အသားစားတာနဲ့ သက်သတ်လွတ် စားတာ အကျိုး ကျေးဇူး ဘယ်လို ကွာသလဲ

သက်သတ်လွတ်၊ တိရစ္ဆာန်၊ အသီးအရွက် ဓာတ်ပုံ မူပိုင် EPA
Image caption စပိန်နိုင်ငံ ဘာစီလိုးနားမြို့က နိုင်ငံတကာ အသား မစားသူများနေ့ အထိမ်းအမှတ်ပွဲမှာ သက်သတ်လွတ် သမားတွေ သရုပ်ပြ ပုံဖော်

သက်သတ်လွတ် စားတဲ့ သမိုင်းကြောင်း

သက်သတ်လွတ် စားတဲ့ အလေ့အထဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်ကတည်းက ရှေးဟောင်း အိန္ဒိယနဲ့ မြေထဲပင်လယ် အရှေ့ပိုင်း ဒေသတွေမှာ ရှိခဲ့ပါတယ်။

တိရစ္ဆာန်တွေကို နာကျင်အောင် မလုပ်ရဘူး။ အသက်မသတ်ရဘူးလို့ အာရှ ဒေသမှာ ဟိန္ဒူဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်ထားကြသလို သက်ရှိ သတ္တဝါ တဦးက ကိုယ့်ခန္ဓာ ဝဖြိုးဖို့ နောက်သက်ရှိ သတ္တဝါရဲ့ အသားကို သတ်စားတယ် ဆိုတာဟာ ယုတ်ညံ့မှု ဖြစ်တယ် ဆိုတဲ့ ဂရိ အတွေးအခေါ်တွေလည်း ဥရောပ ဒေသမှာ ရှေးကတည်းက ရှိခဲ့ပါတယ်။

သက်သတ်လွတ် စားတာကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး

UK မှာ မကြာသေးခင်က လုပ်ခဲ့တဲ့ စစ်တမ်းတခုအရ အသားမစားတဲ့ သူ ၄၉ ရာခိုင်နှုန်းဟာ ကျန်းမာရေးကြောင့် အသားရှောင်ကြတာလို့ တွေ့ရပါတယ်။

အမဲသားနဲ့ ဝက်အူချောင်း၊ ကြက်အူချောင်းတို့လို ကြိတ်ထားတဲ့ အသားတွေ စားတာဟာ အူလမ်းကြောင်း ကင်ဆာ ဖြစ်ဖို့ အန္တရာယ် ပိုများတယ် ဆိုတာကို လေ့လာ တွေ့ရှိချက်တွေမှာ ဖေါ်ပြထားပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ အပါအဝင် အမျှင်ဓါတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားခြင်းအားဖြင့် ကင်ဆာ ရောဂါ တချို့ မဖြစ်အောင် ကာကွယ်နိုင်တယ် ဆိုပြီး ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ၂၀၁၅ ခုနှစ်တုန်းက အကြံပြုထားပါတယ်။

ဒါပေမယ့် သက်သတ်လွတ် စားခြင်းအားဖြင့် ပိုကျန်းမာတယ် ဆိုတာ လေ့လာတွေ့ရပေမယ့် အသက် ပိုရှည်နိုင်တယ် ဆိုတာကိုတော့ သက်သေ မပြနိုင်သေးပါဘူး။

ဓာတ်ပုံ မူပိုင် PA
Image caption ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံ အပါအဝင် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစာတွေ စားဖို့ ကုလသမဂ္ဂက အကြံပြု

သက်သတ်လွတ် စားတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို အကျိုးပြုလဲ

သက်သတ်လွတ် စားတဲ့ အလေ့အထ အပေါ် စိတ်ဝင်စားသူတွေ များလာနေပေမယ့် တချိန်တည်းမှာပဲ ကမ္ဘာတဝန်းမှာ အသား စားသုံးမှု ပမာဏဟာလည်း တိုးလာနေပါတယ်။

လူဦးရေ အများဆုံး ရှိတဲ့ တရုတ်နဲ့ အိန္ဒိယ လို နိုင်ငံတွေမှာ ဖွံ့ဖြိုး တိုးတက် ကြွယ်ဝ လာတာနဲ့အမျှ အသားစားတဲ့ သူတွေလည်း ပိုများလာနေပါတယ်။

တိရစ္ဆာန်တွေက မီသိန်း ဓါတ်ငွေ့တွေ ထုတ်လွှတ်တာကြောင့် အသားထုတ်လုပ်ဖို့ တိရစ္ဆာန် မွေးမြူတဲ့ လုပ်ငန်းတွေရဲ့ အကျိုးဆက်အဖြစ် ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှုတွေလည်း မြင့်တက်လာနေတယ်လို့ ၂၀၁၃ ခုနှစ် ကုလသမဂ္ဂရဲ့ လေ့လာချက်ထဲမှာ ဖေါ်ပြခဲ့ပါတယ်။

ဖန်လုံအိမ် ထုတ်လွှတ်မှု စုစုပေါင်းရဲ့ ၁၄ ဒသမ ၅ ရာခိုင်နှုန်းဟာ တိရစ္ဆာန် တွေကနေ ထွက်တာ ဖြစ်ပြီး ကား၊ ရထား၊ သင်္ဘောနဲ့ လေယာဉ်ပျံတွေက ထွက်တဲ့ မီးခိုးငွေ့ ပမာဏနဲ့ တူညီတယ်လို့ ဘီဘီစီကလည်း တချိန်တည်းမှာ လေ့လာ တွေ့ရှိခဲ့ပါတယ်။

တခါဆလပ်ရွက် အလေးချိန် တပေါင် ထွက်ရှိဖို့ ရေ ၁၀၄ လီတာ အသုံးပြုရပေမယ့် အမဲသား အလေးချိန် တပေါင် အတွက် သုံးရတဲ့ ရေပမာဏက လီတာ ၂၃၇၀၀ လောက် ရှိတာမို့ အသား ထွက်ရှိဖို့အတွက် သဘာဝ အရင်းအမြစ်ကို အများကြီး သုံးရတာ တွေ့နိုင်ပါတယ်။

လောလောဆယ် ကမ္ဘာမှာ လူဦးရေ ၇ ဘီလျံလောက် ရှိနေပြီး ၂၀၁၀ မတိုင်ခင် ၉ ဒသမ ၂ လောက် တိုးလာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာတဝန်းမှာ သက်သတ်လွတ် စားသူ အရေအတွက် ဘယ်လောက် ရှိသလဲ ဆိုတာ တိတိကျကျ မသိရပေးမယ့် သက်သတ်လွတ် အသင်းတွေရဲ့ စာရင်းဇယားတွေအရ သန်း ၅၅၀ နဲ့ ၉၅၀ အကြား ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

သက်သတ်လွတ် အစားအစာ စီးပွားရေး လုပ်ငန်းတွေ ကြီးထွားလာမှု

ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလ အတွင်းမှာတင် အမေရိကန်နိုင်ငံမှာ သက်သတ်လွတ် စားသူ ဦးရေ ၆၀၀ ရာခိုင်နှုန်း တိုးလာသလို UK နိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ၄၀၀ ရာခိုင်နှုန်း တိုးလာတယ်လို့ လေ့လာ တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သက်သတ်လွတ် စားသူတွေ များလာတဲ့အတွက် သက်သတ်လွတ်ဆိုင်တွေ စီးပွားဖြစ်နေ

အင်စတာဂရမ် လို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ကျန်းမာ ကြံ့ခိုင်သူတွေက သက်သတ်လွတ် အစာ တွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ ချက်ပြနေတဲ့ ပုံတွေ တွေ့ရပြီး သက်သတ်လွတ် အစာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ကြော်ငြာခွင်ကြီး ဖြစ်လာနေပါတယ်။

ရှေ့ကို ကြိုမြင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေလည်း သက်သတ်လွတ် အစာ လုပ်ငန်းထဲ ခြေကုပ် ဝင်လာကြပြီး စီးပွားရေး အခွင့်အလမ်းတွေ အမိအရ ယူလာကြပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်း သက်သတ်လွတ် ဒိန်ခဲ ဆိုတာ ပေါ်လာတော့ လူတွေက ရယ်ပွဲ ဖွဲ့ခဲ့ကြပေမယ့် အခုတော့ ဒီလုပ်ငန်းက ၂၀၂၀ မတိုင်ခင်မှာ ဒေါ်လာ ၄ ဘီလျံ လောက် တန်ဘိုး တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

အစွန်းရောက် သက်သတ်လွတ် ဝါဒီတွေကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေ

သက်သတ်လွတ် စားတာဟာ တိရစ္ဆာန်တွေကို ချစ်ခင် သနားတာကြောင့် အဓိက ဖြစ်ပေမယ့် အစွန်းရောက်သွားတာတွေကြောင့် ဝေဖန် ပြောဆိုစရာတွေ၊ အငြင်းပွားစရာတွေလည်း ဖြစ်ခဲ့ရပါတယ်။

တိရစ္ဆာန် အရေး လှုပ်ရှားတဲ့ သက်သတ်လွတ် အစွန်းရောက် သမားတွေက တချို့ မွေးမြူရေး လုပ်ငန်းရှင်တွေ၊ သားသတ်သမားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ၊ သူတို့ရဲ့ ဆိုင်တွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ကြပါတယ်။

" တိရစ္ဆာန် သတ်သူတွေ၊ မုဒိမ်းကောင်တွေ" လို့ ခေါ်ဝေါ် သမုတ်တာတွေလည်း ရှိနေပြီး ဒါဟာ အတော်လေးကို ဘောင်ကျော်သွားပြီလို့ မွေးမြူရေး လုပ်ငန်းရှင် တဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တိရစ္ဆာန်အရေး လှုပ်ရှားသူတွေ ဆန္ဒပြခဲ့ကြ

တဘက်မှာလည်း ထောပတ်သီး၊ ဗာဒံစေ့၊ ဂေါ်ဖီစိမ်း စားတဲ့ သက်သတ်လွတ် သမားတွေဟာ အပြောတမျိုး အလုပ်တမျိုး လုပ်သူတွေလို့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

ဒီ အသီးအနှံပင်တွေဟာ ပျားပိတုန်းတွေ ဝတ်မှုန် ကူးဖို့ အားထားရတဲ့ အပင်တွေ ဖြစ်ပြီး တကယ့် သက်သတ်လွတ် စစ်စစ် သမားတွေကတော့ အဲဒီ အသီးအနှံ ၃ မျိုးကို စားလေ့ မရှိကြပါဘူး။

ပျားပိတုန်း နည်းပါးတဲ့ ဒေသတွေမှာ စီးပွားဖြစ် ပျားမွေးမြူရေးရှင်တွေက ပျားအုံတွေကို ဗာဒံပင် စိုက်ခင်းတွေ ထောပတ်ပင် စိုက်ခင်းတွေ၊ နေကြာ စိုက်ခင်းတွေဆီ လှည့်လည် ရွှေ့ပြောင်း ထားပေးရတယ်လို့ ဆိုပါတယ်။