လန်ဒန် ဟားရော့ကုန်တိုက်မှာ ဒေါ်လာ ၂၁ သန်းဖိုး ဝယ်တဲ့ အမျိုးသမီးက ဘယ်သူလဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption စျေးကြီးတဲ့ ဇိမ်ခံ ပစ္စည်းတွေ ရောင်းတဲ့ ဒီ ဆိုင်ကြီးမှာ ဇာမီရာ ဟာဂျီယေးဗား က ဒေါ်လာ ၂၁ သန်းဖိုး ပစ္စည်းတွေ ဝယ်ခဲ့

ယူကေနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသစ်ကြောင့် ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဆက်ပြီးဖုံးကွယ်ဖို့ ခက်ခဲ သွားစေမှာ ဖြစ်ပါတယ်။

ငွေတွေ ဘယ်ကရတယ် ဆိုတာ ထုတ်ဖော် ရှင်းလင်း ပြောဖို့ အမိန့်ထုတ်ခံထားရတဲ့ အဇာဘိုင်ဂျန် နိုင်ငံက အသက် ၅၅ နှစ် အရွယ် ဇာမီရာ ဟာဂျီယေးဗား လို အမှုမျိုးမှာ ဝင်ငွေလမ်းကြောင်း မဖော်ပြနိုင်ရင် သူ့ပိုင်ဆိုင်မှု အသိမ်းခံရနိုင်တဲ့ အနေအထား ရှိနေပါတယ်။

အခုတော့ ယူကေရဲ့ UWO လို့ ခေါ်တဲ့ ဝင်ငွေလမ်းကြောင်း မဖော်ပြတဲ့ ကြွယ်၀မှုတွေကို ထုတ်ဖော်ပြောဖို့ အမိန့် ပါဝင်တဲ့ ဥပဒေသစ်အရ ပထမဆုံး အရေးယူ ကိုင်တွယ် ဆောင်ရွက်မှု အရ သူ့ရဲ့ ဒေါ်လာ ၁၅ သန်းတန် လန်ဒန်က နေအိမ်ကို လက်လွှတ် မဆုံးရှုံးရအောင် ဇာမီရာ ကြိုးပမ်း နေရပါတယ်။

ပြည်သူလူထု အနေနဲ့ ဖြစ်ရပ် အပြည့်အစုံကို သိခွင့် ရှိတယ်လို့ သတင်း မီဒီယာတွေက တောင်းဆိုခဲ့ကြပြီးနောက်မှာ သူ ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ် ထားပေးဖို့ တရားရုံးမှာ လျှောက်ထားတဲ့ အမှု ရှုံးနိမ့်ခဲ့ပါတယ်။

အဇာဘိုင်ဂျန် နိုင်ငံ ပြည်ထောင်စုဘဏ် မန်နေဂျာဟောင်းရဲ့ ဇနီးဖြစ်သူ အဲဒီ အမျိုးသမီးဟာ လန်ဒန်မြို့တော်က နာမည်ကျော် ဟားရော့ ကုန်တိုက်ကြီးမှာ ၁၀ နှစ်ကာလ အတွင်း ဒေါ်လာ ၂၁ သန်းဖိုး ပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။

ဒါ့အပြင် လူချမ်းသာရပ်ကွက် ဖြစ်တဲ့ ဟားရော့ ကုန်တိုက်ကြီးနားမှာပဲ အိမ်တစ်လုံး ဝယ်ခဲ့တဲ့ အပြင် ဘာ့က်ရှိုင်းယား ဒေသမှာလည်း ကိုယ်ပိုင် ဂေါက်ကွင်း တစ်ခု ဝယ်ခဲ့ပါတယ်။

ဝင်ငွရလမ်းမပြတဲ့ ကြွယ်ဝမှုကို ဖော်ပြဖို့ အမိန့် UWO ဆိုတာ ဘာလဲ

UWO ဆိုတာက ပြည်ပနိုင်ငံတွေမှာ အဂတိလိုက်စားတဲ့ အရာရှိတွေက သူတို့ ခိုးယူထားတဲ့ ငွေတွေကို ယူကေနိုင်ငံထဲ ယူဆောင်လာနိုင်ဖွယ်ရှိတယ်လို့ မသင်္ကာသူတွေကို ပစ်မှတ်ထား စုံစမ်းနိုင်ခွင့်ရှိတဲ့ အခွင့်အာဏာအသစ် ဖြစ်ပါတယ်။

UWO ရဲ့ စည်းမျဉ်း စည်းကမ်း အရ မစ္စစ် ဟာဂျီယေးဗား အနေနဲ့ သူနဲ့ သူ့ခင်ပွန်းတို့ လန်ဒန်မြို့တော်က နိုက်စ်ဘရစ် သူဌေးရပ်ကွက်မှာ အိမ်အကြီးကြီးဝယ်နိုင်အောင် ဝင်ငွေတွေ ဘယ်က ရတယ် ဆိုတာ ဗြိတိန်နိုင်ငံ အမျိုးသား ရာဇဝတ်မှု နှိမ်နင်းရေး အေဂျင်စီ ကို ရှင်းလင်း တင်ပြရမှာ ဖြစ်ပါတယ်။

မစ္စစ် ဟာဂျီယေးဗား ရဲ့ ရှေ့နေ ကတော့ UWO ဆိုတာဟာ အမှားအယွင်း လုပ်ဆောင်မှုရှိတယ်လို့ ညွှန်းဆိုတာမျိုး မဖြစ်သင့်ဘဲ ဟာဂျီယေးဗားဇနီးမောင်နှံ အပေါ် အဲဒီ အမိန့် မထုတ်ဖို့ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

မစ္စတာနဲ့ မစ္စစ် ဟာဂျီးယက်ဗ် ဆိုတာ ဘယ်သူတွေလဲ

မစ္စတာ ဟာဂျီးယက်ဗ်က အဇာဘိုင်ဂျန် နိုင်ငံတကာ ဘဏ်ကြီးရဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်ပါတယ်။

ဘဏ်ကနေ ပေါင်ငွေ သန်းပေါင်း များစွာချီပြီး ပျောက်ဆုံး ခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က မသမာမှု ငွေကြေး အလွဲသုံးစားလုပ်မှု တို့နဲ့ မစ္စတာ ဟာဂျီယေးဗား ထောင်ဒဏ် ၁၅ နှစ် အပြစ်ချမှတ် ခံခဲ့ရပါတယ်။

ဒါ့အပြင် ဒေါ်လာငွေ ၃၉ သန်း ပြန်လည် ပေးဆပ်ဖို့လည်း အမိန့်ချ ခံခဲ့ရပါတယ်။

အဲဒီ မတိုင်ခင် ၇ နှစ် ကတော့ ဟားရော့ နဲ့ လမ်းလျှောက်သွားနိုင်တဲ့ အကွာအဝေးလောက်မှာ ရှိတဲ့ အိမ်ကြီး တစ်လုံး အတွက် ဒေါ်လာ ၁၅ သန်းကို ဗြိတိန်ပိုင် ဗာဂျင်ကျွန်း အခြေစိုက် ကုမ္ပဏီ တစ်ခုက သူတို့ ကိုယ်စား ငွေပေးချေခဲ့ပါတယ်။

အဇာဘိုင်ဂျန် သမ္မတကတော်ကို ဒုသမ္မတခန့်

အဇာဘိုင်ဂျန်မှာ တိုက်ပွဲပြင်းထန်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဇာမီရာ ဟာဂျီးယေးဗား ရဲ့ ခင်ပွန်းဖြစ်သူ ဂျဟန်ဗီးယား ဟာဂျီးယက်ဗ်

၂၀၁၃ ခုနှစ်မှာ ယူကေနိုင်ငံ ဘာ့က်ရှိုင်းယားဒေသမှာ ရှိတဲ့ Mill Ride ဂေါက်ကွင်းကို ဝယ်ဖို့ မစ္စစ် ဟာဂျီယေးဗား ထိန်းချုပ်တဲ့ နောက်ကုမ္ပဏီ တစ်ခုက ပေါင်ငွေ ၁၀ သန်း ကျော် ပေးခဲ့ပါတယ်။

ဗြိတိန် ပြည်ထဲရေး ဝန်ကြီးဌာနက ချမ်းသာတဲ့ ရင်းနှီး မြှုပ်နှံသူတွေကို ဗြိတိန်မှာ နေခွင့်ပေးတဲ့ ပြည်ဝင်ခွင့် ဗီဇာ စနစ်အရ ဇာမီရာ ဟာဂျီယေးဗားကို ယူကေမှာ နေထိုင်ခွင့်ပေးခဲ့ပါတယ်။

ဟာဂျီးယက်ဗ် ဇနီးမောင်နှံ ယူကေနိုင်ငံကို ငွေတွေ ဘယ်လောက်ယူလာခဲ့လဲ

ဇူလိုင်လတုန်းက တရားရုံး ကြားနာမှုတုန်းက မစ္စတာနဲ့ မစ္စစ် A လို့သာသိခဲ့ ကြတဲ့ သူတို့ ဇနီးမောင်နှံဟာ အခုတော့ ကိုင်သုံးနိုင်တဲ့ ငွေတွေ အမြောက်အမြားရှိခဲ့သူတွေ ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။

၁၀ နှစ်တာ ကာလ အတွင်းမှာလည်း ဇာမီရာ ဟာဂျီယေးဗားက ဟားရော့ ကုန်တိုက်ကြီး တစ်ခုတည်းမှာတင် ဒေါ်လာ ၂၁ သန်းကျော်သုံးခဲ့ပါတယ်။ ဒါဟာ ၁၀ နှစ် အတွင်း တစ်ရက်ကို ဒေါ်လာ ၅၂၅၀ သုံးတာနဲ့ ညီမျှပါတယ်။

သူဝယ်တဲ့ ပစ္စည်းတွေထဲမှာ လက်ဝတ်ရတနာ၊ ရေမွှေးနဲ့ နာရီတွေ ရောင်းတဲ့ Boucheron လက်ဝတ်ရတနာဆိုင်ကနေ ဒေါ်လာ ၂ သိန်းနီးပါး ဝယ်ခဲ့တာ၊ ဒေါ်လာ ၂၄၀၀ ဖိုး ဝိုင် အရက်တွေ ဝယ်ခဲ့တာလည်း တရားရုံးမှာ ပေါ်ပေါက်ခဲ့ပါတယ်။

ကားတီးယားတံဆိပ် ရတနာပစ္စည်း တစ်သိန်း သုံးသောင်းကျော်ဖိုးနဲ့ အမျိုးသား အသုံးအဆောင် ဒေါ်လာ ၂၆၀၀၀ ဖိုးလည်း ဝယ်ယူခဲ့ပါတယ်။

သူ့ရဲ့ စျေးဝယ်ခရီးမှာ ဇာမီရာ ဟာဂျီယေးဗားက ကုန်တိုက်ကထုတ်ပေးတဲ့ ကတ်ပြားသုံးခုနဲ့ သူ့ ခင်ပွန်း ဘဏ်က ထုတ်ပေးထားတဲ့ ခရက်ဒစ်ကတ် ၃၅ ခုကို သုံးခဲ့ပါတယ်။

Image caption ဟာဂျီးယက် ဇနီးမောင်နှံ ဝယ်ထားတဲ့ နေအိမ်က Harrods ကုန်တိုက်ကြီးနဲ့ လမ်းလျှောက် သွားလို့ရတဲ့ အကွာအဝေးမှာ ရှိပါတယ်

Mr A ကို ကြားနာစစ်ဆေးမှုအတွင်း ဟာဂျီးယက်ဗ်က သူ့ဘဏ်ကနေ သူ့မိသားစု နာမည်နဲ့ ခရက်ဒစ်ကတ်တွေကို ထုတ်ပေးထားတာဟာ ဘဏ်အကြီးအကဲ အခွင့်အာဏာကို အလွဲသုံးစားလုပ်တာ ဖြစ်တယ်၊ ဒါကြောင့် ဘဏ်မှာ အကြွေးတွေ ပိသွားတယ် ဆိုတဲ့ စွပ်စွဲချက်တွေအတွက် ထင်ရှားတဲ့ အထောက်အထားဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ အမျိုးသား ရာဇဝတ်မှု နှိမ်နင်းရေး အေဂျင်စီ NCA က ပြောတာကို တရားသူကြီးက သဘောတူတယ်လို့ ပြောပြီး UWO အမိန့်ကိုဆက်လက် ဆောင်ရွက်ဖို့ တရားသူကြီးက ပြောပါတယ်။

အမှားအယွင်း လုပ်ခဲ့လား

ဇာမီရာ ဟာဂျီယေးဗားက သူနဲ့ သူ့ခင်ပွန်းတို့ ဘာအပြစ်မှ မရှိဘူးလို့ ပြောဆိုပြီး အကြီးအကျယ် မတရားမှုကြီးရဲ့ သားကောင် ဖြစ်ရတာလို့ ပြောပါတယ်။

သူ့ခင်ပွန်းဟာ တရားဥပဒေဘောင်အတွင်း လုပ်ကိုင်တဲ့ စီးပွားရေးသမား တစ်ယောက် ဖြစ်တယ်၊ ဘဏ် ဥက္ကဋ္ဌ မဖြစ်ခင် ကတည်းက အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့် ချမ်းသာလာတာလို့ ပြောပါတယ်။

UWO ဥပဒေအရ ဇာမီရာ ဟာဂျီယေးဗား အနေနဲ့ ဝင်ငွေ ရင်းမြစ်ကို ထုတ်ဖော်ပြောဆိုဖို့ တရားရုံးက ထောက်ခံတဲ့ ဆုံးဖြတ်ချက်ဟာ သူတို့ အများအယွင်း လုပ်တယ်လို့ ကောက်ယူဖို့ မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ဗြိတိန်နိုင်ငံ အမျိုးသား ရာဇဝတ်မှု နှိမ်နင်းရေး အေဂျင်စီ ရဲ့ အလုပ်က UWO ဆိုင်ရာ စုံစမ်း စစ်ဆေးရေး လုပ်ငန်းရဲ့ တစိတ်တပိုင်း ဖြစ်ပြီး ရာဇဝတ်မှု ကိုစုံစမ်းတဲ့ အလုပ် မဟုတ်ဘူး၊ ရာဇဝတ်မှု ကျူးလွန်တာကို စုံစမ်းဖို့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

မစ္စတာ ဟာဂျီယက်က သူ့ဘဏ်ကနေ မသမာမှု လုပ်တာ မရှိခဲ့ဘူးလို့ ပြောပါတယ်။ သူအပြစ်ချခံရတဲ့ ကိစ္စကိုလည်း အယူခံ ဝင်မယ်လို့ ပြောပါတယ်။