ပါကစ္စတန်မှာ ဘာသာရေး စော်ကားမှုနဲ့ သေဒဏ် ကျခံခဲ့ရသူကို ထောင်ကနေ ပြန်လွှတ်ပေးလိုက်

အာဆီယာ ဘီဘီ၊ ဘာသာရေး စော်ကားမှု၊ ပါကစ္စတန်၊ မွတ်ဆလင်၊ ခရစ်ယာန်
Image caption အာဆီယာ ဘီဘီရဲ့ အမှုကြောင့် ပါကစ္စတန်နိုင်ငံတွင်း အကြီးအကျယ် သဘောကွဲလွဲမှုတွေ ဖြစ်ခဲ့

ပါကစ္စတန်နိုင်ငံမှာ ဘာသာရေး စော်ကားမှုနဲ့ သေဒဏ် ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ ၈နှစ်ကြာ နေခဲ့ရသူ ခရစ်ယာန် အမျိုးသမီးတဦးကို တရားရုံးက တရားသေ လွှတ်ခဲ့အပြီး အခုအခါ အကျဉ်းထောင်ကနေ ပြန်လွှတ်လာပြီလို့ သူ့ ရှေ့နေတွေက ပြောပါတယ်။

အာဆီယာ ဘီဘီ ကို တရားသေ လွှတ်ဖို့ တရားရုံးချုပ်က ပြီးခဲ့တဲ့ သီတင်းပတ်က ဆုံးဖြတ်ခဲ့တဲ့အတွက် အစ္စလာမစ် ဝါဒီတွေရဲ့ အကြမ်းဖက် ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး သူ့ကို ပါကစ္စတန်ထဲကနေ ထွက်ခွာခွင့် မပြုဖို့ တောင်းဆိုမှုတွေကို အစိုးရက သဘောတူခဲ့ရပါတယ်။

သူလွတ်လာတာနဲ့ ပတ်သက်လို့ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပြီး သူ့ကို တခြားတိုင်းပြည်ကို ပို့လိုက်ပြီလို့လည်း ဆိုပါတယ်။

ဒါပေမယ့် အာဆီယာ ဘီဘီ ပါကစ္စတန်မှာ ရှိနေဆဲပဲလို့ နိုင်ငံခြားရေး ဌာနက နောက်ပိုင်းမှာ အတည်ပြု ပြောပါတယ်။

သူ့ခင်ပွန်းက သူတို့ မိသားစုဟာ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး တိုင်းတပါး တိုင်းပြည်တခုခုမှာ ခိုလှုံချင်တယ်လို့ ပန်ကြားထားပါတယ်။

နိုင်ငံအတော်များများက သူတို့ကို ခိုလှုံခွင့် ပြုမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

ကလေး ၅ယောက် မိခင် အာဆီယာ ဘီဘီ ကို မူလ်တန်မြို့ အကျဉ်းထောင်ကနေ လွှတ်ပေးလိုက်တာလို့ သူ့ရှေ့နေ ဆာအိဖ် မူလွတ်ခ် က ပြောပါတယ်။

သူဟာ ၂၀၁၀ ခုနှစ်တုန်းက အိမ်နီးချင်း မွတ်ဆလင် အမျိုးသမီးတွေနဲ့ စကားများရာကနေ တမန်တော် မိုဟာမက်ကို စော်ကား ပြောဆိုခဲ့တယ် ဆိုပြီး ပြစ်ဒဏ် ထင်ရှားခဲ့တာပါ။

အကြမ်းဖက် ကန့်ကွက်မှုတွေ ရပ်တန့်သွားစေဖို့ ဆန္ဒပြသူတွေ တောင်းဆိုခဲ့တဲ့အတိုင်း အာဆီယာ ဘီဘီကို နိုင်ငံထဲက ထွက်မသွားအောင် ဥပဒေကြောင်းအရ စစီစဉ် ဆောင်ရွက်မယ်လို့ ပါကစ္စတန် အစိုးရက ပြောပါတယ်။

ကန့်ကွက် ဆန္ဒပြသူတွေဟာ ဘာသာရေး စော်ကားမှုနဲ့ ပတ်သက်တဲ့ တင်းကြပ်တဲ့ ဥပဒေတွေကို ထောက်ခံသူ ၊ အယူစွဲ ပြင်းထန်သူတွေ ဖြစ်ပြီး အာဆီယာ ဘီဘီကို ကြိုးပေး ကွပ်မျက်ဖို့ တောင်းဆိုနေကြပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အာဆီယာ ဘီဘီ ကို ကြိုးပေး ကွပ်မျက်ဖို့ တောင်းဆို ဆန္ဒပြခဲ့ကြ

သူ့ကို လွှတ်ပေးခဲ့တဲ့ တရားသူကြီးချုပ် ၃ ဦးကိုလည်း ကွပ်မျက်သင့်တယ်လို့ အစ္စလာမစ် ခေါင်းဆောင် တဦးက ပြောပါတယ်။

အယူစွဲ ပြင်းထန်တဲ့ TLP ပါတီရဲ့ ပြောခွင့်ရသူက အာဆီယာ ဘီဘီကို ပြန်လွှတ်ပေးလိုက်တာဟာ သူတို့နဲ့ သဘောတူထားချက်ကို အစိုးရက ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၀၉ ခုနှစ်တုန်းက အမျိုးသမီး အုပ်စုတစုနဲ့ အာဆီယာ ဘီဘီ ဟင်းရွက်ခူး ထွက်ခဲ့စဉ် ရေခွက်တခွက်ကို အကြောင်းပြုပြီး အငြင်းပွားခဲ့ကြတာပါ။

အာဆီယာ ဘီဘီ ဟာ ခရစ်ယာန် ဘာသာဝင် တဦး ဖြစ်တဲ့ အတွက် မွတ်ဆလင် အမျိုးသမီးတွေက သူကိုင်ထားတဲ့ ရေခွက်ကို မသန့်လို့ မသောက်နိုင်ဘူးလို့ ပြောရာကနေ အပြန်အလှန် စကားများခဲ့ကြတာပါ။

အဲဒီနောက် မွတ်ဆလင် အမျိုးသမီးတွေက အာဆီယာ ဘီဘီ ကို အစ္စလာမ်ဘာသာ ကူးပြောင်းဖို့ ဝိုင်းပြောခဲ့ကြရာမှာ အာဆီယာ ဘီဘီက တမန်တော် မိုဟာမက်ကို စော်ကားတဲ့ စကားတွေနဲ့ ပြန် တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ကို အိမ်မှာ ဝိုင်းရိုက်နှက်ခဲ့ကြစဉ် အာဆီယာ ဘီဘီ က အစ္စလာမ် ဘာသာကို သူစော်ကား မိကြောင်း ထုတ်ဖော် ဝန်ခံခဲ့တယ်လို့ စွပ်စွဲသူတွေက ပြောပါတယ်။

အဲဒီနောက် သူ အဖမ်းခံရပြီး ဘာသာရေး စော်ကားမှုနဲ့ မူလ တရားရုံးက သေဒဏ် ချမှတ်ခဲ့တာပါ။

ဒါပေမယ့် အာဆီယာ ဘီဘီ အပေါ် စွဲဆိုထားတဲ့ အမှုဟာ သက်သေ အထောက်အထား မခိုင်လုံဘူး၊ ဘာသာရေး စော်ကားတယ်လို့ သူ ဝန်ခံတာဟာ လူအုပ်ကြီးက သတ်မှာ ကြောက်လို့ ဝန်ခံတာ ဖြစ်တယ် ဆိုပြီး တရားရုံးချုပ်က တရားသေလွှတ်ခဲ့တာပါ။

အစ္စလာမ် ဘာသာဟာ ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံတော် ဘာသာ ဖြစ်ပြီး တရားရေး စနစ်နဲ့လည်း ပတ်သက် ဆက်နွယ်နေတာပါ။

ဘာသာရေး စော်ကားမှုဆိုင်ရာ တင်းကြပ်တဲ့ ဥပဒေတွေကို လူထုက အခိုင်အမာ ထောက်ခံကြပါတယ်။

ဒီဥပဒေ ချိုးဖောက်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတာကိုလည်း အယူစွဲ ပြင်းထန်တဲ့ နိုင်ငံရေး သမားတွေက ထောက်ခံပြီး သူတို့အပေါ် ထောက်ခံအားပေးသူတွေ ပိုများအောင် စည်းရုံးလေ့ ရှိပါတယ်။

ဒါပေမယ့် ဒီဥပဒေတွေကို ပုဂ္ဂိုလ်ရေး အငြင်းပွားမှုတွေကို ဂလဲ့စားချေဖို့ အသုံးချလေ့ ရှိပြီး အထောက်အထား မခိုင်လုံပဲ ပြစ်မှုထင်ရှားကြောင်း အပြစ်ပေးလေ့ ရှိတယ်လို့ ဝေဖန် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ပြစ်မှုထင်ရှားတယ် ဆိုပြီး အပြစ်ပေး ခံရသူ အများစုဟာ အာမာဒီ အသိုင်းအဝိုင်းက မွတ်ဆလင်တွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ၁၉၉၀ ပြည့်လွန်နှောင်းပိုင်း နှစ်တွေကစလို့ ခရစ်ယာန်တွေ အပေါ် အရေးယူ အပြစ်ပေးတာတွေ ပိုများလာခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ခရစ်ယာန် အရေအတွက်ဟာ လူဦးရေ စုစုပေါင်းရဲ့ ၁ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိပါတယ်။

လတ်တလော နှစ်တွေအတွင်း ခရစ်ယာန် အသိုင်းအဝိုင်းက လူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အများအပြား ရှိခဲ့ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်ပိုင်းတွေက စလို့ ပါကစ္စတန်နိုင်ငံမှာ ဘာသာရေး စော်ကားတယ် ဆိုပြီး အနည်းဆုံး ၆၅ ဦး အသတ်ခံခဲ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ