၀န်ကြီးချုပ်ကို ဖြုတ်ပြီး ပါလီမန်ကို ရပ်လိုက်တဲ့ သီရိလင်္ကာ

ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption သမ္မတ ဆရီဆီနာ နဲ့ ဝန်ကြီးချုပ် ဝစ်ခရမ်မက်ဆင်းဂ်

သီရိလင်္ကာနိုင်ငံ သမ္မတ မိုင်သရီပါလာ ဆရီဆီနာက ဝန်ကြီးချုပ်ကို ရာထူး ကနေ ထုတ်ပယ် လိုက်ပြီး ပါလီမန်ကိုလည်း ရပ်စဲလိုက်ပါတယ်။

ညွန့်ပေါင်း အစိုးရအဖွဲ့ကနေ သမ္မတရဲ့ စည်းလုံးညီညွတ်သော လူထုလွတ်မြောက်ရေး မဟာမိတ် (UPFA) ပါတီ နုတ်ထွက် သွားပြီး တဲ့ နောက် သမ္မတ ဆရီဆီနာက ဝန်ကြီးချုပ် ဝစ်ခရမ်မက်ဆင်းဂ် ကို ရာထူးကနေ ထုတ်ပယ်ခဲ့ ပါတယ်။

သမ္မတက ဒီလိုလုပ်ဆောင်တာကို စိန်ခေါ်ဖို့နဲ့ ထောက်ခံသူအများစု ရှိတယ် ဆိုတာ သက်သေပြဖို့ ဝန်ကြီးချုပ် ဝစ်ခရမ်မက်ဆင်းဂ် က အရေးပေါ် ပါလီမန် အစည်းအဝေး ခေါ်ဖို့ကြိုးစားခဲ့ပါတယ်။

ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး နောက်တရက်မှာပဲ သမ္မတ ဆရီဆီနာက ပါလီမန်ကို ရပ်ဆိုင်းလိုက်သလို သမ္မတဟောင်း မဟင်ဒါ ရာဂျာပက်ခ်ဆာ ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အတိုက်အခံတွေက အခုလို လုပ်ဆောင်တာ အခြေခံ ဥပဒေနဲ့ မညီဘူးဆိုပြီး ထောက်ပြနေပါတယ်။ ဒါကြောင့် သီရိလင်္ကာ အနေနဲ့ အခြေခံ ဥပဒေဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။

တကယ်တော့ ၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ ဆရီဆီနာက မစ္စတာ ရာဂျာပက်ခ်ဆာကို အနိုင်ရ ရှိခဲ့ပါတယ်။

ဒီလိုအနိုင်ရဖို့ ဝန်ကြီးချုပ် မစ္စတာ ဝစ်ခရမ်မက်ဆင်းဂ်က မစ္စတာ ဆရီဆီနာကို ကူညီခဲ့တာပါ။

ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံကို သီရိလင်္ကာက ဆိပ်ကမ်း ငှားရမ်းရေး ကိစ္စနဲ့ ပတ်သက်လို့ အစိုးရ အဖွဲ့အတွင်းမှာ သူတို့ နှစ်ဦး သဘောထား ကွဲလွဲခဲ့ရာကနေ အခုလို ရာထူးကနေ ဖယ်ရှားပြီး ပါလီမန်ကို ရပ်လိုက်တဲ့အထိ ဖြစ်လာတာ ဖြစ်ပါ တယ်။

အစိုးရအဖွဲ့ထဲက တာဝန်ရှိသူတွေကလည်း မစ္စတာ ဝစ်ခရမ်မက်ဆင်းဂ်ကို ဝန်ကြီးချုပ် အဖြစ် ဆက်လက် ထောက်ခံနေဆဲ ဖြစ်ပါတယ်။

ဘဏ္ဍာရေး ဝန်ကြီး Mangala Samaraweera ကလည်း ဝန်ကြီးချုပ်ကို ဖြုတ်ချ လိုက်တဲ့အပေါ် ဒီမိုကရေစီကို ဆန့်ကျင် တဲ့ အာဏာသိမ်းမှု အဖြစ် ပြောဆိုခဲ့ပြီး အခြေခံ ဥပဒေအရ ဝန်ကြီးချုပ်ကို သမ္မတက ဖြုတ်ပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။

အစိုးရ ပြောခွင့်ရ Raitha Senaratne က မစ္စတာဝစ်ခရမ်မက်ဆင်းဂ်က နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် ရှိနေ သေးတယ် လို့ ပြောပါတယ်။

ဒါ့အပြင်သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ နေထိုင်တဲ့ Benedict Jayaraက ဝန်ကြီး ချုပ်ဆိုတာ ပြည်သူတွေက ရွေးချယ် ရမှာ ဖြစ်ပြီး တဦးတယောက်က သူတို့ ဖြစ်ချင်တဲ့သူကို ခန့်လို့မရပါဘူးလို့ ပြောပါတယ်။

ပါလီမန်ကို ရပ်ဆိုင်းပြီး နိုဝင်ဘာ ၁၆ ရက်မှ ပြန်စဖို့ သမ္မတ ဆရီဆီနာက ဆုံးဖြတ်တာဟာလည်း မစ္စတာ ရာဂျာပက်ခ်ဆာ အနေနဲ့ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံချက်ရဖို့ ကြိုးပမ်းမှု တခုလို့လည်း ဆိုပါတယ်။

တကယ်တော့ မစ္စတာ ရာဂျာပက်ခ်ဆာသမ္မတ အဖြစ် တာဝန်ယူခဲ့စဉ် အတွင်း ၂၀ဝ၉ ခုနှစ်မှာ ပြည်တွင်းစစ်ကို အဆုံး သတ် နိုင်ခဲ့ပေမယ့် နောက်ဆုံး တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ကာလမှာ အစိုးရတပ်ဖွဲ့တွေက တမီလ်း အရပ်သားတွေ ထောင်နဲ့ချီ သတ်ခဲ့တယ် ဆိုပြီး စွပ်စွဲခံထားရပါတယ်။

၂၆ နှစ်တာ ပြည်တွင်း စစ်အတွင်း လူ ၈ သောင်းကနေ ၁ သိန်း ကြား သေဆုံးတယ်လို့ ခန့်မှန်းထားပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်လို့လည်း အစိုးရနဲ့ သူပုန်တို့ တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သမ္မတဟောင်း ရာဂျာပက်ခ်ဆာ

ဒါ့အပြင် မစ္စတာ ရာဂျာပက်ခ်ဆာ အစိုးရဟာ အကျင့်ပျက်ခြစားမှုတွေ အများကြီး ရှိခဲ့တယ်လို့လည်း စွပ်စွဲခံနေရပါတယ်။

သမ္မတ ဆရီဆီနာဟာ သမ္မတဟောင်း မစ္စတာ ရာဂျာပက်ခ်ဆာရဲ့လက်အောက်မှာ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သလို နောက်ပိုင်းမှ သူ့ကို ပြန်ဆန့်ကျင်ခဲ့ သူလည်း ဖြစ်ပါတယ်။

သီရိလင်္ကာ ပြည်တွင်းစစ်နဲ့ ကျူးလွန်ခဲ့တဲ့ မတော်မတရားလုပ်ဆောင်မှုတွေကို တာဝန်ခံဖို့ လုပ်ဆောင်သွားမယ်လို့ ကတိ ကဝတ် ပြုပြီး သမ္မတ ဆရီဆီနာ အစိုးရ အာဏာ ရလာခဲ့တာပါ။

ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် သမ္မတ ဆရီဆီနာက ပြည်တွင်းစစ်မှာ မတော် မတရား လုပ်ဆောင်မှုတွေကို စုံစမ်းဖို့ ကော်မတီ တခု ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် သမ္မတ ဆရီဆီနာက မစ္စတာ ရာဂျာပက်ခ်ဆာနဲ့ ပြန်လည် လက်တွဲဖို့ ကြိုးစာ တာကြောင့် သီရိလင်္ကာ နိုင်ငံရေး က ဘယ်လို ဖြစ်လာမလဲဆိုတာကို လေ့လာသူ တွေက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ