အစ္စလာမ် ဘာသာကို စော်ကားမှုနဲ့ သေဒဏ် ကျခံထားရသူ ခရစ်ယာန် အမျိုးသမီးကို ပါကစ္စတန်တရားရုံးချုပ်က ပြစ်ဒဏ် ရုပ်သိမ်း

ပါကစ္စတန်၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဘာသာရေး စော်ကားမှု
Image caption အိုင်ရှာ ဘီဘီရဲ့ အမှုကြောင့် ရှေးရိုးစွဲ ဘာသာရေးစိတ် ပြင်းထန်တဲ့ ပါကစ္စတန်နိုင်ငံမှာ သဘောထား ကွဲလွဲမှုတွေ အကြီးအကျယ် ဖြစ်ခဲ့

ပါကစ္စတန်နိုင်ငံမှာ ဘာသာရေး စော်ကားမှု ဥပဒေနဲ့ သေဒဏ် အပြစ်ပေး ခံထားရသူ ခရစ်ယာန် အမျိုးသမီး တဦးကို တရားရုံးချုပ်က ပြစ်ဒဏ်ကနေ ပြန်လည် ရုတ်သိမ်းလိုက်ပါတယ်။

အိုင်ရှာ ဘီဘီ ဆိုတဲ့ အဲဒီ ခရစ်ယာန် အမျိုးသမီးဟာ ၂၀၀၉ ခုနှစ်တုန်းက အမျိုးသမီး အုပ်စုတစုနဲ့ သစ်သီးခူး ထွက်ရင်း ရေခွက် လုရာကနေ စကားများခဲ့ကြတာပါ။

ခရစ်ယာန် အမျိုးသမီး သောက်ထားတဲ့ ရေခွက်က မသန့်တော့ဘူး။ ဒါ့ကြောင့် သူ့နဲ့ ရေခွက် အတူမသုံးနိုင်ဘူး ဆိုပြီး မွတ်ဆလင် အမျိုးသမီးတွေက ပြောခဲ့တဲ့အတွက် အပြန်အလှန် စကားများရာကနေ တမန်တော် မိုဟာမက် ကို စော်ကားတဲ့ စကားတွေကို အိုင်ရှာ ဘီဘီက ၃ ခါလောက် ပြောခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် သူ့အိမ်မှာ သူ့ကို ဝိုင်းရိုက်နှက်ကြတဲ့အခါ အိုင်ရှာ ဘီဘီက အစ္စလာမ် ဘာသာကို သူစော်ကားခဲ့ပါတယ် ဆိုပြီး ဝန်ခံခဲ့တယ်လို့ စွပ်စွဲသူ အမျိုးသမီးတွေက ပြောပါတယ်။

အိုင်ရှာ ဘီဘီ ကို ၂၀၁၀ ခုနှစ်မှာ တရားရုံးက သေဒဏ် ချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဘာသာရေး စော်ကားမှု ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူတာကို ပါကစ္စတန်မှာ လူအများအပြားက ထောက်ခံအားပေး

အထင်ကရ နိုင်ငံရေးသမား ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာလ်မန် တဆီယာ က အိုင်ရှာ ဘီဘီ ဘက်က ထောက်ခံတယ်လို့ ထုတ်ဖော်ပြောခဲ့ပြီး ဘာသာရေး စော်ကားမှု ဥပဒေတွေကို ပြန်ပြင်သင့်တယ်လို့ တောင်းဆိုခဲ့တဲ့ အတွက် လုပ်ကြံခံခဲ့ရပါတယ်။

လုပ်ကြံသူ လူသတ်သမားကို ကွပ်မျက် စီရင်ခဲ့ပေမယ့် အဲဒီလူကို ထောက်ခံသူတွေက သူ့ကို ဘာသာရေး သူရဲကောင်းကြီး အဖြစ် အစ္စလာမာဘာ့ဒ်မြို့ ဆင်ခြေဖုံးမှာ ဗိမာန်ကြီးတခု ဆောက်ခဲ့ကြပြီး ဘာသာရေး စော်ကားမှု ဥပဒေတွေ ဆက်ထားရေး စည်းရုံးဖို့ နိုင်ငံရေး ပါတီတခု ဖွဲ့ခဲ့ရာမှာ အခုနှစ် ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၂ သန်း ရခဲ့ပါတယ်။

အခုတော့ တရားရုံးချုပ်က ဒီအမှုဟာ ဖြစ်ကတတ်ဆန်း အထောက်အထား အချက်အလက်တွေပေါ်မှာ အခြေခံထားပြီး လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးအရေးယူတာမျိုး မရှိခဲ့ဘူးလို့ ဆိုခဲ့ပြီး ကိုရ်ရမ် ကျမ်းစာနဲ့ တမန်တော် မိုဟာမက်ရဲ့ ဆုံးမစကားထဲမှာ မွတ်ဆလင် မဟုတ်သူတွေကို တန်းတူ ဆက်ဆံရမယ် ဆိုတဲ့ အချက်ကို ကိုးကားပြီး ပြစ်ဒဏ်ကနေ ပြန်ရုတ်သိမ်းလိုက်တာပါ။

အိုင်ရှာ ဘီဘီ ရဲ့ အမှုဟာ ထိလွယ် ရှလွယ်ပြီး အကြမ်းဖက် တုံ့ပြန်မှုတွေ ပေါ်လာနိုင်တယ် ဆိုတာကို သဘောပေါက်ထားတဲ့ တရားရုံးချုပ်က ပြစ်ဒဏ် ကင်းလွတ်ကြောင်းကို မြန်မြန်ဆန်ဆန်ပဲ စီရင်ချက်ချခဲ့ပါတယ်။

အစ္စလာမ် ဘာသာဟာ ပါကစ္စတန်ရဲ့ နိုင်ငံတော် ဘာသာဖြစ်ပြီး ဘာသာရေး စော်ကားမှု ဥပဒေတွေ တင်းတင်းကြပ်ကြပ် ပြဌာန်းထားတာကို လူထုက ထောက်ခံအားပေးကြပါတယ်။

အယူစွဲ ကြီးတဲ့ နိုင်ငံရေး သမားတွေကလည်း လူထု ထောက်ခံ အားပေးမှု ရအောင် စည်းရုံးတဲ့အနေနဲ့ ဒီဥပဒေတွေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးတာကို ထောက်ခံလေ့ ရှိပါတယ်။

ဒါပေမယ့် ပုဂ္ဂိုလ်ရေး အငြင်းပွားတဲ့အခါ ဒီဥပဒေတွေကို သုံးပြီး ကလဲ့စား ချေတာမျိုးတွေလည်း ရှိနေတယ်လို့ ဝေဖန်သူတွေက ပြောနေပါတယ်။

လူဦးရေရဲ့ တစ်ရာခိုင်နှုန်း ကျော်ကျော် ရှိတဲ့ ခရစ်ယာန် ဘာသာဝင်တွေအပေါ်မှာလည်း ဘာသာရေး စော်ကားမှု ဥပဒေတွေနဲ့ လတ်တလော နှစ်ပိုင်းအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခံ လာနေရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပါကစ္စတန်မှာ နေရတာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ အိုင်ရှာ ဘီဘီရဲ့ ခင်ပွန်းနဲ့ သမီးက ပြော

အခု အိုင်ရှာ ဘီဘီ ဟာ ဒီဘာသာရေး စော်ကားမှု ဥပဒေတွေနဲ့ သေဒဏ် အပြစ်ပေးခံရတဲ့ ပထမဆုံးအမျိုးသမီး ဖြစ်ပါတယ်။

သူ့ကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးလိုက်တဲ့ နေ့မှာပဲ ဒီစီရင်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ရှိခဲ့ပြီး အစ္စလာမာဘာ့ဒ်မြို့မှာ အသွားအလာတွေ ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ