ကရိုင်းမီးယား ကောလိပ် တိုက်ခိုက်မှုကြောင့် ၁၉ ယောက် သေဆုံး

ဓာတ်ပုံ မူပိုင် KERCH.FM
Image caption ဆယ်ကျော်သက် လူငယ်တွေ သေဆုံး

ကရိုင်းမီးယား ပြည်နယ် ကာ့ချ် မြို့က နည်းပညာ ကောလိပ်ကျောင်းတခုမှာ တိုက်ခိုက်မှုတခု အတွင်း အနည်းဆုံး လူ ၁၉ ဦး သေဆုံးသွားတယ်လို့ ရုရှားတာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

သေဆုံးသူအများစုဟာ ဆယ်ကျော်သက် လူငယ်တွေ ဖြစ်ပါတယ်။

အစပိုင်းက ကော်ဖီဆိုင်တခုထဲမှာ သတ္တုပါတဲ့ ဖောက်ခွဲရေး ပစ္စည်းကိုသုံးပြီး ဖောက်ခွဲခဲ့တာလို့ ဆိုပေမယ့် အခုတော့ သေဆုံးသူ အားလုံးဟာ သေနတ်ဒဏ်ရာကြောင့် လို့ ဆိုနေပါတယ်။

၁၈ နှစ်အရွယ် ကျောင်းသားတယောက်က တိုက်ခိုက်ခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တပ်တွေ အမြန်လွှတ်

တိုက်ခိုက်သူလို့ စွပ်စွဲခံရသူ ဗလာဒီဆလပ် ရော့စ်လျာကော့ဗ်က အဆောက်အဦထဲက လူတွေကို ပစ်ခတ်ခဲ့ပြီး လူ ၄ဝ ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒီကျောင်းသားက ကျောင်းကို သိပ်မုန်းတယ်လို့လည်း သူငယ်ချင်းဖြစ်သူက ရုရှား ရုပ်သံနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ရုရှား အာဏာပိုင်တွေက ပြောခဲ့ပေမယ့် ခုတော့ အစုအပြုံလိုက် သတ်ဖြတ်မှု အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

ရုရှား သမ္မတ ပူတင်ကထိခိုက်သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေထံ ဝမ်းနည်းစကား ပေးပို့ခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ ကရိုင်းမီးယား ပြည်နယ်ကို ယူကရိန်းနိုင်ငံဆီကနေ ၂ဝ၁၄ ခုနှစ်က သိမ်းယူခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MAXIM SHIPENKOV
Image caption သေဆုံးသူတွေအတွက် အမှတ်တရ ပန်း

ထိခိုက်သေဆုံးသူ အများစုက ကျောင်းသားတွေ ဖြစ်ပြီး အဲဒီမှာ ကျောင်းသား ၈၅ဝ ရှိပါတယ်။

ကယ်ဆယ်ရေးတွေ အမြန်လုပ်ဆောင်နေပြီး ဒဏ်ရာရသူတွေကို ဆေးရုံတွေကို ပို့ပေးခဲ့ပါတယ်။

လူနာတွေ လက်ခံဖို့ စစ်ဆေးရုံတွေကို အသင့်ပြင်ထားပြီး စစ်လေယာဉ် လေးစင်းကို အသင့်ပြင်ထားတယ်လို့လည်း ရုရှား ကာကွယ်ရေး ဝန်ကြီး က ဆိုပါတယ်။

အမည်မသိ သေနတ်သမားတစု ကျောင်းထဲ ဝင်လာတယ်လို့ ကျောင်းအုပ်ကြီးက ရုရှား သတင်းဌာနကို အစက ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ၂ဝဝ၄ က ဖြစ်တဲ့ လူ ၃ဝဝ ကျော် သေဆုံးတဲ့ ကျောင်းဝင်စီးမှုနဲ့ ယှဉ်ပြောခဲ့တာပါ။

ခုတော့ မြို့ထဲက ကျောင်းတွေအားလုံးကို ပိတ်လိုက်ပါတယ်။

ဒီမြို့ဟာ ရုရှား ပြည်မနဲ့ ကရိုင်းမီးယားကို ဆက်တဲ့ တံတားနားမှာ ရှိပါတယ်။

ကရိုင်းမီးယား သိမ်းပိုက်မှု နောက်ပိုင်း ရုရှားနဲ့ ယူကရိန်း ဆက်ဆံရေး တင်းမာနေဆဲ ဖြစ်ပြီး ယူကရိန်း အရှေ့ပိုင်းမှာလည်း ရုရှားဘက်သား သူပုန်တွေနဲ့ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ယူကရိန်းက ဒီတိုက်ခိုက်မှု နောက်မှာ ရှိနိုင်တယ်လို့လည်း ကရိုင်းမီးယား လွှတ်တော် ဥက္ကဋ္ဌက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှား ပြည်မနဲ့ ကရိုင်းမီးယားကို ဆက်တဲ့ တံတားနားမှာ ရှိ