အင်ဒိုနီးရှား လိုင်းယွန်း ခရီးသည်တင် လေယာဉ် ပျက်ကျမှု ခန္ဓာကိုယ် အစိတ်အပိုင်းတွေရှာဖွေတွေ့ရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption လိုင်းယွန်း လေယာဉ် တစီးအား တွေ့ရစဉ်

အင်ဒိုနီးရှား နိုင်ငံ က လိုင်းယွန်း အဲလိုင်း ရဲ့ ခရီးသည်တင် ၇၃၇ မက်စ် လေယာဉ် ဟာ မြို့တော် ဂျာကာတာ ကနေ ပျံတက် သွားပြီး သိပ်မကြာခင် မှာ ပျက်ကျ သွားခဲ့ရပါတယ်။

လေယာဉ် ခရီးစဉ်အမှတ် ဂျေတီ - ၆၁၀ က ပန်ဂဲလ် ကျွန်း ကို ဦးတည် ပျံသန်း ခဲ့တာ ဖြစ်ပြီး ခရီးသည် ၁၈၉ ဦး လိုက်ပါသွားခဲ့တာပါ။

အဲဒီ နောက်မှာ လေယာဉ် နဲ့ ထိန်းသိမ်းရေး မျှော်စင် တို့ အဆက်အသွယ် ပျက်တောက် သွားခဲ့ပြီး ပင်လယ်ထဲကို ထိုးကျ သွား ခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျ ခဲ့မှု အတွက် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက် နေရာမှာ လက်ရှိ အချိန်အထိ အသက်ရှင် ကျန်ရစ်တဲ့ အရိပ် အယောင် မတွေ့ ရသေးဘူးလို့ သိရပါတယ်။

Image caption လိုက်ပါသွားတဲ့ ခရီးသည် ဉီးရေ

အဲဒီ ၇၃၇ မက်စ် လေယာဉ် ဟာ အခုနှစ် ဩဂုတ် လ ကမှ စတင် အသုံးပြုတဲ့ လေယာဉ် အသစ် ဖြစ်ပါတယ်။ ဘာကြောင့် ပျက်ကျ ရသလဲ ဆိုတဲ့ အကြောင်း ရင်း ကိုလည်း မသိရသေးပါဘူး။

ဒါဟာ ၇၃၇ အမျိုးအစား လေယာဉ်ကို အဆင့်မြှင့် ထားတဲ့ ၇၃၇ မက်စ် လေယာဉ် အမျိုးအစား ရဲ့ ပထမဦးဆုံး ပျက်ကျ မှုလည်း ဖြစ်ပါတယ်။

ခရီးသည်တင် လေယာဉ် ဟာ ရေထဲ ကို ထိုးဆင်း ကျသွားတာ ဖြစ်ပြီး ရေ အနက် မီတာ ၃၀ ကနေ ၄၀ အထိ ကို ရောက်သွား ခဲ့ရတယ်လို့ ကယ်ဆယ်ရေး အဖွဲ့ က ပြောရေး ဆိုခွင့် ရှိသူ ယူဆွတ် လက်တစ်ဖ် က ပြောပါတယ်။ နောက်ပြီး လေယာဉ် ရဲ့ အပျက်အစီး အပိုင်းအစ တွေကို ဆက်လက် ရှာဖွေ နေတုန်းပဲလို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် INDONESIA SEARCH AND RESCUE
Image caption ပင်လယ်ထဲမှာ ဆက်လက် ရှာဖွေရေး လုပ်နေဆဲ

လက်ရှိအချိန်မှာတော့ ခရီးသည်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို ပင်လယ်ထဲ ကနေ ဆယ်ယူ ရရှိထားပြီး၊ ကလေး ဖိနပ်တွေ၊ အိုင်ဒီကဒ် တွေ စတဲ့ သူတို့ ရဲ့ အသုံးအဆောင် ပစ္စည်း တွေကို လည်း ဆယ်ယူ နေကြပါတယ်။

လေယာဉ် ကိုယ်ထည် ပိုင်း ကို ဆက်လက် ရှာဖွေ နေဆဲ ဖြစ်တယ်လို့ အင်ဒိုနီးရှား ကယ်ဆယ်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ဘန်ဘန်း ဆူရီယို က ပြောပါတယ်။ လေယာဉ်ပေါ် အပျက်အစီးတွေကို ကြည့်ခြင်း အားဖြင့် အသက်ရှင် ကျန်ရစ် တဲ့ ခရီးသည် မရှိနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။

Image caption လေယာဉ်ပျက်ကျရာ ပြမြေပုံ

အစောပိုင်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာတော့ အဲဒီ လေယာဉ်ပေါ်မှာ လူကြီး ၁၇၈ ဦး၊ ကလေး ၂ ဦး နဲ့ မွေးကင်းစ အရွယ် ကလေးငယ် ၁ ဦး တို့ လိုက်ပါ သွားခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ခရီးသည်တွေ ရဲ့ မိသားစုဝင်တွေ ကတော့ လောလောဆယ်မှာ ဂျာကာတာ မြို့က ဟာလင် ပါဒန်နာကူစူးမား လေယာဉ် ကွင်းမှာ စုစည်း ရောက်ရှိနေ ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အသက်ရှင် ကျန်ရစ်သူ မရှိနိုင်ဘူးလို့ ကယ်ဆယ်ရေး အဖွဲ့ပြော

လိုင်းယွန်း လေကြောင်း လိုင်းဟာ အင်ဒိုနီးရှားနိုင်ငံ က ဈေနှုန်းချိုသာတဲ့ လေယာဉ် ခရီးစဉ်တွေကို ပြေးဆွဲ ပေးနေတဲ့ လေကြောင်း လိုင်း ဖြစ်ပါတယ်။

လေယာဉ် ခရီးစဉ် အမှတ် JT 610 ဟာ အောက်တိုဘာ ၂၉ ရက်၊ တနင်္လာနေ့ က အင်ဒိုနီးရှား စံတော်ချိန် မနက် ၆ နာရီ နဲ့ မိနစ် ၂၀ မှာ ပန်ဂဲလ် ကျွန်း က ဒီပါတီ အမီယာ လေယာဉ်ကွင်း ကို ဦးတည် ပျံတက် သွားခဲ့တာပါ ။ ပျံသန်းချိန် ၁၃ မိနစ် အကြာမှာ လေယာဉ် နဲ့ လေကြောင်းထိန်း မျှော်စင် တို့ အကြား အဆက်အသွယ် ပျက်တောက် သွားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်မှူးဟာ ဂျာကာတာမြို့တော် လေယာဉ်ကွင်း ဖြစ်တဲ့ ဆိုကာနို ဟတ်တ လေယာဉ်ကွင်း ကိုပြန်လည် ဆင်းသက်ဖို့ ခွင့်တောင်း ခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့ ခေါင်းဆောင် ဒါနန် ပရင်ဒိုကို က ပြည်တွင်း သတင်းဌာန တွေကို ပြောကြားခဲ့ပါတယ်။

Image caption လေယာဉ် ပုံစံ