ရေကိစ္စကြောင့် အိန္ဒိယ ရုပ်သံလိုင်းအားလုံး ပြသခွင့် ပါကစ္စတန် ပိတ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယရဲ့ ဘောလီးဝုဒ် ဇာတ်ကားတွေဟာ ပါကစ္စတန်မှာ လူကြိုက်များတယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယနိုင်ငံက ရုပ်မြင်သံကြားလိုင်းတွေ ပြသခွင့်ကို ပါကစ္စတန် ဗဟိုတရားရုံးချုပ်က တားမြစ်လိုက်ပါတယ်။

အရင်က Lahore အဆင့်မြင့် တရားရုံးက ပြသဖို့ ခွင့်ပြုထားတဲ့ အမိန့်ကို ဗဟို တရားရုံးက ပြန်လည် ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယကနေ ပါကစ္စတန်ထဲကို စီးဆင်းနေတဲ့ မြစ်တွေပေါ်မှာ အိန္ဒိယက ဆည် ဆောက်ဖို့ ကြိုးစားတာကြောင့် အခုလို ပိတ်လိုက်တာဟာ ဖြစ်သင့်တယ်လို့ ဗဟို တရားရုံးချုပ် တရားသူကြီး Saqib Nisarက ပြောပါတယ်။

ပါကစ္စတန်မှာ ရေသွင်း စိုက်ပျိုးရတဲ့ စိုက်ခင်း ၈၀ ရာခိုင်နှုန်းကျော်ဟာ Indus မြစ်နဲ့ မြစ်လက်တက်တွေကို မှီခိုနေရပြီး ဒီမြစ်လက်တက်တွေ အားလုံးဟာ ဟိမဝန္တာ ကနေ မြစ်ဖျားခံလာတာ တာဖြစ်ပါတယ်။

အိန္ဒိယ အနေနဲ့ ပါကစ္စတန်ကို ဆန့်ကျင်ဖို့ ဆည်တွေကို လက်နက်လို သုံးတယ်လို့ ပါကစ္စတန်က ပြောလေ့ရှိတာကို အိန္ဒိယက အမြဲ ငြင်းပယ်လေ့ရှိပါတယ်။

အိန္ဒိယရဲ့ ရုပ်သံလိုင်းနဲ့ ရုပ်ရှင်ဇာတ်ကား တွေဟာ ပါကစ္စတန် နိုင်ငံမှာ လူကြိုက် များပေမယ့် တင်းမာမှုတွေ ရှိလာတိုင်း ပါကစ္စတန်မှာ ပြသဖို့ တားမြစ် ပိတ်ပင် လေ့ရှိပါတယ်။ အိန္ဒိယရဲ့ ဘောလီးဝုဒ် ဇာတ်ကားတွေဟာ ပါကစ္စတန်မှာ လူကြိုက်များ တယ်လို့လည်း ဆိုပါတယ်။

၂၀၁၆ ခုနှစ်က ကက်ရှ်မီးယားဒေသ အငြင်းပွားမှုနဲ့ ပတ်သက်လို့ ဆန္ဒပြမှုတွေကို အိန္ဒိယက ခြေမှုန်းခဲ့ပြီးတဲ့နောက် ပါကစ္စတန်က အိန္ဒိယရဲ့ ရုပ်သံနဲ့ ရေဒီယိုလိုင်း အားလုံးကို တားမြစ်ခဲ့ပါတယ်။

၁၉၆၅ ခုနှစ် အင်ဒို-ပါကစ္စတန် စစ်ပွဲတုန်း ကလည်း အိန္ဒိယ ရုပ်ရှင်ဇာတ်ကားတွေကို ပါကစ္စတန်က တားမြစ်ခဲ့ဖူး ပါတယ်။ ၂၀ဝ၈ ခုနှစ်မှာ တားမြစ်တာကို ပြန် ရုပ်သိမ်းခဲ့ ပေမယ့် မကြာခဏ ဆိုသလို ပြန်လည် ပိတ်ပင်လေ့ရှိပါတယ်။