လွန်းဘောက်ကျွန်းမှာ ငလျင်တွေ ဆက်တိုက်ဖြစ်ခဲ့ပြီး လူ ရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ သြဂုတ်လ ၅ ရက်မှာ ဖြစ်ခဲ့တဲ့ ငလျင် က အထိခိုက်ဆုံးဖြစ်ပြီး လူအယောက် ၄၆၀ ကျော် သေဆုံးခဲ့တာပါ။

အမေရိကန် ဘူမိဆန်းစစ်လေ့လာရေးအဖွဲ့ က ငလျင်ဟာ ဆူလာဝေဆီ အလယ်ပိုင်းဘက် က မြေအောက် ၁၀ ကီလိုမီတာ အနက် မှာ ဖြစ်ခဲ့တာလို့ ဆိုပြီး ဒေသစံတော်ချိန် ညနေ ၆ နာရီ မတိုင်မီလေးတင် ဖြစ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ဆူနာမီ လာနိုင်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပေမယ့် တနာရီ အချိန် ကာလ အတွင်းမှာပဲ သတိပေးချက် ကို ရုပ်သိမ်းသွားပါတယ်။

ဗီဒီယို တခုထဲမှာ ငလျင် ဗဟိုချက်နဲ့ မိုင် ၅ဝ အဝေး က နေရာမှာ ဗလီ တခု စောင်းကျနေတာကို တွေ့ကြရသလို ဆူနာမီလှိုင်းတွေ ကလည်း အဆောက်အအုံ အများအပြား ကို တိုက်စားသွားတာ တွေ့ရပါတယ်။

အင်ဒိုနီးရှား မိုးလေဝသနဲ့ဇလဗေဒ ဌာန အကြီးအကဲ မစ္စက် ဒဝီကော်ရီတာ ကာနာဝါတီ က ဆူနာမီ က အင်အားလျော့ကျသွားပြီလို့ ဆိုပါတယ်။

Image caption ထိခိုက်ခံရတဲ့ ပါလူမြို့ နေရာ

အခြေအနေကတော့ တကယ့် ကသောင်းကနင်းဖြစ်ခဲ့တာပါ၊ လူတွေလည်း လမ်းတွေပေါ်မှာ ပြေးကြရ၊ အဆောက်အအုံတွေလည်း ပြိုကျနဲ့ပါ၊ သင်္ဘောတွေလည်း ကမ်းတွေပေါ် လာတင်နေတယ် လို့ သူ က ပြောပါတယ်။

၂၀၀၄ ခုနှစ်က ဆူမတ္တရား ကျွန်းနားမှာ ဖြစ်ခဲ့တဲ့ ငလျင်ကြီးအပြီး ဆူနာမီ ဒဏ်ကြောင့် အင်ဒိုနီးရှား က လူ ၁ သိန်း ၂ သောင်း ကျော် အပါအဝင် အိန္ဒိယ သမုဒ္ဒရာ တဝိုက်က နိုင်ငံတွေ က လူပေါင်း ၂ သိန်း ၂ သောင်း ၆ ထောင် ကျော် သေဆုံးခဲ့ရပါတယ်။

အင်ဒိုနီးရှား ဟာ ငလျင်တွေ လှုပ်တတ်၊ မီးတောင်တွေ ပေါက်တတ်တဲ့ အဝန်းအဝိုင်းပေါ်မှာ တည်ရှိပြီး ငလျင် ခဏ ခဏ လှုပ်တဲ့ ဒဏ်ကို ခံရတဲ့ နိုင်ငံပါ။

ကမ္ဘာတဝန်းက ပင်လယ်ရေမျက်နှာပြင်အထက်မှာရှိတဲ့ မီးတောင်ရှင် တွေ ထဲ က တဝက်ကျော် ဟာ အဲဒီ အဝန်းအဝိုင်းမှာ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဆူလာဝေဆီ အလယ်ပိုင်း က အိမ်တွေ ငလျင်ဒဏ် ကြောင့် ပြိုလဲခဲ့ရ

ဆက်စပ် အကြောင်းအရာများ