လက်စတာပိုင်ရှင် ရဟတ်ယာဉ်ပျက်ကျတာ ဘာ့ကြောင့်လဲ

ဓာတ်ပုံ မူပိုင် PETE White
Image caption ရဟတ်ယာဉ် ဘောလုံးကွင်းထဲက တက်သွားပြီး မကြာခင်မှာ အင်ဂျင်ရပ်သွားသလို ထင်ရ

အောက်တိုဘာလ ၂၇ ရက်နေ့က လက်စတာမြို့ လက်စတာအသင်း အိမ်ကွင်းမှာ ကစားတဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲအပြီး လက်စတာ အသင်းပိုင်ရှင် ထိုင်းနိုင်ငံသား ဗီချိုင်း စီဝတ်တနာ ပရာဖာ ပါတဲ့ ရဟတ်ယာဉ် ပျက်ကျတဲ့ အချိန်မှာ ရဟတ်ယာဉ် အမြီးပိုင်း ပန်ကာ အလုပ်လုပ်ပုံ မရတဲ့အတွက် လည်ထွက်ပြီး ပျက်ကျသွားပုံရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လက်စတာအသင်းကတော့ ရဲနဲ့ အရေးပေါ်ဌာန တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အသေးစိတ်ကို မကြာခင် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

အဲဒီ ရဟတ်ယာဉ်ဟာ ဒေသစံတော်ချိန် ည ၈နာရီခွဲ အချိန်မှာ ပျက်ကျခဲ့တာ ဖြစ်ပြီး လက်စတာ အသင်းပိုင်ရှင် ထိုင်းနိုင်ငံသား ဗီချိုင်း စီဝတ်တနာ ပရာဖာ ရဟတ်ယာဉ်ထဲမှာ ပါသွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူ တဦးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် တရားဝင် အတည်ပြုချက်တော့ မထုတ်ပြန်သေးပါဘူး။

ဓာတ်ပုံ မူပိုင် Rex Features
Image caption ကွင်းနဲ့ မီတာ ရာဂဏန်းလောက်ပဲ ကွာတဲ့ နေရာမှာရှိတဲ့ ကားရပ်နားစခန်း ရှိတဲ့နေရာမှာ ပျက်ကျ

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်များ

အခုလို ပျက်ကျမှု မဖြစ်ခင် တနာရီလောက်အလိုမှာ ပြီးဆုံးသွားတဲ့ လက်စတာနဲ့ ဝက်စ်ဟမ်းပွဲကို လာရောက်သူ ဓာတ်ပုံဆရာ ရိုင်ယန် ဘရောင်းကလည်း အဲဒီ ရဟတ်ယာဉ် ဘောလုံးကွင်းထဲက တက်သွားပြီး မကြာခင်မှာ အင်ဂျင်ရပ်သွားသလို ထင်ရတဲ့အတွက် လှည့်ကြည့်လိုက်တဲ့အချိန်မှာ စက်မလည်နိုင်သလို ကြိတ်ဝါးတဲ့ အသံမျိုးကြားရပြီး မောင်းတဲ့သူလည်း ထိန်းနိုင်တော့တဲ့ ပုံမရပဲ ရဟတ်ယာဉ်လည်း ပတ်ချာလည် လည်ထွက်သွားတာကို တွေ့ခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးတဲ့အချိန်မှာတော့ ပေါက်ကွဲသံကြီးတခုကြားရပြီး မီးလုံးကြီး မိုးပေါ်တက်သွားတာကို မြင်လိုက်ရတာပါပဲ လို့လည်း သူက ဆက်ပြောပါတယ်။

စကိုင်းအားကစားသတင်းထောက် ရော့ဘ် ဒေါဆက်ကလည်း ပိုင်ရှင်ဟာ အမြဲတမ်း ကွင်းထဲကနေ ရဟတ်ယာဉ်နဲ့ ထွက်သွားနေကျ ဖြစ်ပြီး ရဟတ်ယာဉ်တက်သွားပြီး စက္ကန့်ပိုင်း အတွင်းမှာပဲ ထိန်းနိုင်တော့တဲ့ပုံမရပဲ မီတာ ရာဂဏန်းလောက်ပဲ ကွာတဲ့ နေရာမှာရှိတဲ့ ကားရပ်နားစခန်း ရှိတဲ့နေရာမှာ ပျက်ကျသွားတယ်လို့ ဆိုပါတယ်။

ရဟတ်ယာဉ်ပျက်ကျသွားတဲ့ နေရာနား ရောက်နေတဲ့ လီယို ဘရွတ်ကာ ဆိုတဲ့ မျက်မြင်သက်သေတဦးကလည်း ရဟတ်ယာဉ်က ကားရပ်စခန်းနားထဲ ကျလာတဲ့ အချိန်မှာ အနားက ရဲကား တစီးထဲက ရဲသား ၂ ယောက် ထွက်လာတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် LIAM HOPKIN / @HOPKIN_LIAM
Image caption ဗီချိုင်း စီဝတ်တနာ ပရာဖာ ရဟတ်ယာဉ်ထဲမှာ ပါသွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူ တဦးက ဘီဘီစီကို ပြော

အဲဒီထဲက တယောက်က ပျက်ကျနေတဲ့ ရဟတ်ယာဉ်ဆီကို ပြေးသွားပြီး ရဟတ်ယာဉ် ပြတင်းပေါက်ကို ခွဲဖို့ ကြိုးစားပေမယ့် ပေါက်ကွဲမှုကြောင့် အနားမကပ်နိုင်ပဲ နောက်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်စတာ ပရိသတ်တဦးကလည်း ပေါက်ကွဲမှု ဖြစ်ပြီးတဲ့အချိန်မှာ လက်စတာ ဂိုးသမား ကက်စ်ပါ ရှမိုက်ကယ်က ဖြစ်တဲ့နေရာဆီကို အရင်ဆုံး ပြေးထွက်လာတာကို တွေ့ခဲ့ရပြီး သူ့နောက်ကနေ လုံခြုံရေးနဲ့ အစောင့်တွေ ပြေးထွက်လာကြတာကို တွေ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လက်စတာရှာနယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန လက်ထောက်ချုပ် အန်ဒရူး ဘရော့ဒီ ကတော့ လက်စတာရှာ ရဲဌာနချုပ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့မနက်ပိုင်းက သက်ဆိုင်ရာ ဌာနပေါင်းစုံပါတဲ့ အစည်းအဝေးတွေ လုပ်ခဲ့ကြတယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။

အများပြည်သူတွေ အနေနဲ့ ဘယ်သူတွေ ပါသွားသလဲ ဆိုတဲ့ ကိစ္စနဲ့ ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ ကိစ္စအပေါ် မှန်းဆ ပြောဆိုတာတွေ မလုပ်ကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

လက်စတာရှာ ရဲဌာနကလည်း လေကြောင်း မတော်တဆဖြစ်မှု စုံစမ်း စစ်ဆေးရေးအဖွဲ့ အပါအဝင် တခြားအရေးပေါ် အဖွဲ့တွေနဲ့အတူ လက်စတာ အသင်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပြီး အကြောင်းရင်း သိရအောင် လုပ်နေတယ်လို့ ဆိုပါတယ်။

Image caption လက်စတာရှာ ရဲဌာနက လေကြောင်း မတော်တဆဖြစ်မှု စုံစမ်း စစ်ဆေးရေးအဖွဲ့ အပါအဝင် တခြားအရေးပေါ် အဖွဲ့တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်နေ

ဘီဘီစီသတင်းထောက် အီရန် စရင်ဂျာရဲ့ သတင်းပေးပို့ချက်

ဝန်ထမ်းတွေ၊ နည်းပြအဖွဲ့နဲ့ အသင်းသားတွေလည်း မျက်ရည် တစမ်းစမ်းနဲ့ စိတ်မကောင်းကြပါဘူး။

အခုလို အဖြစ်မျိုးကြုံရတဲ့ ပိုင်ရှင်တွေ အသင်းကို စတာဝန်ယူတဲ့ အချိန်ကို ကောင်းကောင်း မှတ်မိပါသေးတယ်။

သူတို့ကို ထိုင်းစကားနဲ့ နုတ်ဆက်လိုက်တော့ တော်တော် သဘောကျသွားပုံ ရပါတယ်။ နောက်ပိုင်း သူတို့နဲ့ တော်တော် ရင်းနှီးသွားပြီး ဘန်ကောက်ရောက်တော့လည်း သူတို့ အိမ်ကို ရောက်သွားခဲ့ပြီး တကယ် ခင်ဖို့ကောင်းတဲ့ သူတွေ ဆိုတာ တွေ့ခဲ့ရပါတယ်။

သူဟာ လက်စတာ တော်ဝင် ဆေးရုံနဲ့ လက်စတာ တက္ကသိုလ်ကိုလည်း လှူဒါန်းထောက်ပံ့မှုတွေ လုပ်ခဲ့ပြီး အဓိက ဘောလုံးအသင်း တသင်းပဲ ရှိတဲ့ လက်စတာမြို့ကလည်း ဝမ်းပန်းတသာ ကြိုဆိုခံရတဲ့သူ ဖြစ်ပါတယ်။

ဖြစ်တဲ့နေ့ကဆိုရင် ဘောလုံးပွဲ မစခင် ထိုင်ခုံကို အသွားမှာ ပိုင်ရှင် ဥက္ကဋ္ဌက ကျနော့ကို 'ဟဲလို၊ ကောင်းသော နေ့လယ်ခင်းပါ' လို့တောင် နုတ်ဆက်သွားပါသေးတယ်။

ဘောလုံးပွဲ စကစားတော့လည်း အခြေအနေမကောင်းပဲ တမျိုးကြီး ဖြစ်နေလို့ ပိုင်ရှင်ရဲ့ အခြေအနေကို ကျနော်တို့ သတိထား ကြည့်နေမိကြတာ မှတ်မိပါတယ်။

Image caption ပရိသတ်တွေကလည်း ဝမ်းနည်းခြင်း အမှတ်တရ ပန်းတွေလာချ

ဌာနဆိုင်ရာနဲ့ သက်ဆိုင်သူတွေရဲ့ တုံ့ပြန်ချက်များ

လက်စတာမြို့တောင်ပိုင်း လေဘာပါတီ လွှတ်တော် ကိုယ်စားလှယ် ဂျွန် အက်ရှ်ဝေါ့သ် ကတော့ သူဟာ အရေးပေါ် ဌာနတွေနဲ့ အခြေအနေ တောက်လျှောက် မေးမြန်းနေပြီး မြန်မြန်ဆန်ဆန် လှုပ်ရှား တုံ့ပြန်ကြတဲ့ အတွက်လည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

လက်စတာ မြို့တော်ဝန် ပီတာ ဆိုးလ်စ်ဘီ ကလည်း ဝမ်းနည်းစွာနဲ့ ဆုတောင်းပေးနေတယ်လို့ ဆိုခဲ့ပြီး လက်စတာ အသင်းပိုင်ရှင်တွေဟာ မြို့နဲ့ လက်စတာ အသင်းကို အများကြီးလုပ်ပေးခဲ့တယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။

လက်စတာ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဘီဘီစီ တနေ့တာ ဘောလုံးပွဲ အစီအစဉ် တင်ဆက်သူ အင်္ဂလန် တိုက်စစ်မှူး ဂယ်ရီ လိုင်နီကာကလည်း လက်စတာအသင်းက လူတွေအားလုံးအတွက် စာနာမိပြီး ကြေကွဲစရာ ဖြစ်တဲ့အတွက် သူ့ရဲ့ အခက်ခဲဆုံး အစီအစဉ် တင်ဆက်မှုပါပဲလို့ တွစ်တာမှာ ပြောခဲ့ပါတယ်။

အလားတူပဲ လက်စတာရဲ့ အင်္ဂလန် တိုက်စစ်မှူး ဂျေမီ ဗာဒီ အပါအဝင် လက်စတာ အသင်းသားတွေ ဝက်စ်ဟမ်းအသင်းနဲ့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်တို့ကလည်း လက်စတာအသင်းအတွက် စာနာမိကြောင်းနဲ့ ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့မှာ လက်စတာ အမျိုးသမီးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး အသင်းတို့ရဲ့ ဘောလုံးပွဲ ကစားဖို့ ရှိပေမယ့် အခုလို ဖြစ်ရပ်ကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်းကိုလည်း လက်စတာ အမျိုးသမီးအသင်းက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Leicester City Football Club
Image caption ဗီချိုင်း စီဝတ်တနာ ပရာဖာ ၂၀၁၀ မှာ လက်စတာစီးတီးအသင်းကို ပေါင် ၃၉ သန်းနဲ့ ဝယ်ယူခဲ့

ဗီချိုင်း စီဝတ်တနာ ပရာဖာ

-သားသမီး လေးယောက်ရှိ

-ဒေါ်လာ သန်းထောင်ချီ ချမ်းသာသူ ဘီလီလျံနာ သဋ္ဌေး

-King Power International ဂျူတီ ဖရီး ဆိုင်တွေ ထူထောင်သူ

-၂၀၁၀ မှာ လက်စတာစီးတီးအသင်းကို ပေါင် ၃၉ သန်းနဲ့ ဝယ်ယူခဲ့

-သူ့ရဲ့ လက်ထက်မှာ လက်စတာအသင်းက ၂၀၁၆ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့

-လက်စတာ အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီး နောက်တနှစ်မှာလည်း ဥရောပ ချန်ပီယံ လိဂ် ကွာတားဖိုင်နယ်ရောက်