တရုတ် နိုင်ငံ အနောက်ပိုင်း က ဝိဂါ မွတ်ဆလင် ထိန်းသိမ်းရေး အတွက် ယွမ် ဘီလီယံ ၂၀ သုံးစွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ဝီဂါ မွတ်ဆလင် တသန်းကျော် ကို ဖမ်းဆီး ထိန်းသိမ်း ထားတယ်လို့ နိုင်ငံတကာ က ယုံကြည်နေ

တရုတ်နိုင်ငံ ရှင်ကျန်း ဒေသမှာ ရှိတဲ့ ဝိဂါမွတ်ဆလင် တွေ ကို တရုတ်အစိုးရ က အစစ်အဆေးမရှိ ထိန်းသိမ်းရေး စခန်းတွေမှာဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ ပြစ်တင်ဝေဖန်တာကို တရုတ် အစိုးရက ပြင်းထန်စွာ ပယ်ချလိုက်ပါတယ်။

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကို နိုင်ငံပေါင်း၂၀ ကျော် တက်ရောက်ပြီး ဒီကိစ္စ ကို ဆွေးနွေးကြတာပါ။

အနောက်အုပ်စု ကိုယ်စားလှယ်တွေက ဒီ ထိန်းသိမ်းရေး စခန်းတွေ ကို ပိတ်ပစ်ဖို့နဲ့ ကုလ သမဂ္ဂ ကိုယ်စားလှယ်တွေ ကိုလည်း ဝင်ရောက် စစ်ဆေးခွင့်ပြုဖို့ပါ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

တရုတ် ကိုယ်စားလှယ် အဖွဲ့ကတော့ တခြား နိုင်ငံတွေ ဟာ တရုတ်နိုင်ငံအပေါ်မှာ အမြင်မကြည်တာတွေ ဖယ်ရှားဖို့နဲ့ တရုတ်အနေနဲ့ မိမိတို့ သွားနေတဲ့ လူ့အခွင့်အရေး လမ်းကြောင်းကိုလည်း ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့ အစည်းအဝေး မှာ တုံ့ပြန်ခဲ့ပါတယ်။

ဒီ ထိန်းသိမ်းရေး စခန်းတွေ ဟာ လည်း အသက်မွေးဝမ်းကျောင်း သင်တန်း ကျောင်းတွေ ဖွင့်ထားတာဖြစ်ပြီး တဖက်စွန်း ရောက်တဲ့ အတွေးအခေါ်တွေ ဖယ်ရှားရေး သင်တန်းပေးကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံ ဆိုင်ရာ ဘီဘီစီသတင်းထောက် ကတော့ ဒီ အရေးကိစ္စ ဆွေးနွေးရာမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ နဲ့ အစ္စလာမ်နိုင်ငံ တချို့ က ကိုယ်စားလှယ်တွေ က နှုတ်ဆိတ်နေကြလို့ တရုတ်ဘက် က သက်သာဖွယ်ရှိကြောင်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မျှော်စင်တွေ၊ သံဆူးကြိုးတွေ၊ လုံခြုံရေး စနစ်တွေနဲ့ အစောင့်ခန်းတွေလို လုံခြုံရေး ကိစ္စတွေအတွက် ခေါ်တဲ့ တင်ဒါတွေက အများအပြား ဖြစ်နေ

တရုတ် နိုင်ငံ အနေနဲ့ နိုင်ငံ အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်မှာ လုံခြုံရေး စခန်းတွေ တည်ဆောက်ဖို့ အတွက် ၂၀၁၇ ခုနှစ် ကတည်း က စပြီး ငွေ အမြောက်အများ သုံးစွဲ ခဲ့တယ်လို့လည်း နိုင်ငံတကာ က စွပ်စွဲထားပါတယ်။

အဆောက်အဦဆောက်ဖို့ ဒေသအာဏာပိုင်တွေကနေ ကန်ထရိုက်တွေကို တင်ဒါ ခေါ်တဲ့ စာရွက်စာတမ်းတွေကို ဂျာမနီ အခြေစိုက် ပညာရှင် အေဒီရီယံ ဇန့်ဇ်က အင်တာနက်ကနေ ရှာတွေ့ခဲ့ပါတယ်။

ဒီသက်သေတွေထဲမှာ ရှင်ကျန်းနယ်တလွှားက နေရာအများအပြားကို ပုံစံပြောင်းတာ၊ အဆောက်အအုံ ဆောက်တာတွေ လုပ်တဲ့ အသေးစိတ် အထောက်အထားတွေ ပါပါတယ်။

ဒီထဲမှာ မျှော်စင်တွေ၊ သံဆူးကြိုးတွေ၊ လုံခြုံရေး စနစ်တွေနဲ့ အစောင့်ခန်းတွေလို လုံခြုံရေး ကိစ္စတွေအတွက် ခေါ်တဲ့ တင်ဒါတွေက အများအပြား ဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရှင်ကျန်း ပြည်နယ် ခွဲထွက်မှာ ကို တရုတ် အစိုးရ အကြီးအကျယ် စိုးရိမ်

တခြားမီဒီယာတွေက ရရှိတဲ့အချက်အလက်တွေနဲ့ တိုက်ဆိုင်ပြီး ကြည့်တော့ ဝီဂါ သိန်းဂဏန်းကနေ တသန်းကျော်လောက်ထိနဲ့ တခြားမွတ်ဆလင် လူနည်းစုတွေကို ပြန်လည် ပညာပေးဖို့ ဖမ်းဆီးထားတာ ဖြစ်နိုင်တယ်လို့ ဇန့်ဇ်က ပြောပါတယ်။

ရတဲ့ စာရွက်စာတမ်းတွေကလည်း ဒီနေရာတွေကို ထိန်းသိမ်းရေးစခန်းလို့ မဖော်ပြဘဲ ပညာရေး ဌာနတွေအဖြစ်၊ တိတိကျကျ ပြန်ဆိုရရင် "ပြန်လည်ပညာပေးရေးစခန်း"တွေလို့ပဲ ဖော်ပြပါတယ်။

အမေရိကန် အခြေစိုက် ဂျိမ်းစ်ဒေါင်း ဖောင်ဒေးရှင်း က လုပ်တဲ့ စစ်တမ်း တခု မှာ လုံခြုံရေး စခန်းတွေ တည်ဆောက်ရေး လုပ်ငန်း အတွက် တရုတ် အနေနဲ့ ၂၀၁၆-၂၀၁၇ ခုနှစ် အတွင်း ယွမ်ငွေ ဘီလီယံ ၂၀ ကျော် သုံးစွဲ ခဲ့တယ်လို့ ဆိုပါတယ်။

ရှင်ကျန်း ပြည်နယ်မှာ ဝီဂါ မွတ်ဆလင် တသန်း ကျော် ကို ဖမ်းဆီး ထိန်းသိမ်း ထားတယ်လို့ နိုင်ငံတကာ က ယုံကြည်နေတာပါ။ ဒါပေမယ့် တရုတ် အစိုးရ ကတော့ ဒါကို အပြင်းအထန် ငြင်းဆို ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သင်တန်းကျောင်းဆိုတာရဲ့ နောက်ကွယ်

ဆက်စပ် အကြောင်းအရာများ