အောက်လွှတ်တော်မှာ ဒီမိုကရက်တွေ အသာစီး ရသွားလို့ အမေရိကန် နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာပါတော့မယ်။

အမေရိကန် လွှတ်တော် သက်တမ်းဝက် ရွေးကောက်ပွဲ ရလဒ်တွေအရ အောက်လွှတ်တော်မှာ ဒီမိုကရက်တစ်ပါတီက အသာစီး အနိုင်ရခဲ့ပြီး အထက်လွှတ်တော်မှာတော့ ရီပတ်ဘလီကန် ပါတီက ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

ဒါဟာ ၈နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်လွှတ်တော်ကို ဒီမိုကရက်တွေ ထိန်းချုပ်လိုက်နိုင်တာ ဖြစ်ပြီး သမ္မတ ထရမ့်အတွက် အကြီးအကျယ် အထိနာမှုကြီး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အောက်လွှတ်တော်မှာ သမ္မတထရမ့်နဲ့ ရင်းနှီးသူ မိတ်ဆွေတွေ ဦးဆောင်တဲ့ခေတ် ကုန်သွားပြီ

သမ္မတ ထရမ့်ရဲ့ ပြီးခဲ့တဲ့ သမ္မတ သက်တမ်း နှစ်နှစ်အတွင်း အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ သူပြောသမျှ ထောက်ခံအားပေးမှု ရှိခဲ့ပြီး သိပ် အတိုက်အခံ မလုပ်ခဲ့ရပါဘူး။

လာမယ့် ၂ လ ကြာရင် ဒီမိုကရက်တွေ ထိန်းချုပ်တဲ့ အောက်လွှတ်တော် ဖြစ်လာတဲ့ အခါမှာတော့ အခြေအနေတွေ ပြောင်းသွားတော့မှာပါ။

သမ္မတ ထရမ့်ရဲ့ တင်းမာတဲ့ လူဝင်မှု ကြီးကြပ်ရေး ပေါ်လစီကိစ္စ၊ Obamacare လို့ခေါ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ပြန်အသက်သွင်းဖို့နဲ့ ရီပတ်ဘလီကန် အစိုးရ လက်အောက်မှာ လူမှုရေး အစီအစဉ်တွေ အတွက် အသုံးစရိတ်တွေ အကြီးအကျယ် လျှော့ချခဲ့တဲ့ ကိစ္စတွေကို ဒီမိုကရက်တစ် အောက်လွှတ်တော် အမတ်တွေက ဦးစားပေး ဆောင်ရွက်သွားဖို့ ရှိပါတယ်။

တခါ ဒီမိုကရက်တစ် အမတ်တွေ ထိန်းချုပ်တဲ့ အောက်လွှတ်တော် အဖွဲ့ ဆောင်ရွက်မယ့် ကိစ္စတွေထဲမှာ အစိုးရအဖွဲ့ ကျင့်ဝတ်တွေနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ပြင်ဆင် ပြောင်းလဲမှုတွေက ထိပ်ဆုံးမှာ ရှိနေတယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရဖို့ ရှိနေတဲ့ ဒီမိုကရက် လွှတ်တော်အမတ် ခေါင်းဆောင် နန်စီ ပလိုစီက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန် ရွေးကောက်ပွဲ ရလဒ်ကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ

သမ္မတ ထရမ့် လက်ငင်း စိုးရိမ်နေတာက သူ့အစိုးရအဖွဲ့အပေါ် အပြစ်ရှာဖို့ ဒီမိုကရက်တစ် ပါတီအတွက် အကွက်ကောင်း ရသွားတဲ့ အချက်ပါ။

အခုဆိုရင် ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှု ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်း စစ်ဆေးခဲ့တဲ့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဟာ ဒီမိုကရက်တစ် အမတ်တွေ လက်အောက် ရောက်သွားပြီ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ကို အကြီးအကျယ် ဝေဖန် ပြောဆိုသူ ဒီမိုကရက်အမတ် အဒမ် ရှစ်ဖ် က သမ္မတ ထရမ့်ရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ထဲထဲဝင်ဝင် စုံစမ်းမယ်လို့ ကတိပြုထားတာပါ။

ထရမ့် အစိုးရ ထိပ်တန်း အဖွဲ့ဝင်တွေ အပေါ် စွပ်စွဲ ပြောဆိုနေတဲ့ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်လို့လည်း ဒီမိုကရက်တစ် အောက်လွှတ်တော် အမတ်တွေ ပိုပြီး ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးခွင့် ရလာတော့မှာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ရာထူး အာဏာကို သုံးပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းအတွက် အကျိုးအမြတ် ယူခဲ့တယ်လို့ စွပ်စွဲခံထားရသူ ပြည်ထဲရေး ဝန်ကြီး ဇိန်း ဇင်ကီ ပထမဆုံး စုံစမ်း စစ်ဆေးခံရဖွယ် ရှိပါတယ်။

အဲဒီကနေတဆင့် သမ္မတကို တရားစွဲဆို ရုံးတင်ဖို့ အဆင့်ထိ လုပ်လာနိုင်ပါတယ်။

သမ္မတကို ရာထူးကနေ ဖယ်ရှားဖို့ ပထမအဆင့် ဖြစ်တဲ့ တရားစွဲဆို ရုံးတင်ဖို့ကို အောက်လွှတ်တော်က လုပ်ပိုင်ခွင့် ရှိပြီး အခုတော့ အောက်လွှတ်တော်မှာ အမတ်အများစု နေရာကို ဒီမိုကရက်တွေ ရသွားပါပြီ။

လောလောဆယ်မှာတော့ ဒီမိုကရက်တစ် ကွန်ဂရက် ခေါင်းဆောင်ပိုင်း အဖွဲ့ဝင်တွေက ဒီလိုလုပ်ဖို့ကို သိပ်အရေးမပါသလို ပုံမျိုး ပြနေကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးနိတ် အထက်လွှတ်တော်ကို ဆက်ထိန်းချုပ်ထားနိုင်ဖို့ သမ္မတ ထရမ့် အာရုံစိုက်ခဲ့

တကယ်လို့များ အထူး တရားရုံးချုပ် ရှေ့နေ ရောဘတ် မူလာ က ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေအတွင်း ရုရှားအစိုးရနဲ့ သမ္မတ ထရမ့် ပတ်သက် ဆက်နွယ်မှုတွေ ရှိခဲ့သလား ဆိုတာနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို လာမယ့် သီတင်းပတ်ပိုင်း၊ လပိုင်းအတွင်း ထုတ်ပြန်မယ် ဆိုရင်တော့ အခြေအနေတွေက တမဟုတ်ချင်း ပြောင်းလဲသွားနိုင်ပါတယ်။

တခါ အောက်လွှတ်တော်မှာ အမတ်နေရာ အများစု ရထားတဲ့ ဒီမိုကရက် အမတ်တွေအနေနဲ့ သမ္မတကို ခေါ်ယူ ကြားနာ စစ်ဆေးပိုင်ခွင့် အာဏာ ရလာမှာ ဖြစ်သလို သမ္မတ ထရမ့် အခွန်မှတ်တမ်းလို အထောက်အထား စာရွက်စာတမ်းတွေကို ယူကြည့်ခွင့်တွေ၊ သက်သေ ဆင့်ခေါ်ခွင့်တွေ ရှိလာမှာ ဖြစ်ပါတယ်။

ဒီမိုကရက်တွေအနေနဲ့ သမ္မတရဲ့ အဆိုပြုချက် ဥပဒေကြမ်းတွေကို ပယ်ချ ကန့်ကွက်နိုင်ခွင့် ရှိတဲ့အတွက် လွှတ်တော်တွင်းမှာ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေတွေ နောက်ထပ် ပေါ်ပေါက်လာနိုင်သလို ဘတ်ဂျက်ပိုင်း ဆိုင်ရာတွေမှာလည်း အငြင်းအခုံ ပြောရမယ့် အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း အခုရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်က ဆီးနိတ် လွှတ်တော်ကို ဆက်ထိန်းချုပ် ထားနိုင်တာကတော့ ထရမ့် အစိုးရအတွက် အရေးပါတဲ့ အားသာချက် ဖြစ်ပြီး သမ္မတ ထရမ့်အနေနဲ့ သူ့ရဲ့ သမ္မတ လုပ်ပိုင်ခွင့်နဲ့ တရားရေးနဲ့ အုပ်ချုပ်ရေး ရာထူး ခန့်အပ်မှုတွေကို ဆက်လုပ်နိုင်မှာပါ။

လောလောဆယ်မှာ တရားရုံးချုပ် တရားသူကြီး ၂ ဦး အပါအဝင် တရားသူကြီး စုစုပေါင်း ၈၄ ဦးကို သမ္မတ ထရမ့်က သူ့သဘောကျ ခန့်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ