Bill Gates ဘေလ်ဂိတ် က မစင်တွေ ပြပြီး အိမ်သာဆောက်တဲ့ နည်းပညာသစ် ကို မိတ်ဆက်တင်ပြ

Bill Gates motions toward a jar of human faeces on stage ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ ဂိတ် က မစင်တွေထည့်ထားတဲ့ ဖန်ဘူး ကို ပြပြီး ဘက်တီးရီးယားတွေ နဲ့ သန့်ရှင်းမှု မရှိလို့ ဖြစ်ရတဲ့ ရောဂါတွေ ကို မီးမောင်းထိုးပြခဲ့

မိုက်ကရိုဆော့ဗ ကုမ္ပဏီ တည်ထောင်သူလည်းဖြစ် ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်သူလည်းဖြစ်တဲ့ ဘေလ်ဂိတ် က အင်္ဂါနေ့က ဘေဂျင်းမှာ လုပ်တဲ့ ဆွေးနွေးပွဲတခုမှာ မစင်ဗူး တခုကို သူ့ စကားပြောစင်မြင့်မှာ တင်ထား ပြသ ကာ စကားပြောခဲ့ပါတယ်။

အိမ်သာ နည်းပညာအသစ်တွေကို ပြသတဲ့ Reinvented Toilet Expo ပြပွဲအတွက် သူစကားပြောစဉ်မှာ အခုလို သူ လုပ်ခဲ့တာပါ။

ဒီအိမ်သာနည်းပညာသစ်တွေနဲ့ပတ်သက်ပြီး ဘေလ်နဲ့ မယ်လင်ဒါ ဖောင်ဒေးရှင်း က ပြီးခဲ့တဲ့ ၇ နှစ်တာ ကာလမှာ သုတေသနတွေလုပ်ခဲ့ပြီး အဲဒီအတွက် ဒေါ်လာ သန်း ၂၀၀ ကျော် သုံးစွဲခဲ့ပါတယ်။

အန္တရာယ်ပေးတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို ရှင်းလင်းနိုင်ပြီး ရောဂါ ပျံ့ပွားတာကို ကာကွယ်နိုင်မယ့် သန့်ရှင်းတဲ့အိမ်သာ နည်းပညာပေါင်း အမျိုး ၂၀ ကို ဒီပြပွဲမှာ ပြသထားပါတယ်။

"လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကဆိုရင် မစင် နဲ့ ပတ်သက်ပြီး ကျနော် ဒီလောက် သိလာလိမ့်မယ့်လို့ မထင်ခဲ့ပါဘူး" လို့ မစ္စတာ ဂိတ် က ညီလာခံမှာ ရယ်ပွဲဖွဲ့ပြီး ပြောခဲ့ပါတယ်။

တရုတ်ခေါင်းဆောင် ရှီကျင်ပင်း က လည်း နိုင်ငံ တဝန်း အိမ်သာ တော်လှန်ရေး လုပ်ကြဖို့ ဆော်သြနေပြီး ဦးစားပေးပြောင်းလဲရမယ့် အထဲမှာ ထည့်ထားပါတယ်။

၃ ရက်တာ ကျင်းပမယ့် ဒီ အိမ်သာနည်းပညာသစ်ပြပွဲမှာ အညစ်အကြေးအရည်နဲ့ အညစ်အကြေး အစိုင်အခဲတွေကို ခွဲထုတ်တာ၊ ဘေးဖြစ်စေတဲ့ ဘေးထွက်ပစ္စည်းတွေကို ဖယ်ထုတ်ပစ်တာ စတာတွေကို ရည်ရွယ်တဲ့ အိမ်သာနည်း စနစ်သစ်တွေကို ပြသထားတာပါ။ "နှစ်ပေါင်း ၂၀၀ အတွင်း သန့်ရှင်းမှုနဲ့ပတ်သက်လို့ အထူးခြားဆုံး တိုးတက်မှုတွေ" လို့လည်း မစ္စတာ ဂိတ် က ဆိုပါတယ်။

လူ့အသက်ဆုံးရှုံးရတဲ့ ရောဂါတွေ

နည်းပညာဆိုင်ရာ ဂုရုကြီးက သူ့ဘေးနားမှာ ထားထားတဲ့ မစင်ဗူးထဲမှာ " ရိုတာဗိုင်းရပ်စ ပိုးအရေအတွက်ပေါင်း ၂၀၀ ထရီလီယံ၊ ရှီဂဲလား ဘက်တီးရီးယား ၂၀ ဘီလီယံ၊ သံပိုးကောင်ဥပေါင်း ၁၀၀ ၀၀၀ ခန့် ပါဝင်နိုင်တယ်" လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ ဂိတ် ဖောင်ဒေးရှင်း က နိုင်ငံပေါင်း ၁၃၀ မှာ အကူအညီတွေ ပေးနေပါတယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်း သန်း ၂၃၀၀ ဟာ သန့်ရှင်းရေးအတွက် အခြေခံလိုအပ်မှုတွေကို လက်လှမ်းမမီနိုင်သေးဘူးလို့ ဆိုပါတယ်။

အဲဒီအတွက် ကာလဝမ်းရောဂါ၊ ဝမ်းလျောရောဂါ၊ ဝမ်းကိုက်ရောဂါ စတဲ့ရောဂါတွေ ဖြစ်နိုင်ပြီး ဒီရောဂါတွေကြောင့် နှစ်စဉ် လူတွေ သိန်းနဲ့ချီ သေဆုံးနေရတာပါ။

မစ္စတာ ဂိတ် က ဘီဘီစီနဲ့ ပြောရာမှာ သန့်ရှင်းမှုအတွက်လက်လှမ်းမီနိုင်မှုမှာ မညီမျှတာတွေ ဖြစ်နေဆဲ ဆိုတာကို ပြောပြပါတယ်။

"ချမ်းသာတဲ့ နိုင်ငံတွေမှာ ရေဆိုးပိုက်တွေရှိတယ်၊ အများစု က ရေဆိုးကိုပြန်သန့်စင်တဲ့ စက်ရုံတွေ ရှိတယ်" လို့ သူကပြောပါတယ်။

"လူချမ်းသာတွေသိပ်မနေတဲ့ မြို့သစ်တွေမှာဆိုရင် ရေဆိုးမြောင်းစနစ်တွေ မဆောက်ရသေးသလို ဆောက်မယ့် အစီအစဉ်တောင် မလုပ်ရသေးတာတွေ ဖြစ်နေတယ်" လို့ သူက ဆိုပါတယ်။

ဘေလ်ဂိတ်တို့ရဲ့ ဖောင်ဒေးရှင်းအနေနဲ့ စာသင်ကျောင်းတို့လို အိမ်ရာတိုက်ခန်းတွဲ တွေလို အဆောက်အဦတွေမှာ အိမ်သာနည်းပညာသစ်တွေကို စတင်အသုံးပြုနိုင်အောင် တပ်ဆင်ပေးသွားဖို့ စီစဉ်ထားပြီး ကုန်ကျစရိတ် လျော့ကျ လာတာနဲ့အတူ နေအိမ်တွေမှာ စျေးသက်သက်သာသာနဲ့ သုံးနိုင်ဖို့ အတွက် ရည်ရွယ်ထားပါတယ်။

"ရေဖိုး ကုန်ကျမှုတွေလည်း လျော့သွားမယ်၊ အိမ်သာ တလုံး တည်ဆောက်ဖို့ အတွက် ကုန်ကျငွေ ဒေါ်လာ ၅၀၀ လောက်အထိ စျေးသက်သာလာတာမျိုး ဖြစ်လာနိုင်ပါတယ်" လို့ မစ္စတာ ဂိတ် က ဘီဘီစီ ကို ပြောပါတယ်။