ဆော်ဒီ သတင်းထောက် ပျောက်ဆုံးသွားတဲ့ကိစ္စ ကြံရွယ်သူတွေနဲ့ ပတ်သက်နိုင်တဲ့ တူရကီ CCTV ဗီဒီယိုတွေ ထွက်ပေါ်လာ

Purported Saudi intelligence officers said by Turkish media to be linked to the disappearance of Saudi journalist, Jamal Khashoggi, 10 October 2018 ဓာတ်ပုံ မူပိုင် Reuters

ဆော်ဒီအာရေဗျ သတင်းထောက် ဂျမား ဟာရှော့ဂျီ ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး တူရကီ သတင်းဌာနတခုက သူတို့အဆို ဒီကိစ္စကိုကြံစည်အကွက်ချထားတဲ့ အထောက်အထားတွေကို ဖော်ပြတဲ့ CCTV ဗီဒီယိုမှတ်တမ်းခွေတွေကို ထုတ်ဖော် ပြသလိုက်ပါတယ်။

ဗီဒီယိုမှတ်တမ်းတွေမှာ ကြံစည်တယ်ဆိုတဲ့ ဆော်ဒီထောက်လှမ်းရေး အရာရှိတွေ အီစတန်ဘူ လေဆိပ်ကတဆင့် တူရကီကို ဝင်လာတယ်၊ အဲဒီလေဆိပ်ကပဲ ပြန်ထွက်ခွာခဲ့ကြတာကို တွေ့ရပါတယ်။

ဆော်ဒီ အုပ်စိုးသူ ဘုရင့်အသိုင်းအဝိုင်းကို ဝေဖန်လေ့ရှိတဲ့ မစ္စတာ ဟာရှော့ဂျီ တယောက် အီစတန်ဘူ က ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲကို အောက်တိုဘာလ ၂ ရက်နေ့မှာ ဝင်သွားခဲ့ပြီး ကတည်းက ပျောက်ဆုံးနေတာပါ။

တူရကီအာဏာပိုင်တွေက မစ္စတာ ဟာရှော့ဂျီ အဲဒီ ကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံရပြီလို့ ပြောဆိုပြီး ဒါကို ဆော်ဒီအာရေဗျ ဘက်က ငြင်းဆိုထားပါတယ်။

ဗီဒီယိုမှတ်တမ်းမှာ ဘာတွေ ပါသေးလဲ

တူရကီရဲ့ TRT World channel တီဗီလိုင်းက ပြသတဲ့ အဲဒီ ဗီဒီယိုတွေက လုံခြုံရေးဆိုင်ရာ ကင်မရာတွေက ရိုက်ထားတဲ့မှတ်တမ်းတွေကို ရရှိထားပုံရပြီး အနက်ရောင် အလုံပိတ်ကားတွေ အပါအဝင် ကားတွေ ကောင်စစ်ဝန်ရုံးထဲ ကို ဝင်သွားတာတွေ့ရပါတယ်။ ဒါတွေက စုံစမ်းဖို့အတွက် သော့ချက်ကျပုံရပါတယ်။

အီစတန်ဘူလေဆိပ်က ဝင်လာခဲ့တဲ့ ဆော်ဒီလူအုပ်စုတွေ လည်း ဟိုတယ်တွေမှာ တည်းခဲ့ကြသလို နောက်ပိုင်းမှာတော့ နိုင်ငံကနေ ပြန်ထွက်သွားကြပါတယ်။

တူရကီ စုံစမ်းစစ်ဆေးနေသူတွေက ဆော်ဒီက Gulfstream အမျိုးအစား ဂျက်လေယာဉ် ၂ စီး အောက်တိုဘာလ ၂ ရက်နေ့မှာပဲ အီစတန်ဘူ လေဆိပ်ကို ဆင်းသက်ခဲ့တာကိုလည်း စုံစမ်းနေပါတယ်။ ဒီလေယာဉ်တွေ လေယာဉ်ကွင်းထဲမှာ စောင့်ဆိုင်းနေကြတာကိုလည်း ဗီဒီယိုမှတ်တမ်းထဲမှာတွေ့ရပါတယ်။

မစ္စတာ ဟာရှော့ဂျီ ကောင်စစ်ဝန်ရုံးထဲကို ဝင်သွားတဲ့အကြောင်းရင်းက သူ့ အိမ်ထောင်ကွာရှင်းတဲ့ကိစ္စ ကို အပြီးသတ်ဆောင်ရွက်ဖို့ဖြစ်ပြီး သူက သူ့ရဲ့ တူရကီ ချစ်သူ ဟာတစ် စန်ဂျစ်ဇ် ကို လက်ထပ်ဖို့ ရည်ရွယ်ထားတာပါ။

ဗီဒီယိုတွေထဲမှာ သူ ကောင်စစ်ဝန်ရုံးထဲ ဝင်သွားတာကို တွေ့ရပြီး သူ့ ချစ်သူက အပြင်မှာစောင့်နေခဲ့ပါတယ်။

တူရကီရဲ့ Sabah သတင်းစာကလည်း သူတို့အဆိုအရ ဆော်ဒီ သတင်းထောက်ပျောက်ဆုံးမှုမှာ ပါဝင်ပတ်သက်တယ် ဆိုတဲ့ ဆော်ဒီထောက်လှမ်းရေး ၁၅ ယောက်ပါ အဖွဲ့ ကို သိထားပြီးပြီလို့ သတင်းရေးပါတယ်။ အဲဒီ လူတွေ ထဲ မှုခင်းဆိုင်ရာ အရာရှိတယောက်ပါတယ်လို့လည်း ဆိုပါတယ်။

ဆော်ဒီကောင်စစ်ဝန်ရုံး ဝင်ပြီး လူပျောက်ရှာဖို့ တူရကီတောင်းဆို

Image caption မစ္စတာ ဟာရှော့ဂျီ ကောင်စစ်ဝန်ရုံးထဲ ဝင်သွားပြီး မကြာခင်မှာပဲ သံတမန်နံပတ်ပြားနဲ့ ကားတွေ ကောင်စစ်ဝန်ရုံးကို ဝင်လာခဲ့ပြီး နောက်ပိုင်းမှာ ဆော်ဒီ ကောင်စစ်ဝန် အိမ်ဆီကို မောင်းသွားကြပါတယ်
Image caption မစ္စတာ ဟာရှော့ဂျီ ကောင်စစ်ဝန်ရုံးထဲ ဝင်သွားပြီး မကြာခင်မှာပဲ သံတမန်နံပတ်ပြားနဲ့ ကားတွေ ကောင်စစ်ဝန်ရုံးကို ဝင်လာခဲ့ပြီး နောက်ပိုင်းမှာ ဆော်ဒီ ကောင်စစ်ဝန် အိမ်ဆီကို မောင်းသွားကြပါတယ်

အခုစုံစမ်းစစ်ဆေးရေး လုပ်ဆောင်တဲ့နေရာမှာ လုံခြုံရေး ကင်မရာပေါင်း ၁၅၀ ကို ရဲတွေက စစ်ဆေးနေကြောင်းလည်း သတင်းတွေထွက်လာပါတယ်။

ဒေသတွင်း မီဒီယာအချို့ကတော့ မစ္စတာ ဟာရှော့ဂျီ အသတ်ခံရတာထက်စာရင် ပြန်ပေးဆွဲခံသွားရတာလို့ ဆိုပါတယ်။

တူရကီက ကောင်စစ်ဝန် ရုံးနေရာတွေကို ဝင်ရောက်ရှာဖွေမယ်လို့ဆိုနေပြီး ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးကလည်း သူတို့ ပွင့်ပွင့်လင်းလင်းနဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ်လို့ ဆိုထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပျောက်ဆုံးနေတဲ့ ဆော်ဒီအာရေဗျ သတင်းထောက် ဂျမား ဟာရှော့ဂျီ ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲကို ဝင်သွားတာကို တွေ့ရတဲ့ CCTV ဗီဒီယို မှတ်တမ်း

ဆော်ဒီ သတင်းထောက် ကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံရတယ်ဆိုတာကို ဖော်ညွှန်းနိုင်တဲ့အထောက်အထားတွေ တူရကီဘက်က မတင်ပြနိုင်ပေမယ့် အဲဒီ သတင်းထောက် ကောင်စစ်ဝန်ရုံးက ထွက်သွားတဲ့ အထောက်အထားကို ပြဖို့ ဆော်ဒီဘက်ကို တောင်းဆိုနေပါတယ်။

ဂျမား ဟာရှော့ဂျီ ဆိုတာ ဘယ်သူလဲ

ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်မန် ကို ဝေဖန်လေ့ရှိတဲ့ မစ္စတာ ဟာရှော့ဂျီ ဟာ နိုင်ငံကနေ သူ့ဘာသာသူ ထွက်ခွာပြီး အမေရိကန်မှာ အဝေးရောက်ဆော်ဒီ တယောက်အဖြစ် နေထိုင်သူဖြစ်ကာ သူ့အမြင်တွေ ဖော်ပြတဲ့ ဆောင်းပါးတွေ ဝါရှင်တန် ပို့စ် သတင်းစာမှာ ရေးသားတဲ့သူပါ။

ဆော်ဒီက al-Watan သတင်းစာနဲ့ Saudi TV news channel တို့မှာလည်းသူအလုပ်လုပ်ခဲ့ဖူးပြီး သူဟာ ဆော်ဒီဘုရင့်မိသားစု အသိုင်းအဝိုင်းနဲ့ နှစ်ပေါင်းများစွာနီးစပ်ခဲ့သူအဖြစ် သိထားကြပါတယ်။ ဆော်ဒီထိပ်တန်းအရာရှိတွေကိုလည်း အကြံပေးအဖြစ် လုပ်ကိုင်ပေးခဲ့တဲ့သူပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂျမား ဟာရှော့ဂျီ က ဆော်ဒီအာရေဗျအနေနဲ့ ပြုပြင်ပြောင်းလဲရေး လိုအပ်နေတယ်၊ တယောက်တည်းအုပ်ချုပ်နေတာက နိုင်ငံအတွက် ဆိုးရွားစေတယ်လို့ ပြောဖူးပါတယ်

ဆော်ဒီမှာ သူ့လုပ်ဖော်ကိုင်ဖက်တွေ အဖမ်းခံရပြီးတဲ့နောက်မှာတော့ မစ္စတာ ဟာရှော့ဂျီ က ဆော်ဒီကနေ ထွက်ခွာပြီး အမေရိကန် မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ထပ်ဖို့ရည်ရွယ်ထားကြတဲ့ သူ့ ချစ်သူ ဟာတစ် စန်ဂျစ်ဇ် က သူ ကောင်စစ်ဝန်ရုံးထဲဝင်သွားချိန်မှာ အပြင်ကနေ စောင့်ဆိုင်းနေခဲ့