တောင်ကိုရီးယားက ပန်းလိုနူးညံ့တဲ့ ယောက်ျားလေးများနဲ့ သွယ်ပျောင်းတဲ့ ပုရိသဆန်မှု၊

မိတ်ကပ်လိမ်းတဲ့ အမျိုးသားတယောက်ကို လမ်းပေါ်မှာ တွေ့ရရင် မနှစ်မြို့တဲ့ အကြည့်တွေနဲ့ ကြုံရနိုင်ပါတယ်။ ကျားကျားလျားလျားမှ ဟုတ်ရဲ့လား၊ မိန်းမစိတ်ဝင်နေသလား စတဲ့ မေးခွန်း တွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ တောင်ကိုရီးယားမှာတော့ ယောက်ျားတယောက် အနေနဲ့ ကြည့်ကောင်းအောင် ဘယ်လိုနေရမယ် ဆိုတဲ့ အမြင်တွေ ပြောင်းနေသလို ကမ္ဘာမှာလည်း ရိုက်ခတ် နေတာကို ဘီဘီစီ သတင်းထောက် ဆိုင်ရာ အက်ရှာကလေ့လာတင်ပြထားပါတယ်

ဆိုးလ်မြို့တော်က ၁၆ နှစ်သား ယူကျု လူငယ်တယောက်ရဲ့ မိတ်ကပ်ဆောင်တာကို ဗီဒီယိုကို ဘီဘီစီကနေ ထုတ်လွှင့်လိုက်တဲ့အခါ အမြင်တွေ အမျိုးစုံ ပေါ်လာတာ တွေ့ရပါတယ်။ သဘောကျ နှစ်ခြိုက် တာကနေ စက်ဆုပ် ရှုတ်ချတဲ့အထိပါပဲ။

သူ့ကို မစိတ်ဝင်တယ်လို့ ဆိုသူကဆို၊ တချို့ကလည်း သူ့ဘာသာ လွတ်လပ်စွာ နေခွင့်ရှိတယ် ပြောသူနဲ့ ယောက်ျားမပီသတဲ့ အမူအရာတွေကို တီဗီမှာ မပြသင့်ဘူး ပြောသူနဲ့ ဝေဖန်မှု မျိုးစုံကို တွေ့ရပါတယ်။

ကင်ဆူဟွမ်ကတော့ ဒါမျိုးတွေကို ရိုးနေပါပြီ။ သူပေးတဲ့ မိတ်ကပ်လိမ်းနည်း သင်တန်းတွေကြောင့် သူ့ကို ကိုရီးယားတချို့က မိန်းမလျာလို့ ခေါ်တာကြာပြီလို့လည်း ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မိတ်ကပ်ဘယ်လိုလိမ်းမယ် သင်တဲ့ ဘလော့ဂါ

မိတ်ကပ်လိမ်းရင် သူ့ကိုယ်သူ မိန်းမဆန်တယ်လို့ ထင်သလား မေးကြည့်တဲ့အခါ သူ တခါမှ မစဉ်းစားမိတဲ့ ပုံစံမျိုး ပြပါတယ်။

"ကျွန်တော် ဒီလိုမထင်ပါဘူး၊ ဒီလိုပြင်ရင် မိန်းကလေးဆန်မယ်လို့ တခါမှ မထင်မိတာပါ " လို့ သူကဆိုပါတယ်။ ဒါက ကြည့်ကောင်းဖို့ပဲလို့လည်း ဆိုပါတယ်။

အမျိုးသား ဗြူတီပါလာထဲမှာ

အမျိုးသားတွေ မိတ်ကပ်လိမ်းတာ မနှစ်သက်တဲ့သူတွေအဖို့ ဆိုးလ်မြို့တော် ဂန်နမ်ရပ်ကွက်က စျေးကြီးတဲ့ အမျိုးသား ဗြူတီပါလာကို သွားရင် အဆန်းတကြယ် ဖြစ်နေမှာပါ။ ဒါဟာ ယဉ်ကျေးမှု အပြောင်းအလဲမှာ ထူးခြားတဲ့ နေရာတခုပါပဲ။

နာမည်ကြီးတဲ့ မိတ်ကပ်ဆရာ ဟန်ညွန်ဂျေး ဆိုရင် အမျိုးသားတွေကို ဖောင်ဒေးရှင်းခရင်မ်လိမ်းတာ၊ အိုင်းလိုင်နာ ချယ်တာနဲ့ နှုတ်ခမ်းနီဆိုးပေးရာမှာ ကျော်ကြားပါတယ်။ အမျိုးသမီးတွေ ကြိုက်တဲ့ တံဆိပ်မျိုးစုံထဲကနေ ယူလိမ်းပေးတာပါ။ နောက် ကေပေါ့ ကိုရီးယားအဆိုတော်တွေနဲ့ တူအောင်လည်း ပြင်ပေးတတ်ပါတယ်။ ဒီလို အလှပြင်နည်းက ပိုပို လူကြိုက်များလာနေပါတယ်။

ယောက်ျားလေးတွေ ခပ်တည်တည်နဲ့ ဗြူတီပါလာမှာ လာအလှပြင်ပြီး ကျော့ရှင်းသပ်ရပ်စွာ ထွက်သွားကြတာပါ။ ဒီကို လာသူ အများစုက ရှိုးပွဲသွားမယ့် အဆိုတော်တွေ၊ မင်းသားတွေပါ။

Image caption "တိုနာနဲ့ လိုးရှင်းလူးတယ်၊ နောက် အရောင်ပြင်တဲ့ ခရင်မ်လိမ်းတယ်။ မျက်နှာသစ်ပြီးရင် မျက်နှာဖုံးကပ်ပြီး ချေးချွတ်မယ်"

အမျိုးသား တယောက်ကတော့ သူ့မင်္ဂလာဆောင်အတွက် လာအလှပြင်တာပါ၊ ဒါ တောင်ကိုရီးယားမှာ မဆန်းတော့ဘူးလေ။ သူ့အတွက် နေ့ထူးနေ့မြတ်မှာ နှုတ်ခမ်းနီနီလေးနဲ့ ဖြစ်ချင်လို့ပါပဲ။

"သူတို့ အသားအရေတွေ ပိုသန့်လာအောင်၊ မျက်ခုံးတွေ ပိုနက်လာအောင် သူတို့မျက်နှာတွေကို ပုံဖော်ပေးတယ်၊ သူတို့မှာ ရှိတဲ့ ယောက်ျားပီသမှုကို သူတို့ဘာသာ မဖော်နိုင်တာကို ဆွဲထုတ်ပြပေးတာပေါ့ " လို့ မိတ်ကပ်ဆရာ ဟန်က ပြောပါတယ်။ သူ့ဆိုင်လာတဲ့ အမျိုးသားတွေက သူတို့အကြိုက် ကေပေါ့ နာမည်ကြီးတွေနဲ့ တူအောင်ပြင်ချင်လို့ လာကြတာပါတဲ့။

ဒီနှစ်ပိုင်းအတွင်း တောင်ကိုရီးယားမှာ ကေပေါ့ တီးဝိုင်းအဖွဲ့တွေနဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေက လူငယ်တွေကြားမှာ သြဇာလွှမ်းမိုးမှု တအားကြီးလာပါတယ်။ မနှစ်ကဆိုရင် ကေပေါ့က အမေရိကန်နဲ့ ဗြိတိန်ထိ ပေါက်တာ တွေ့ရပါတယ်။

"ကိုရီးယားဟာ ယောက်ျားအလှ ယဉ်ကျေးမှုမှာ ကမ္ဘာမှာ မဟုတ်တောင် အာရှမှာတော့ ရှေ့ဆောင်ပါပဲ" လို့ တောင်ကိုရီးယားရဲ့အလှ သုတေသနပြုနေတဲ့ အနောက်သြစတြေးလျ တက္ကသိုလ်က ဂျုန်နာ အဲ့လ်ဖ်ဗင်းဟွမ်က ပြောပါတယ်။

"ကေပေါ့စတားတွေရဲ့ ပြုပြင်ချယ်သပုံကြောင့် လိင်တူနှစ်ခြိုက်သူ၊ လိင်ကွဲမှ စုံမက်သူ စတဲ့ ကွဲပြားတဲ့ ယောက်ျားတွေကြားမှာ အလှဆိုင်ရာ အမြင်တွေ အမျိုးမျိုး ပေါ်လာအောင် ပိုလက်ခံလာနိုင်အောင် လမ်းဖွင့် ပေးပါတယ်။ လမ်းပေါ်က လူတွေထိ သက်ရောက်လာတာပါ" လို့လည်း ဂျုန်နာက မှတ်ချက်ပေးပါတယ်။

ဆိုးလ်မြို့တော်က ယောက်ျားတိုင်းတော့ မိတ်ကပ်အဖွေးသားနဲ့ လမ်းထွက်နေကြတာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဖက်ရှင်ကျတဲ့ လူငယ်တွေ များတဲ့ ရပ်ကွက်တွေမှာတော့ ဖောင်ဒေးရှင်း ခရင်မ်နဲ့ အလှဆီ လိမ်းတဲ့ အမျိုးသားတွေ သွားလာနေကြတာ မဆန်းတော့ပါဘူး။

အလှနဲ့ ပတ်သက်လာရင် ယောက်ျားတွေကြား လက်ခံမှုမှာ ပိုပြီး ကြီးမားကျယ်ပြန့်လာတာကိုလည်း တွေ့ရပါတယ်။ ဒီလို ရုပ်အသွင် ကြည့်ကောင်းဖို့ ဗျာများနေကြတဲ့ကိစ္စနဲ့ ပတ်သက်လို့ လူငယ် ကိုရီးယား အမျိုးသား တွေကြား စိုးရိမ်ကြတဲ့ပုံလည်း မရှိပါဘူး။

ယောက်ျားအမာစားကနေ ကောင်လေးအချောစား

အနောက်တိုင်း ၀တ်စုံဝတ်၊ နာရီစျေးကြီးတာတွေပတ်ပြီး သမားရိုးကျဆန်တဲ့ ကျားကျားယားယား ကုမ္ပဏီအရောင်းစာရေး ပုံစံကပဲ ၁၉၈ဝ၊ ၉ဝ ပြည့်နှစ်တွေမှာ ကိုရီးယားမှာ ခေတ်စားခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယားမှာ ယောက်ျားတိုင်း စစ်မှုမထမ်း မနေရ စနစ်ကနေ ယောက်ျားတွေရဲ့ ပုံစံကို ပြဋ္ဌာန်းပေးခဲ့တာပါ။

"အဲဒီတုန်းက ကိုရီးယား ပေါ့ယဉ်ကျေးမှုမှာ အမျိုးသား ဆိုရင် မာမာကြမ်းကြမ်း လူဆိုးပုံစံ၊ ဂျစ်တီးဂျစ်ကန် ပုံစံတွေ" လို့ ကိုရီးယားရဲ့ ယောက်ျားပီသမှု အကြောင်း စာအုပ်ရေးတဲ့ ဆွန်ဂျွန်းက ပြောပါတယ်။

၁၉၉ဝ ပြည့်လွန် နှစ်လယ်ပိုင်းတွေက စပြီး Seo Taeji နဲ့ The Boys ဂီတအဖွဲ့တွေ ခေတ်စားလာတာကနေ ပုံစံ ပြောင်းလာတယ်လို့လည်း ပါမောက္ခ အဲ့လ်ဖ်ဗင်းဟွမ်က ပြောပါတယ်။ ရပ်၊ ရော့က်နဲ့ တက္ကနို ဂီတတွေ သုံးတဲ့ ဒီအဖွဲ့တွေက အင်္ဂလိပ်လို စာသားတွေလည်း ထည့်သွင်းလာပါတယ်။

ဂီတ နောက်လိုက်တွေ ခေါ်တဲ့ ဓလေ့ကိုလည်း သူတို့က စခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ အဲဒီအကျင့်က ဂီတလုပ်ငန်းမှာ ပင်မမောင်းနှင်အားကြီး ဖြစ်နေပါတယ်။

အဲဒီနောက် ကေပေါ့ မိန်းကလေး ယောက်ျားလေး တီးဝိုင်းတွေ ခေတ်စားလာပြီး ဘယ်တုန်းကနဲ့မတူအောင် လူကြိုက်များလာခဲ့ပါတယ်။

Image caption မင်္ဂလာဆောင်မှာ မိတ်ကပ်လူးတဲ့ တောင်ကိုရီးယား သတို့သား

"အဲဒီခေတ်နဲ့ ယှဉ်ရင် အခုခေတ် ယောက်ျားပီသမှုမှာ အများကြီး ပျော့ပျောင်းလာတယ်၊ ချောတဲ့ကောင်လေးတွေ၊ နူးညံ့ယဉ်ကျေးတဲ့ အမျိုးသားတွေရဲ့ ပုံရိပ်က မီဒီယာမှာ ပေါက်လာတယ်၊ လူတွေကလည်း ဒါကို ကြိုက်ကြ လက်ခံကြတယ်" လို့ ဒေါက်တာ ဆွန်ဂျွန်းက ပြောပါတယ်။

ကိုရီးယားလို ဒါကို ခွန်မီနမ်လို့ ခေါ်ပါတယ်။ ပန်းနဲ့ လှပတဲ့ အမျိုးသား စကားလုံး နှစ်ခုပေါင်းက လာတာပါ။ ဂျပန်မှာလည်း ကောင်လေး ချောချောတွေ ပါတဲ့ မိန်းကလေးတွေအကြိုက် ရုပ်ပြ ဇာတ်လမ်းတွေ ခေတ်စားပါတယ်။ ကိုရီးယားက ဒီကယူတယ်လို့ ဆွန်ဂျွန်းက ရှင်းပြပါတယ်။

ဒါပေမဲ့ ဒါက မိန်းမဆန်တာ မဟုတ်ပါဘူး။

" နူးညံ့ပေမယ့် ယောက်ျားဆန်တဲ့ ပုံစံကို ဖော်ဆောင်တာလို့လည်း ပြောလို့ရပါတယ်။ ဒါက မိန်းမဆန်တာနဲ့ ကွာတယ် " လို့ ဒေါက်တာ ဂျွန်းက ပြောပါတယ်။

နေကဖွားတဲ့ အဆက်အနွယ်များ ဆိုတဲ့ ကိုရီးယား ဇာတ်လမ်းတွဲမှာ အလွန် ကျော်ကြားတဲ့ မင်းသား ဆွန်းဂျွန်ကီးက ဒီလို ခွန်မီနမ်တွေရဲ့ အစလို့လည်း သူက ရှင်းပြပါတယ်။

ဆွန်းဂျွန်ကီးက ပုံစံကသာ နုဖတ်နေပေမယ့် အထူးတပ်ဖွဲ့ ကပ္ပတိန် အနေနဲ့ မာမာကြမ်းကြမ်းလည်း သရုပ်ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Francois Durand
Image caption ကိုရီးယား ယောက်ျားချောလို့ မြင်ကြတဲ့ ဆွန်းဂျွန်ကီး

ကိုရီးယား ဇာတ်လမ်းတွဲတွေ လွှမ်းမိုးမှုကြောင့် တောင်ကိုရီးယား ဖက်ရှင်က အာရှတလွှားနဲ့ ကမ္ဘာထိ ပေါက်ခဲ့ပါတယ်။ ဒီလိုပုံစံ ပြင်နိုင်ဖို့လည်း တအားကြိုးစားကြပါတယ်။

ဆိုးလ်မှာ ရောင်းနေတဲ့ မျက်နှာချေးချွတ်တဲ့ မျက်နှာဖုံးတွေနဲ့ အသားအရေ စိုပြေအောင် လိမ်းတဲ့ ပစ္စည်းတွေကို ကြော်ငြာဘုတ်ကြီးတွေပေါ်မှာ အမျိုးသား စူပါစတားတွေပုံနဲ့ ကြော်ငြာပါတယ်။ အမျိုးသမီးသုံး မိတ်ကပ် ပစ္စည်းတွေ ရောင်းဖို့ အမျိုးသားတွေကို ကုမ္ပဏီတွေက ငှားပါတယ်။

တရုတ်၊ စင်္ကာပူနဲ့ ထိုင်းထိ ဒီသရုပ်ဆောင် အဆိုတော်တွေက ပေါက်နေတော့ အဲဒီက ပရိသတ်တွေ ကိုလည်း ချန်ထားလို့ မရပါဘူး။ ဒီအဆိုတော်တွေရဲ့ပွဲတွေမှာ လူတွေက ကြိတ်ကြိတ်တိုးနေတာပါ။

"တရုတ်နဲ့ အရှေ့တောင်အာရှက အမျိုးသားတွေကြား ကိုရီးယားသားတွေလို လှဖို့က စံဖြစ်လာတယ် " လို့ တောင်ကိုရီးယား အလှကုန် လုပ်ငန်း အကြံပေး လီဂွန်မင်က ရှင်းပြပါတယ်။

"ဒါဟာ အာရှက အမျိုးသား ဖောက်သည် ပရိသတ်မှာ အများကြီး သက်ရောက်ပါတယ် "လို့လည်း ပြောပါတယ်။

ကိုရီးယား အလှကုန်ခေတ်ထ

အာရှကို ကျော်ပြီး အမေရိကန်နဲ့ဥရောပထိ ကိုရီးယား အလှကုန်တွေက နာမည်ကြီးနေပါတယ်။

ဝေါလ်မတ်နဲ့ ဆီဖိုရာ အမေရိကန်၊ ပြင်သစ်ကုန်တိုက်တွေမှာ ကိုရီးယားအလှကုန်တွေ တင်နေကြသလို အသားအရေ ဝါဝင်းစေတဲ့ ကိုရီးယား အလှပြင်နည်း ၁ဝ ဆင့် အကြောင်း အလှ ဘလော့ဂါ ဆရာတွေက ရှင်းပြနေကြပါပြီ။ တိုနီမိုလီ၊ အင်းနစ်ဖရီးနဲ့ အကျုဟောက်စ်လို အာရှမှာသာ လူသိများခဲ့တဲ့ တံဆိပ်တွေအကြောင်းလည်း အမေရိကန်နဲ့ ဥရောပက မိတ်ကပ် ဝါသနာအိုးတွေကြားမှာ ရင်းနှီးနေကြပါပြီ။

ကလင်းနစ်၊ လန်ကုမ်းနဲ့ လော်ရီရယ်လို ကမ္ဘာမှာ နာမည်ကြီးတဲ့ အလှကုန်တွေကပါ ကိုရီးယားပုံစံ မိတ်ကပ်ပါတဲ့ တို့ပတ်တွေ ထုတ်ရောင်းနေပါတယ်။

Image caption အနောက်တိုင်း စျေးကွက်မှာ လူကြိုက်များလာတဲ့ ကိုရီးယားအလှကုန်တွေ

ပြစ်မျိုးမှည့်မထင်တဲ့ မျက်နှာ ဖြစ်ဖို့ကြောင့် ခွဲစိတ်ပြုပြင်တဲ့ အလှအပ လုပ်ငန်းတွေ တောင်ကိုရီးယားမှာ ခေတ်စားလာပါတယ်။ အဲဒီကနေ မေးရိုးနဲ့ နှာခေါင်းတွေ ပြင်ကြတာပါ။

ဆိုးလ်မှာဆိုရင် လူတွေက ကြည့်ကောင်းဖို့ အမျိုးသားရော အမျိုးသမီးရော အားထုတ်ကြတာ တွေ့ရပါတယ်။

မျက်နှာဖုံး အလကားဝေတဲ့ အရောင်းသမားက လမ်းတိုင်းမှာ ရှိသလို အလှပြင်ဆိုင်တွေက နေရာတကာမှာ မှိုလိုပေါက်နေတာပါ။ ကိုယ့်ကိုယ်ကိုယ်သတဲ့ ဓလေ့ကိုလည်း ကုမ္ပဏီတွေက စျေးရောင်းဖို့ အကြီးအကျယ် အားပေးနေကြပါတယ်။

ဒါပေမဲ့ အမျိုးသမီးတွေ အစဉ်အဆက်ကြုံလာတဲ့ အလှရဲ့ ဖိအားကို အမျိုးသားတွေ ကြုံနေရတာကတော့ အမှန်ပါပဲ။