လူနာ အယောက် ၁ဝဝ ကို သတ်ခဲ့ကြောင်း ဂျာမန်သူနာပြု ဝန်ခံ

ဓာတ်ပုံ မူပိုင် AFP
Image caption တရားခွင် အစမှာပဲ အယောက် ၁ဝဝ သတ်ခဲ့တာလို့ ဝန်ခံ

ဂျာမနီ နိုင်ငံမှာ အမျိုးသား သူနာပြုဟောင်း တစ်ယောက်ကို လူသတ်မှုနဲ့ စွက်ချက်တင်ထားပြီး တရားရုံးမှာ စတင် ကြားနာ စစ်ဆေးနေပြီ ဖြစ်ပါတယ်။

နီးလ်စ် ဟိုဂယ်ဆိုသူဟာ တရားရုံး ကြားနာမှု အစမှာပဲ သူ သတ်ခဲ့တာ လူ အယောက် ၁ဝဝ ရှိတယ်လို့ ဝန်ခံ ခဲ့တဲ့အတွက် ကမ္ဘာပေါ် လူအများဆုံး သတ်ဖြတ်ခဲ့တဲ့ စိတ္တဇ လူသတ်သမားတွေထဲက တစ်ယောက်အဖြစ် စာရင်းဝင် သွားပါတယ်။

အသက် ၄၁ နှစ် အရွယ် အဲဒီသူဟာ သူနာပြု တစ်ယောက် အနေနဲ့ သူ အလုပ်လုပ်ခဲ့တဲ့ ဂျာမနီ နိုင်ငံ မြောက်ပိုင်းက ဆေးရုံ နှစ်ရုံမှာ လူသတ်မှုတွေ ကျူးလွန် ခဲ့တာ ဖြစ်ပါတယ်။

ဆေးရုံကို ရောက်လာတဲ့ လူနာတွေကို ဆေးတွေ အလွန်အကျွံ ပမာဏမျိုး ထိုးပြီး သတ်ခဲ့တာ ဖြစ်တယ်လို့ ရဲစုံထောက်တွေက ထွက်ဆို ထားပါတယ်။

အဲဒီလို ကျူးလွန်ရတဲ့ အကြောင်းခံကတော့ လူနာတွေကို သေလုမျောပါး ဖြစ်အောင် ဆေးထိုး၊ ပြီးမှ ပြန်လည် အသက်ကယ်ပြတာမျိုးနဲ့ သူ့ လုပ်ဖော်ကိုင်ဘက်တွေက သူ့ကို အထင်ကြီးအောင် ပြုမူခဲ့တာ ဖြစ်တယ်ဆိုပြီး အစိုးရ ရှေ့နေတွေက ပြောပါတယ်။

လက်ရှိမှာလည်း ဟိုဂယ်ဟာ လူ ၆ ယောက် သေဆုံးမှုမှာ တာဝန်ရှိလို့ ဆိုပြီး ထောင်တစ်သတ် ချမှတ် ခံထားရနှင့်ပြီး ဖြစ်ပါတယ်။

Image caption မြောက်ပိုင်းက ဆေးရုံ နှစ်ခုမှာ လူသတ်မှုတွေ ကျုးလွန်ခဲ့

အခု တရားခွင်မှာတော့ သူဟာ အိုဒင်ဘာ့ဂ်မှာ လူ နာ ၃၆ ယောက်၊ ဒါမင်ဟော့စ်မှာ ၆၄ ယောက် သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံ လာပါတယ်။

အဲဒီလို သတ်ဖြတ်မှုတွေဟာ ၁၉၉၉ ကနေ ၂ဝဝ၅ ခုနှစ်ကြား ပေါ်ပေါက်ခဲ့တာပါ။

သူ သတ်ဖြတ်တာ ခံခဲ့ရတဲ့ လူနာတွေရဲ့ ရုပ်အလောင်းပေါင်း ၁၃ဝ ကို နောက်ပိုင်း နှစ်တွေကြမှ ပြန်တူးဖော်ပြီး စစ်ဆေးကြည့်တာမျိုး နှစ် အတန်ကြာ အချိန်ယူပြီးကာမှ အခု အမှုကို အသေအချာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

နှစ်ကာလ အကြာကြီး လူသတ်သမားတစ်ယောက် ဆေးရုံပေါ်မှာ လူနာတွေကို သတ်ဖြတ်နေ နိုင်ခဲ့တဲ့အတွက် ဂျာမနီ ကျန်းမာရေး အာဏာပိုင်တွေလည်း အကြီးအကျယ် အဝေဖန် ခံနေရပါတယ်။

အလောင်းပြန်ဖော်ပြီး စစ်ဆေးတဲ့ အထဲ မပါဝင်ပဲ မီး သင်္ဂြိုဟ်ခဲ့တဲ့ သူမျိုးတွေလည်း ရှိနိုင်တာကြောင့် ဟိုဂယ်ရဲ့လက်ချက် မိခဲ့သူတွေ ၁ဝဝ မကလည်း ရှိနေနိုင်တယ်လို့ တချို့ကတော့ ယူဆ နေကြပါတယ်။

ဟိုဂယ်ကို စဖမ်းမိခဲ့တာ ၂ဝဝ၅ ခုနှစ်မှာ ဖြစ်ပြီး ဒါမင်ဟော့စ် ဆေးရုံမှာ လူနာကို ဆရာဝန်က ညွှန်ကြားထားတာ မဟုတ်တဲ့ ဆေး ထိုးပေးတာကို မိခဲ့တာ ဖြစ်ပါတယ်။

၂ဝဝ၈ မှာတော့ လူသတ်ရန် ကြံစည် အားထုတ်မှုနဲ့ သူ့ကို ထောင် ၇ နှစ် ချခဲ့ပါတယ်။

Image caption ၂ဝဝ၅ မှာ စဖမ်းမိ
Image caption သတ်ခဲ့တာ အယောက် ၁ဝဝ မှ ကရဲ့လား

၂ဝ၁၄ နဲ့ ၂ဝ၁၅ မှာလည်း လူသတ်မှု ၂ ခု၊ သတ်ရန် အားထုတ်မှု ၂ ခုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်တစ်သက် အထိ ချခဲ့ပါတယ်။

အဲဒီ အချိန်တုန်းကတည်းက ဟိုဂယ်ကတော့ သူ ကျူးလွန်ခဲ့တာတွေ အတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး ကျန်ရစ်သူ မိသားစုတွေလည်း စိတ် အေးချမ်းသက်သာစေဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူ သတ်ဖြတ်ခဲ့တာတွေဟာ များသော အားဖြင့်တော့ ကြိုတင် ကြံစည်တာမျိုး မဟုတ်ပဲ ရုတ်တရက် ချက်ခြင်းဆိုသလို ဆုံးဖြတ်ခဲ့တာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စိတ်ရောဂါကု ဆရာဝန်ကိုလည်း သူ သတ်ခဲ့တာ အယောက် ၃ဝ ဆိုပြီး အဲဒီအချိန်က ပြောခဲ့ပါတယ်။

ဟိုဂယ် သတ်ဖြတ်ခဲ့တာ ဒီထက်ပို များနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ အဲဒီ အချိန်မှာ ဖြစ်လာပြီး နောက်ပိုင်း အလောင်း ၁၃ဝ ပြန် ဖော်ပြီး စစ်ကြည့်တာမျိုးတွေ ပြုလုပ် လာခဲ့တာ ဖြစ်ပါတယ်။

အဓိက ဆန်းစစ်တာကတော့ နှလုံးရပ်တာမျိုး ဖြစ်စေတဲ့ ဓာတုဆေးဝါး သဲလွန်စတွေကို အလောင်းတွေမှာ ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

ဟိုဂယ် အလုပ်လုပ်ခဲ့တဲ့ အိုဒင်ဘာဂ် ဆေးရုံမှာ ဆိုရင် လူနာတွေ နှလုံးရပ်သွားလို့ ပြန်လည် အသက်ကယ် ပေးရတဲ့ ဖြစ်ရပ်မျိုးတွေ၊ လူနာတွေ သေသွားခဲ့တာတွေဟာ ဟိုဂယ် တာဝန်ကျချိန်မှာ ဆိုရင် နှစ်ဆမက ပိုများကြောင်း ဆေးရုံမှတ်တမ်းတွေက ပြသနေတယ်လို့ ဂျာမနီ မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ