ဘယ်လေကြောင်းလိုင်းတွေမှာ အမျိုးသမီး လေယာဉ်မှူးတွေ လစာ ဘယ်လောက် ရကြလဲ

ခရီးသွားတွေများလာလို့ လေယာဉ်မှူးတွေ ပိုလိုအပ် ဓာတ်ပုံ မူပိုင် HINDSTAN TIMES
Image caption အမျိုသမီးလေယာဉ်မှူးတွေ ပိုခန့်ထားဖို့ လေကြောင်းလိုင်းတွေ ကြိုးစားနေ

နေရာအသစ်တွေမှာ အတွေ့အကြုံသစ်တွေ လိုချင်ကြတဲ့အတွက် မကြာသေးခင် နှစ်တွေအတွင်း နိုင်ငံတကာမှာ ခရီးသွားတွေ များလာနေပါတယ်။

ကမ္ဘာ့ခရီးသွားအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၁၇ ခုနှစ်မှာ ၂၀၁၀ ခုနှစ်ကထက် ခရီးသွားသူ ဦးရေ သန်း ၃၅၀ ပိုများလာတယ်လို့ ဆိုထားပါတယ်။

ခရီးသွားတွေ များလာတဲ့အတွက် လေကြောင်းလိုင်းတွေမှာ လေယာဉ်မှူးတွေလည်း ပိုခန့်ထားရသလို အဲဒီထဲမှာ အမျိုးသမီးတွေလည်း ပါဝင်လာပါတယ်။

အမျိုးသမီး လေယာဉ်မှူး အများဆုံး လေကြောင်းလိုင်း

ကမ္ဘာတစ်ဝန်း ခရီးသည်တင် လေကြောင်း လုပ်ငန်းတွေမှာ အမျိုးသမီး လေယာဉ်မှူးက ၅.၁၈ ရာခိုင်နှုန်းပဲ ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလေယာဉ်မှူးများ သမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

လေကြောင်းလိုင်းတွေ အားလုံးမှာ အိန္ဒိယလေကြောင်းလိုင်းတွေက အမျိုးသမီး ၁၂.၄ ရာခိုင်နှုန်း ရှိတဲ့ အတွက် အများဆုံး ဖြစ်ပါတယ်။ ဒီအချက်အလက်ကတော့ ISWAP အပြည်ပြည်ဆိုင်ရာ အမျိုးသမီး လေယာဉ်မှူးများ အသင်းက ရတာပါ။

အိန္ဒိယ ပြည်တွင်း လေကြောင်းလိုင်းဖြစ်တဲ့ Zoom Air လေကြောင်းက အမျိုးသမီးလေယာဉ်မှူး ဦးရေကိုဖော်ပြတဲ့ ဇယားမှာ ထိပ်ဆုံးက ရှိနေပါတယ်။

လေယာဉ်မှူး စုစုပေါင်း ၃၀ ရှိတဲ့ အထဲမှာ အမျိုးသမီးက ၉ ယောက် ရှိပါတယ်။

အိန္ဒိယ ကုမ္ပဏီတွေဟာ လေယာဉ်မှူး လိုအပ်ပြီဆိုတာနဲ့ အမျိုးသမီးတွေကိုခန့်ဖို့ အကြီးအကျယ် အားထုတ်ကြတယ်လို့ အငြိမ်းစား အမျိုးသမီး လေယာဉ်မှူး တစ်ယောက်ဖြစ်တဲ့ ISWAP အဖွဲ့ ဆက်သွယ်ရေး ဆိုင်ရာ ဥက္ကဋ္ဌ Kathy McCullough က ပြောပါတယ်။

Boeing ကုမ္ပဏီရဲ့ အစီရင်ခံစာမှာတော့ အိန္ဒိယ နိုင်ငံမှာ လူလတ်တန်းစားတွေ ပိုများလာတဲ့ အတွက် လေကြောင်းခရီးနဲ့ သွားလာမှုတွေ ပိုများလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

ယူကေမှာတော့ လေကြောင်းလိုင်းတွေမှာ အမျိုးသမီးလေယာဉ်မှူးက ၄.၇၇ ရာခိုင်နှုန်း ရှိပါတယ်။

လေယာဉ်မှူးတွေ ပျမ်းမျှ လစာ ဘယ်လောက်ရလဲ

လေယာဉ်မှူးတွေက ခရီးသည်တင်လေယာဉ် ဒါမှမဟုတ် ကုန်တင်လေယာဉ် မောင်းရပြီး ခရီးသည်တင် လေယာဉ်မောင်းတဲ့ လေယာဉ်မှူးတွေရဲ့ လစာက သူတို့ အလုပ်လုပ်တဲ့ လေကြောင်းလိုင်းပေါ် မူတည်ပြီး အနိမ့်အမြင့် ကွာခြားတတ်ပါတယ်။

သူတို့ ဘယ်လို လေယာဉ် အမျိုးအစားကို မောင်းသလဲ၊ အတွေ့အကြုံ ဘယ်လောက် ရှိသလဲ ဆိုတာအပေါ် မူတည်ပြီးလည်း လစာ ရကြပါတယ်။

လေယာဉ်မှူး တစ်ယောက်ရဲ့ အနိမ့်ဆုံးလစာက တစ်နှစ်ကို စတာလင်ပေါင် ၂ သောင်းနဲ့ ၃ သောင်းကြား ရကြပါတယ်။

အတွေ့အကြုံ ရှိပြီးသား လေယာဉ်မှူးတွေ အတွက်ကတော့ စတာလင်ပေါင် တစ်သိန်း လေးသောင်းကျော်အထိ ရကြပါတယ်။

ယူကေ အမျိုးသား အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ဌာန က ရရှိတဲ့ အချက်အလက်တွေ အရ အဲဒီ လစာဟာ ဗြိတိသျှ လေတပ်က လေတပ်ဗိုလ်ချုပ် တစ်ယောက်ရတဲ့ လစာ စတာလင်ပေါင် ၁၀၅၂၅၀ ကျော်ဆိုတဲ့ ပမာဏထက် ပိုများပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုကို အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ ရရှိ

တိုကျိုတက္ကသိုလ် အမျိုးသမီးအမှတ်တွေ ပြောင်းပစ်

အမျိုးသား အမျိုးသမီး လစာငွေ ဘယ်လောက် ကွာလဲ

အလုပ်သမား ၂၅၀ နဲ့ အထက် ရှိတဲ့ ဗြိတိန်နိုင်ငံက ကုမ္ပဏီတွေအနေနဲ့ အမျိုးသားနဲ့ အမျိုးသမီး လစာငွေ ကွာခြားတဲ့ ကိန်းဂဏန်းတွေကို အခုနှစ် စောစောပိုင်းတုန်းက စပြီး ပထမဆုံး အကြိမ် ထုတ်ပြန်ခဲ့ကြရပါတယ်။

ဗြိတိန်နိုင်ငံပိုင် လေကြောင်းလိုင်းတွေမှာ လစာငွေ ကွာဟမှု ကြီးမားတာ တွေ့ရ ပါတယ်။

လေကြောင်း ကုမ္ပဏီတွေ အားလုံးမှာ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အလယ်အလတ် ပျမ်းမျှ လစာငွေရရှိမှု ကွာခြားချက်က ၉.၇ ရာခိုင်နှုန်း ရှိပါတယ်။

Ryanair လေကြောင်းလိုင်းမှာ အမျိုးသားနဲ့ အမျိုးသမီး လစာငွေ ကွာခြားမှုက ၇၁.၈ ရာခိုင်နှုန်း နဲ့ အများဆုံးဖြစ်ပါတယ်။

EasyJet လေကြောင်းလိုင်းမှာ တော့ ၄၅.၅ ရာခိုင်နှုန်း ကွာခြားပါတယ်။ ဒါပေမဲ့ သူတို့ကတော့ ရာထူးတူညီတယ်ဆိုရင် လစာငွေလည်း တူညီတယ်လို့ ပြောပါတယ်။

ဥပမာအားဖြင့် EasyJet လေကြောင်းလိုင်းရဲ့ ယူကေရုံးမှာဆို ဝန်ထမ်းအားလုံးရဲ့ လေးပုံတစ်ပုံက လေယာဉ်မှူးတွေ ဖြစ်ကြပါတယ်။ အဲဒီထဲမှာ ၆ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။

သူတို့က လေယာဉ်မှူး ရာထူးအတွက် ပျမ်းမျှ လစာ စတာလင်ပေါင် ၉၂၄၀၀ ကို ရရှိကြသူတွေဖြစ်ပါတယ်။

လေယာဉ်မှူးမဟုတ်တဲ့ တခြား လေယာဉ်အမှုထမ်းတွေကတော့ အမျိုးသမီး အများစု ဖြစ်ပါတယ်။ စုစုပေါင်းရဲ့ ၆၉ ရာခိုင်နှုန်း ရှိပါတယ်။ သူတို့ကတော့ လခပိုနည်းပြီး ပျမ်းမျှလစာက စတာလင်ပေါင် ၂၄၈၀၀ သာ ရကြပါတယ်။

EasyJet လေကြောင်းလိုင်းကတော့ လာမယ့် ၂၀၂၀ မှာ အသစ်ဝင်လာတဲ့ လေယာဉ်မှူးတွေရဲ့ ၂၀ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ရမယ်လို့ ရည်မှန်းချက် ထားရှိပါတယ်။

လေယာဉ်မှူးတွေ ရင်ဆိုင်ရနိုင်တဲ့ အခက်အခဲများ

လေယာဉ်မှူးဖြစ်လာနိုင်ခြေရှိသူတွေ အတွက် လေယာဉ်မှူး သင်တန်းတွေ မစတင်ခင်မှာ အဆင့် ၁ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက် လိုအပ်ပါတယ်။ သင်တန်းကျောင်း အများစုနဲ့ လေကြောင်းလိုင်းတွေက ယူကေနိုင်ငံက အသိအမှတ်ပြုတဲ့ GCSE စာမေးပွဲမှာ ၅ ဘာသာ အောင်ဖို့ လိုတဲ့ အပြင် A-levels အောင်လက်မှတ် လိုအပ်ပါတယ်။

ဒါတွေ ရှိပြီဆိုရင်တောင် နောက်ထပ် လိုအပ်တဲ့ အရည်အချင်းတွေ ရှိပါသေးတယ်။

  • Airline Transport Pilot's Licence ATPL ခေါ် လေကြောင်းဆိုင်ရာ လေယာဉ်မှူး လိုင်စင် ရဖို့လိုပါတယ်။ လေယာဉ်မောင်းသင်တန်းကို စာတွေ့နဲ့ လက်တွေ့ သင်ဖို့ အချိန် ၁၈ လ လောက် ကြာနိုင်ပါတယ်။ သင်တန်းကြေးက စတာလင်ပေါင် ၆၀၀၀၀ ကနေ ၉၀၀၀၀ အထိ ကုန်ကျနိုင်ပါတယ်။ လေယာဉ်မောင်းတဲ့ အချိန် အနည်းဆုံး နာရီ ၁၅၀၀ ရှိမှ ATPL လိုင်စင် လျှောက်လို့ ရပါတယ်။
  • လေကြောင်းပညာဆိုင်ရာ ဘွဲ့တစ်ခု ရဖို့၊ လေယာဉ်မောင်းသင်တန်း တက်ထားဖို့ လိုပါတယ်။ ဒါပေမဲ့ အဲဒီ ဘွဲ့က မရှိမဖြစ် လိုအပ်တာတော့ မဟုတ်ပါဘူး။ လေယာဉ်မောင်း သင်တန်း အတွက်ကလည်း ကျောင်းလခအပြင် ထပ်ဆောင်းပေးရမှာပါ။
  • လေယာဉ်မှူး အဆင့်ဖြစ်လာဖို့ အဆင့်မြင့် အလုပ်သင် လေယာဉ်မောင်း အဖြစ် လေ့ကျင့်ရပါမယ်။ ငွေကြေးမတတ်နိုင်တဲ့ သူတွေ အနေနဲ့ ကုန်ကျစရိတ်ကြီးမားတဲ့ ဒီလို သင်တန်းတွေ တက်နိုင်ဖို့ အခက်အခဲတွေ ရှိတယ်လို့ ဗြိတိန်နိုင်ငံ လေယာဉ်မှူးများအသင်းက ပြောပါတယ်။

လေယာဉ်မှူးတွေ ဖြစ်လာချင်တဲ့ အမျိုးသမီးတွေ အတွက် အသုံးဝင်မယ့် သိပ္ပံ၊ နည်းပညာနဲ့ သင်္ချာ ဘာသာရပ်တွေကို အမျိုးသမီးတွေ ပိုမို စိတ်ဝင်စားလာအောင် ကြိုးပမ်းတဲ့ လုပ်ဆောင်မှုတွေလည်း ဆောင်ရွက် နေကြပါတယ်။

အသက်အငယ်ဆုံး အမျိုးသမီးလေယာဉ်မှူး

EasyJet လေကြောင်းဝန်ထမ်း Kate McWilliams က အသက် ၂၆ နှစ်အရွယ်မှာ ကမ္ဘာ့ အသက်အငယ်ဆုံး လေယာဉ်မှူးကြီး ဖြစ်လာခဲ့ပါတယ်။

လူအများက လေယာဉ်မှူး အလုပ်ကို သိပ္ပံနည်းပညာနဲ့ အကြီးအကျယ် ပတ်သက်တဲ့ အလုပ်လို့ ယူဆကြပြီး မလုပ်ကြတာလို့ သူကပြောပါတယ်။

ဒါပေမဲ့ တကယ်တန်းက လူတွေနဲ့ ထိတွေ့လုပ်ကိုင်ရတာလို့ ပြောပါတယ်။ လေယာဉ်မှူးကြီး ဆိုတာ လူတွေကို စီမံခန့်ခွဲသူဖြစ်တယ်။ ဒီအလုပ်အပေါ်ထားတဲ့ သဘောထားတွေ ပြောင်းဖို့ လိုတယ်လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ