Brexit- အီးယူ ကနေ ဗြိတိန် ဘာကြောင့်ထွက်၊ ဘယ်တော့ထွက်

Brexit

Brexit ဆိုတဲ့ စကားလုံးက ဗြိတိန်နိုင်ငံ အီးယူ ဥရောပ သမဂ္ဂ ကနေ ထွက်ဖို့ကိစ္စ ဖြစ်တဲ့ Britain နဲ့ exit ကို ပေါင်းပြီး အတိုကောက်ခေါ်ဝေါ်တဲ့ စကားလုံး ဖြစ်ပါတယ်။

ဘာကြောင့် ဥရောပ သမဂ္ဂ ကနေ ဗြိတိန်ထွက်မှာလဲ

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲမှာ ဗြိတိန် တစ်နိုင်ငံလုံးမှာ ရှိတဲ့ မဲပေးနိုင်ခွင့်ရှိသူ အားလုံးနီးပါး ပါဝင်မဲပေး ခဲ့ကြပြီး အီးယူကနေ ထွက်ဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။

မဲပေးပိုင်ခွင့်ရှိသူရဲ့ ၇၁.၈ ရာခိုင်နှုန်းကျော် ပါဝင် မဲပေးခဲ့ကြရာမှာ ၅၁.၉ ရာခိုင်နှုန်းက အီးယူကနေ နုတ်ထွက်ဖို့ ဆန္ဒမဲ ပေးခဲ့ကြပြီး ၄၈.၁ ရာခိုင်နှုန်းကတော့ EU ထဲမှာ ဆက်နေဖို့ မဲပေး ခဲ့ကြပါတယ်။

ဗြိတိန်ကို အီးယူက ထိန်းချုပ်လွန်းတယ်၊ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အီးယူ ရဲ့ စည်းမျဉ်း စည်းကမ်းတွေ များလွန်းပြီး အဖွဲ့၀င်ကြေး အဖြစ် နှစ်စဉ် ပေါင်ငွေ ဘီလျံပေါင်း များစွာပေးရ ပေမယ့် ပြန်ရတာက နည်းနည်းလေးပဲလို့ အီးယူကနေ ခွဲထွက်ချင်သူတွေက ပြောကြ ပါတယ်။

ဥပဒေတွေနဲ့ ပတ်သက်လို့လည်း အီးယူရဲ့ ဘုံသဘောတူညီချက် အရ ဆုံးဖြတ်မယ့် အစား ဗြိတိန်က က ကိုယ်တိုင် ဆုံးဖြတ်ဖို့ သူတို့က လိုလား ပါတယ်။

ဒါ့အပြင် အီးယူကနေ ခွဲထွက်ဖို့ လိုလားသူတွေ အတွက် လူဝင်မှု ကြီးကြပ်ရေး ကလည်း ကြီးမားတဲ့ ကိစ္စရပ် ဖြစ်ပါတယ်။

အီးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ အဓိက မူဝါဒ တစ်ခုက EU နိုင်ငံတွေ အတွင်းမှာ နိုင်ငံကူး လက်မှတ် မလိုဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုဖို့ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗြိတိန် အီးယူက ထွက်ခွာကြေး ယူရို ဘီလျံ ၁၀၀ အထိ ပေးရနိုင်တယ်ဆိုတဲ့ အချက် ပေါ်ထွက် လာပါတယ်။

ဘယ်တော့ ထွက်ရမလဲ

အီးယူကို စတင် ဖွဲ့စည်းခဲ့တဲ့ လစ္စဘွန်း သဘောတူ စာချုပ်ထဲမှာ ပါတဲ့ အပိုဒ်ခွဲ ၅၀ အရ ဗြိတိန် နိုင်ငံ အီးယူ ကနေ အပြီးတိုင် နုတ်ထွက်ရေးနဲ့ ပတ်သက်လို့ နှစ်ဘက် ဆွေးနွေးဖို့ နှစ်နှစ် အချိန်ရပါတယ်။

ဥရောပ သမဂ္ဂ ထဲမှာ ၄၄ နှစ်ကြာ အဖွဲ့ဝင် အဖြစ်ရှိခဲ့တဲ့ ဗြိတိန်နိုင်ငံဟာ အီးယူကနေ ထွက်ဖို့ လူထု ဆန္ဒခံယူပွဲ အရ ဆုံးဖြတ်ခဲ့ အပြီး ကိုးလ အကြာ မှာပဲ ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေက နုတ်ထွက်မယ့် အကြောင်း အီးယူကို ၂၀၁၇ ခုနှစ် မတ်လ ၂၉ ရက်က တရားဝင် အကြောင်း ကြားခဲ့ ပါတယ်။

ဗြိတိန်ပြည်သူ တွေရဲ့ ဆန္ဒအရ အီးယူက နုတ်ထွက်ရေး လုပ်ငန်းစဉ် စတင် လိုက်ပြီးလို့ လည်း အဲဒီနေ့က ဝန်ကြီးချုပ် ထရီဆာမေက ပါလီမန်မှာ ပြောခဲ့ပါတယ်။

ဗြိတိသျှ အစိုးရအပြောင်းအလဲနဲ့ ဥရောပက ခွဲရေး

ဓာတ်ပုံ မူပိုင် Getty Images

ဒါကြောင့် တကယ်တမ်း ဗြိတိန်နိုင်ငံ နုတ်ထွက်ရမယ့် နေ့ဟာ တရားဝင် အကြောင်းကြား ပြီးချိန်ကနေ နှစ်နှစ် ဖြစ်တဲ့ အတွက် ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက် ယူကေ အချိန် ည ၁၁ နာရီ ဖြစ်ပါတယ်။

ရက်ထက်တိုးချင်ရင်တော့ အီးယူ အဖွဲ့ဝင် ၂၈ နိုင်ငံ စလုံးက သဘောတူရင် အဲဒီ နုတ်ထွက် ရမယ့် ရက်ကို ထပ်တိုးနိုင် ပါတယ်။

နုတ်ထွက်ပြီးတဲ့နောက် ဥရောပရေးရာ အပါအဝင် အပြောင်းအလဲ လုပ်ဆောင်စရာတွေ လုပ်နိုင်ဖို့ ကြားကာလ ကိုတော့ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ အထိ သတ်မှတ်ထား ပါတယ်။

ညှိနှိုင်းရ ခက်နေတာ ဘာလဲ

Brexit အရေး ဆွေးနွေးရာမှာ အဓိက သဘောမတူနိုင် ဖြစ်နေတာက မြောက်ပိုင်း အိုင်ယာလန် အရေး ဖြစ်ပါတယ်။

အီးယူ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ Republic of Ireland အိုင်ယာလန် သမ္မတ နိုင်ငံနဲ့ ယူကေ နယ်နိမိတ် ထဲမှာ ရှိတဲ့ မြောက်ပိုင်း အိုင်ယာလန် ကြားမှာ နယ်စပ် တလျှောက် မိုင် ပေါင်း ၃၁၀ အရှည် ရှိပါတယ်။

၂၀၁၆ ခုနှစ်တုန်းက Brexit အတွက် ဆန္ဒမဲ ပေးခဲ့ကြ တုန်းကတော့ အဲဒီ နယ်စပ် ကိစ္စကို ပြဿနာကြီး တစ်ခု ဖြစ်လာ လိမ့်မယ်လို့ ဘယ်သူကမှ မြင်ခဲ့ကြပုံ မရပါဘူး။

ဒါပေမဲ့ အခုတော့ Brexit ကိစ္စ ဆွေးနွေးမှုမှာ ဒီကိစ္စက အရေးကြီး နေပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

ဗြိတိန်ရော အီးယူ အဖွဲ့ဝင် အိုင်ယာလန်ရော နှစ်ဘက် စလုံးက သူတို့ နယ်စပ်မှာ စစ်ဆေးရေး ဂိတ်တွေ၊ အကောက်ခွန် ဂိတ်တွေ၊ လုံခြုံရေး ကင်မရာတွေ မထားရှိချင်ကြပါဘူး။

ဒါတွေလုပ်ရင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှာ ကုန်စည်စီးဆင်းမှုနဲ့ လူတွေ သွားလာမှုတွေမှာ ပြဿနာတွေ အဟန့်အတားတွေ ပေါ်လာနိုင် မှာကို စိုးရိမ်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ နယ်စပ် အရေးကို ဘယ်လို ပုံစံနဲ့ လုပ်ကြမလဲ ဆိုတာ သဘောမတူနိုင်ဖြစ်နေကြပါတယ်။

တကယ်လို့သာ ဆွေးနွေး ညှိနှိုင်းမှုတွေ အရ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် မရခဲ့ရင် ဗြိတိန်နိုင်ငံ နုတ်ထွက် ပြီးသွားချိန်မှာ မြောက်ပိုင်း အိုင်ယာလန်ကို အီးယူရဲ့ စုပေါင်း အကောက်ခွန် စနစ် Custom Union မှာ ထည့်ထားပြီး အိုင်ယာလန် ကျွန်းပေါ်မှာ အများသဘောတူ စည်းကမ်း သတ်မှတ်ချက် common regulatory area ထူထောင်ဖို့ အီးယူဘက်က အဆိုပြုထားပါတယ်။

ဗြိတိန်၀န်ကြီးချုပ် ထရီဆာမေ ကတော့ အဲဒီလို လုပ်ရင် ယူကေ ကနေ မြောက်ပိုင်း အိုင်ယာလန် ခွဲထွက်သွားစေ နိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ပြောပါတယ်။

အဲဒီလို လုပ်ဖို့ ထရီဆာမေရော မြောက်ပိုင်းအိုင်ယာလန်က ဒီမိုကရက်တစ် ယူနီယန်နစ် ပါတီကပါ ဘယ်တော့မှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။

သဘောတူညီချက် မရရင် ဘာဖြစ်မလဲ

ကုန်သွယ်ရေး သဘောတူညီချက် မရဘူးဆိုရင် ဗြိတိန်အနေနဲ့ အီးယူနဲ့ ကုန်သွယ်ရေး ကိစ္စတွေမှာ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ရဲ့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း ဆောင်ရွက် ရမှာဖြစ်ပါတယ်။

ဒါဆိုရင် ကုန်ပစ္စည်းတွေ အပေါ် အကောက်ခွန် စစ်ဆေးတာတွေ၊ အခွန် စည်းကြပ်တာတွေ အပြင် နယ်စပ် တလျှေက်မှာ ခရီးသွားတွေကို စစ်ဆေးတာ တွေလည်း ပြုလုပ်လာမှာ ပါတယ်။

ဒီနေရာမှာ ကမ္ဘာ့ ဘဏ္ဍာရေး ဆိုင်ရာ ဌာန တစ်ခုဖြစ်တဲ့ ဗြိတိန်ရဲ့ အနေအထားဘယ်လို ဖြစ်သွားမလဲ၊ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူကေနဲ့ အိုင်ယာလန်သမ္မတ နိုင်ငံတို့ကြား ဘယ်လို ဖြစ်သွားမလဲ ဆိုတာ လည်း မေးစရာ ရှိလာပါတယ်။

ဒါ့အပြင် တခြား အီးယူ နိုင်ငံတွေမှာ သွားရောက် နေထိုင်ကြတဲ့ ဗြိတိန် နိုင်ငံသားတွေ နေထိုင်ခွင့် ဆုံးရှုံးသွားမလား၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက် ခံရမှု အခွင့်အရေး ဆုံးရှုံး သွားမလား ဆိုတာတွေကလည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။

ဓာတ်ပုံ မူပိုင် PA

ယူကေမှာနေတဲ့ အီးယူနိုင်ငံသားတွေနဲ့ အီးယူမှာ နေတဲ့ ယူကေနိုင်ငံသားတွေ

ယူကေမှာ အီးယူနိုင်ငံတွေက နိုင်ငံသား ၃ ဒသမ ၂ သန်း ရှိနေပြီး အိုက်စလန်၊ လစ်ချတန်စတိုင်း Liechtenstein ၊ နော်ဝေနဲ့ ဆွစ်ဇာလန် နိုင်ငံတို့က နိုင်ငံသားတွေ လိုပဲ ဗြိတိန်ရဲ့ ဥပဒေတွေကို လေးစား လိုက်နာပြီး ဆက်လက် နေထိုင် အလုပ် လုပ်နိုင်တယ်လို့ ပြောပါတယ်။

ဒါက ဗြိတိန်နဲ့ အီးယူတို့ရဲ့ သဘောတူညီချက်အရ ဖြစ်ပါတယ်။

အလားတူပဲ အီးယူ နိုင်ငံတွေမှာ ရှိကြတဲ့ ယူကေ နိုင်ငံသားတွေဟာလည်း သူတို့ရဲ့ လက်ရှိ နေထိုင်ခွင့်အတိုင်း ဆက်လက် နေထိုင်ခွင့် ရှိပါတယ်။

ဒါကို အီးယူ အကြီးအကဲ Jean-Claude Junker က အကုန်အကျ သက်သာပြီး ရိုးရှင်းတဲ့ အစီအစဉ်လို့ ပြောပါတယ်။

အဲဒီ အတွက် အချိန်ကာလ သတ်မှတ်ရက်က ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက် ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Thinkstock

ဗြိတိန်နဲ့ အီးယူကြား နှစ်ဘက် သဘောတူညီထားတဲ့ အဲဒီဥပဒေမှာ အကြုံးဝင်သူတွေက ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက် နောက်ပိုင်းမှ မွေးလာကြမယ့် ကလေးတွေ ကလည်း ဒီသဘောတူညီချက် အတိုင်း ခံစားခွင့် ရှိပါမယ်။

သက်ဆိုင်ရာ နိုင်ငံတွေမှာ ဆက်လက် နေထိုင်ခွင့်ကတော့ ငါးနှစ် ရကြမှာဖြစ်ပါတယ်။

လက်ရှိ ရထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကတော့ Brexit ပြီးသွားရင် ဆက်ရမလား မရဘူးလား ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

နေထိုင်ခွင့်ဆိုင်ရာ သဘောတူညီချက်ကလည်း ဗြိတိန်နိုင်ငံ ခွဲထွက်ရေး ကိစ္စမှာ ဗြိတိန်နဲ့ အီးယူတို့ကြား အလုံးစုံ သဘောတူညီချက် ရပြီးမှသာ အကျိုးသက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။

ယူကေမှာ ငါးနှစ်နဲ့ အထက်နေသူ အီးယူတွေ ဆက်နေခွင့်ရ

ဆက်စပ် အကြောင်းအရာများ