ဖေ့စ်ဘွတ် အကောင့် ၈၁,ဝဝဝ က ဖောက်ထွင်းထားတဲ့ စာတွေ အင်တာနက်မှာတင်

Facebook image ဓာတ်ပုံ မူပိုင် Getty Images

ဖေ့စ်ဘွတ် အကောင့် အနည်းဆုံး ၈၁,ဝဝဝ က ဖောက်ထွင်းထားတဲ့ စာတွေကို ဖောက်ထွင်းသူတွေက အင်တာနက်မှာ လွှင့်တင်ခဲ့ကြပါတယ်။

ဖေ့စ်ဘွတ်အကောင့် သန်း ၁၂ဝ ရဲ့ အသေးစိတ် အချက်အလက်တွေ ရထားပြီလို့လည်း ဒီကျူးလွန်သူတွေက ဘီဘီစီရုရှားဌာနကို ပြောပါတယ်။ ဒါတွေကို ရောင်းမယ်လို့လည်း ဆိုပါတယ်။ ဒီလောက် ပမာဏထိ သူတို့ ဖောက်ထွင်းယူနိုင် သလား ဆိုတာကတော့ သံသယ ဖြစ်စရာပါ။

ဖေ့စ်ဘွတ်ကတော့ သူ့လုံခြုံရေး မကျိုးပေါက်ဘူးလို့ပဲ ပြောပါတယ်။ အချက်အလက်တွေကို အင်တာနက် မလုံခြုံတဲ့ နေရာတွေက ဖောက်ထွင်းယူတာ ဖြစ်နိုင်ပါတယ်။

'ဥပဒေ စိုးမိုးရေး'

နောက်ထပ် တခြားအကောင့်တွေ မထိခိုက်ရအောင် ကာကွယ်သွားမယ်လို့လည်း ဖေ့စ်ဘွတ်က ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားက ဖေ့စ်ဘွတ်သုံးသူအများအပြားရဲ့ ကိုယ်ရေး အချက်တွေ ဖောက်ယူခံရတယ်လို့ ဘီဘီစီက သိထားပါတယ်။ ဒါပေမဲ့ ဒီထဲမှာ ဗြိတိန်၊ အမေရိကန်၊ ဘရာဇီးနဲ့ တခြားနေရာတွေက သူတွေလည်း ဖောက်ထွင်းခံရတာတွေ ရှိပါတယ်။

အကောင့်တခုကို ဒေါ်လာငွေ ဆယ်ဆင့်နဲ့ ရောင်းမယ်လို့ ဖော်ထွင်းတဲ့ ဟက်ကာတွေက ကမ်းလှမ်းပါတယ်။ ဒါပေမဲ့ ဒီကြော်ငြာကို သူတို့ ပြန်ဖြုတ်ချထားပါတယ်။

" မကောင်းတဲ့ ဝက်ဆိုက်တွေကို ဖယ်ရှားဖို့ ရှာဖွေရေး ဆိုက်တွေကို ဆက်သွယ်ထားတယ်" လို့ ဖေ့စ်ဘွတ် အမှုဆောင် အရာရှိ ဂိုင်းရိုဆန်က ပြောပါတယ်။

"ဒီအတွက် ဥပဒေ စိုးမိုးရေး အာဏာပိုင်တွေကို ဆက်သွယ် အကြောင်းကြားထားပြီး ဒီဝက်ဆိုက်ကို ဖယ်ရှားပေးဖို့ တောင်းဆို ထားတယ်" လို့လည်း ဆိုပါတယ်။

ရင်းရင်းနှီးနှီး ရေးတဲ့ စာတွေ

FBSaler ဖဘအရောင်းသမား ဆိုတဲ့ နာမည်တုနဲ့ သုံးစွဲသူတယောက် အင်္ဂလိပ်လို ရေးတဲ့ အင်တာနက် ဖိုရမ်တခုမှာ တင်လာတဲ့ ပို့စ်တခုကြောင့် ဒီပေါက်ကြားမှုကို လူတွေ စသတိထားမိကြတာ ဖြစ်ပါတယ်။

"ဖေ့စ်ဘွတ်သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်တွေ ရောင်းတယ်၊ ကျွန်တော်တို့မှာ အကောင့် သန်း ၁၂ဝ က အချက်အလက်တွေ ရှိတယ် " ဆိုပြီး ဒီလူက ရေးပါတယ်။

ဖေ့စ်ဘွတ် အကောင့် ၈၁,ဝဝဝ က ဖောက်ထွင်းထားတဲ့ စာတွေကို တင်ထားတာ ဟုတ်တယ်လို့ ဒစ်ဂျစ်တယ် ရှဲဒိုး ဆိုင်ဘာ လုံခြုံရေး ကုမ္ပဏီ က စစ်ဆေးပြီး ဘီဘီစီကို အတည်ပြု ပေးပါတယ်။

နောက်ထပ် အကောင့် ၁၇၆,ဝဝဝ ဆီက အချက်အလက်တွေလည်း ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါကလည်း အီးမေးလိပ်စာ၊ ဖုန်းနံပါတ် စတာတွေကို တချို့က အကုန်လုံးသိအောင် တင်ထားတတ်လို့ အဲဒီလို အချက်တွေကို ပြောတာ ဖြစ်နိုင်ပါတယ်။

ဖေ့စ်ဘွတ်က ပို့တဲ့ စာတွေ အင်တာနက်မှာ တင်ထားတာ ဟုတ်သလား ရုရှားက ဖေ့စ်ဘွတ်သုံးသူ ငါးယောက်ကို ဘီဘီစီက မေးကြည့်တော့ သူတို့စာတွေ ဟုတ်မှန်ကြောင်း ပြန်ကြားကြပါတယ်။

နမူနာ အနေနဲ့ စာတစောင်မှာ မကြာခင်က သွားခဲ့တဲ့ အားလပ်ရက် ခရီး ဓာတ်ပုံတွေ ပါသလို နောက်တစောင်မှာတော့ သွားခဲ့တဲ့ ဂီတ ဖျော်ဖြေပွဲ အကြောင်းနဲ့ သမက်အကြောင်း မကျေနပ်တာတွေ ရေးတဲ့ စာတွေ ပါပါတယ်။

Image caption လူတွေ စိတ်ဝင်စားစရာ အချက်တွေ အင်တာနက်မှာ နမူနာတင်

ချစ်သူ နှစ်ယောက်ကြား ရင်းရင်းနှီးနှီး ရေးသားတဲ့ စာတွေလည်း ပါပါတယ်။

ဒီအချက်အလက်တွေ ဖော်ပြတဲ့ ဝက်ဆိုက်တခုကတော့ စိန့်ပီတာ စဘတ်မှာ အခြေစိုက်ပုံရပါတယ်။

သူ့ရဲ့ အိုင်ပီ လိပ်စာကလည်း ဆိုင်ဘာရာဇဝတ်မှုတွေ ထောက်လှမ်းတဲ့ ဌာနကနေ မှတ်သားထားတဲ့ လိပ်စာတခု ဖြစ်နေပါတယ်။ ဒီလိပ်စာကနေ အင်တာနက် သုံးစွဲသူတွေရဲ့ လျှို့ဝှက်စကားလုံးတွေ ရအောင် ဟက်ကာတွေ သုံးတဲ့ ထရိုဂျန် ဆော့ဖဝဲ တမျိုးကို ဖြန့်နေတာ လို့လည်း ဆိုပါတယ်။

ဘယ်သူ့ကို အပြစ်တင်ရပ

လူတွေ သုံးတဲ့ စျေးဝယ်ဆိုက်တွေနဲ့ ဂိမ်းတွေ အပါအဝင် အများစုက ခရုမ်းနဲ့ ဖားရားဖောက်စ် စတဲ့ ရှာဖွေရေး ဆိုက်တွေမှာ ရှိနေကြပြီး သူတို့ကို ကလစ်နှိပ်ပြီး သုံးစွဲတာကို စောင့်နေကြပါတယ်။

ဒီလိုနေရာတွေကနေ လူတွေရဲ့ အချက်အလက်တွေ ယူနေတာ၊ ဟက်ကာတွေကို ပြန်ပေးတာတွေ ဖြစ်နိုင်တယ်လို့ ဖေ့စ်ဘွတ်က ပြောပါတယ်။

ဘယ်လို ဆိုက်တွေကနေ ရယူနေတယ် ဆိုတာကိုတော့ ဖေ့စ်ဘွတ်က ထုတ်မပြောသေးပါဘူး။ သူတို့ ဝက်ဆိုက်ကြောင့် ဖြစ်တာ မဟုတ်ဘူးလို့ပဲ ဆိုပါတယ်။

ဒီလို ဝက်ဆိုက်ဆိုးတွေကြောင့် ဖြစ်တာ ဆိုရင် ဒါတွေကို စျေးကွက်ရှာတဲ့ နေရာတွေ ဆိုပြီး မနှိမ်နင်းနိုင်တဲ့ ရှာဖွေရေး ဆိုက်တွေ ထောင်သူတွေမှာလည်း တာဝန် ရှိတယ်လို့ ဆိုင်ဘာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါပေမဲ့ ဖေ့စ်ဘွတ်အတွက် ဒီပေါက်ကြားမှုက သတင်းဆိုး ဖြစ်နေပါသေးတယ်။

အချက်အလက် လုံခြုံရေး အတွက် ဒီပြဿနာက မီးမောင်းထိုးပြနေပြီး လူတွေ အများကြီးကို ထိခိုက်မယ့် ဒီလို အနေအထားတွေမှာ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို မေးစရာတွေ ပေါ်လာစေပါတယ်။

အကောင့် နှစ်သန်းကျော်ရဲ့ အချက်အလက်တွေကို ဝယ်မယ့်သူလို ပုံစံနဲ့ ဘီဘီစီရုရှား ဌာနက ဒီလိပ်စာကို အီးမေး ပို့ကြည့်ပါတယ်။

ဒီအကောင့်တွေဟာ ကိန်းဘရစ် အနာလစ်တစ်ကာ အရှုပ်တော်ပုံ ကိစ္စတုန်းက ပေါက်ကြားခဲ့တဲ့ အကောင့်တွေနဲ့ အတူတူပဲလားလို့လည်း ဒီကြော်ငြာသူကို မေးကြည့်ပါတယ်။

Image caption ဖေ့စ်ဘွတ်က ပို့တဲ့ စာတွေ အင်တာနက်မှာ တင်ထားတာ ဟုတ်တယ်လို့ ရုရှားက ဖေ့စ်ဘွတ်သုံးသူ ငါးယောက်က ဘီဘီစီကို ပြန်ကြား

ဂျွန်စမစ်လို့ ခေါ်တဲ့ သူဆီကနေ အင်္ဂလိပ်လို ပြန်ကြားပါတယ်။

ရထားတဲ့ အချက်အလက်တွေက ဘယ်ပေါက်ကြားမှုနဲ့မှ မပတ်သက်ဘူးလို့ ဆိုပါတယ်။

သူတို့ ဟက်ကာ အုပ်စုက ဖေ့စ်ဘွတ် သုံးစွဲသူ သန်း ၁၂ဝ ဆီက အချက်အလက်တွေကို ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီထဲက လူ ၂သန်းခွဲကျော်က ရုရှားတွေပါ။

ဖေ့စ်ဘွတ်က ဒီလို အများအပြား ပေါက်ကြားမှုမျိုးကို အလွတ်ခံမှာ မဟုတ်လို့ သူတို့ပြောကြားချက်ဟာ သံသယ ဝင်စရာ ဖြစ်တယ်လို့ ဒစ်ဂျစ်တယ် ရှဲဒိုး သုတေသန ကုမ္ပဏီက ပြောပါတယ်။

ဘာကြောင့် သူ့လုပ်ငန်းကို ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် မကြော်ငြာတာလဲ ဆိုတာကိုတော့ ဂျွန်စမစ်က ရှင်းမပြပါဘူး။

ဒီပေါက်ကြားမှုဟာ ရုရှား အစိုးရနဲ့ ပတ်သက်နေတဲ့ အင်တာနက် သုတေသန အဖွဲ့ ဆိုတဲ့ ဟက်ကာအဖွဲ့နဲ့ ပတ်သက်သလားဆိုတာကိုတော့ မပတ်သက်ဘူးလို့ ငြင်းဆိုပါတယ်။