ပထမကမ္ဘာစစ်ပြေငြိမ်းရေး လက်မှတ်ထိုးတဲ့နေရာ ၇၈နှစ်အတွင်း ဂျာမန်ဝန်ကြီးချုပ် ပထမဆုံးသွား

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာမနီနိုင်ငံ ခေါင်းဆောင်တဦးအနေနဲ့ ၇၈ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် စစ်ပြေငြိမ်းရေး စာချုပ် လက်မှတ်ထိုးတဲ့နေရာကို သွားရောက်တာ ဖြစ်ပါတယ်။

ပထမကမ္ဘာစစ် ပြီးဆုံးခြင်း နှစ်တရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြင်သစ် နိုင်ငံမှာ အကြီးအကျယ် ကျင်းပနေပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ဆိုရင် ပထမကမ္ဘာစစ် ပြီးဆုံးကြောင်း လက်မှတ်ရေးထိုးခဲ့တာ နှစ် ၁၀ဝ ပြည့်ပြီ ဖြစ်ပါတယ်။

ဒီရာပြည့် အခမ်းအနားကို အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီ စတဲ့ အင်အားကြီး နိုင်ငံ ခေါင်းဆောင်တွေ အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၇၀ ခန့်က တက်ရောက် ကြမှာ ဖြစ်ပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel တို့ကလည်း ပါရီမြို့မြောက်ဘက်က ပထမကမ္ဘာ စစ်ပြီး ဆုံးကြောင်း မဟာမိတ်နဲ့ ဂျာမနီတို့ လက်မှတ်ရေး ထိုးခဲ့တဲ့ Compiègneမြို့ကို သွားရောက်ခဲ့ကြပါတယ်။

ဒါဟာ ဂျာမနီနိုင်ငံ ခေါင်းဆောင်တဦးအနေနဲ့ ၇၈ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် စစ်ပြေငြိမ်းရေး စာချုပ် လက်မှတ်ထိုးတဲ့နေရာကို သွားရောက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပြင်သစ်သမ္မတနဲ့ ဂျာမနီဝန်ကြီးချုပ်တို့ဟာ ပါရီ ငြိမ်းချမ်းရေး ဖိုရမ်ကို တက်ရောက်ဖို့ ရှိနေပါတယ်။

ဒီအခမ်းအနားကို တက်ဖို့ ရောက်လာတဲ့ အမေရိကန် သမ္မတထရမ့်နဲ ပြင်သစ် သမ္မတ မက်ခရွန်တို့ တွေ့ဆုံခဲ့ကြပြီး အီရန်၊ ယီမင်၊ ဆီးရီးယား အရေးနဲ့ ရာသီဥတု ပြောင်းလဲမှု၊ ကုန်သွယ်ရေး ကိစ္စတွေအပါအဝင် ၂နိုင်ငံအကြား ကာကွယ်ရေး ပိုမိုခိုင်မြဲရေး ကိစ္စတွေကို တနာရီကြာ ဆွေးနွေးခဲ့ကြ ပါတယ်။

ဒီလို ဆွေးနွေးပြီးမှာတော့ ဥရောပ အနေနဲ့ ကာကွယ်ရေး အသုံးစရိတ်နဲ့ ပတ်သက် ပြီး ပိုပေးဖို့ သူတို့ ၂ ဦး ပြောဆိုခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ဥရောပကို ပိုမို ခိုင်မာဖို့ အလို ရှိပေမယ့် ကာကွယ်ရေး အသုံးစရိတ်က အမေရိကန်က အများဆုံး ကျခံနေရတယ်လို့ မစ္စတာ ထရမ့်က ပြောပါတယ်။ ဒီအမြင်ကို ပြင်သစ် သမ္မတ မက်ခရွန်ကလည်း သဘောတူတယ်လို့ ဆိုပါတယ်။

နေတိုးအဖွဲ့ရဲ့ စစ်ရေးအသုံးစရိတ်နဲ့ ပတ်သက်ရင် အမေရိကန် အပေါ် ဝန်ထုတ် ဝန်ပိုး ဖြစ်နေတာကို လျှော့ချဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်အသုံး စရိတ်ကို ပိုမို ထည့်ဝင်ဖို့ ဆွေးနွေးပွဲ မစတင်မီက မစ္စတာ မက်ခရွန်က တိုက်တွန်း ထားပါ တယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အမေရိကန် သမ္မတထရမ့်နဲ ပြင်သစ် သမ္မတ မက်ခရွန်

နေတိုးရဲ့ ကာကွယ်ရေး အသုံးစရိတ် အများဆုံး ကျခံနေရတဲ့အပေါ် အမေရိကန် သမ္မတ ထရမ့်က အစဉ်တစိုက် ဝေဖန်ပြောဆိုခဲ့ပါတယ်။

တခြားနေတိုး အဖွဲ့ဝင် နိုင်ငံတွေကလည်း စစ်ရေး အသုံးစရိတ်ကို တိုးမြင့်မယ်ဆိုရင် အမေရိကန်အပေါ် ကျနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေ သက်သာနိုင်ပြီး မျှတယ်နိုင်တယ်လို့ သမ္မတ ထရမ့်က မစ္စတာ မက်ခရွန်နဲ့ မတွေ့ဆုံခင် ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ် သမ္မတ မက်ခရွန်က အမေရိကန် တရုတ် ရုရှား တို့ရဲ့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့နဲ့ အမေရိကန်အပေါ် မှီခိုမှုကို လျှော့ချဖို့ ဥရောပသမဂ္ဂအနေနဲ့ ကိုယ်ပိုင် စစ်တပ် ရှိသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်ကို သမ္မတ ထရမ့်က ဒါဟာ စော်ကားမှု တခုဆိုပြီး လူမှုကွန်ရက် တွစ်တာကနေ ဒေါသတကြီး တုံ့ပြန်ခဲ့ပေမယ့် သူတို့ ၂ ဦး တွေ့ဆုံ အပြီးမှာ ဒီသဘောထား ကွဲလွဲမှုတွေကို ပြန်လည် ရင်ကြား စေ့နိုင်ခဲ့ပါတယ်။ သူတို့ ၂ ဦးတွေ့ဆုံပြီးတဲ့နောက် အမေရိကန် သမ္မတ ထရမ့်က ပြင်သစ်မှာရှိတဲ့ အမေရိကန် စစ်သင်္ချိုင်း ၂ ခုကို သွားရောက်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ငြိမ်းချမ်းရေး ဖိုရမ်ကို ရုရှားသမ္မတ ပူတင်နဲ့ တူရကီ သမ္မတ အာဒိုဝမ်တို့လည်း တက်ရောက်မှာ ဖြစ်

ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပြင်သစ်သမ္မတနဲ့ ဂျာမနီဝန်ကြီးချုပ်တို့ဟာ ပါရီ ငြိမ်းချမ်းရေး ဖိုရမ်ကို တက်ရောက်ဖို့ ရှိနေပါတယ်။

ဒီဖိုရမ်ကို ရုရှားသမ္မတ ပူတင်နဲ့ တူရကီ သမ္မတ အာဒိုဝမ်တို့လည်း တက်ရောက်မှာ ဖြစ်သလို သမ္မတ ထရမ့်ရဲ့ ကိုယ်စား အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျွန်ဘော်တန် တက်ရောက်မှာ ဖြစ်ပါတယ်။

ပထမကမ္ဘာစစ် ပြီးဆုံးတဲ့အခမ်းအနားကို တက်ရောက်လာတဲ့ ရုရှားနဲ့ အမေရိကန် သမ္မတတို့ တွေ့ကြမယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့်လည်း တွေ့ဆုံဖို့ကလည်း မကြာခဏ ဆိုသလို အပြောင်းအလဲတွေ ဖြစ်နေပါတယ်။

နိုဝင်ဘာ ၇ ရက်က သူတို့ ၂ ဦး နေ့လည်စာ အတူစားမယ်လို့ ရုရှားက ပြောပေမယ့် အမေရိကန်ဘက်ကတော့ မတွေ့နိုင်ဘူးလို့ ပြောပါတယ်။

ဒါပေမယ့် နိုဝင်ဘာ ၁၁ ရက် နေ့လည်စာ စားရင်တော့ ခေါင်းဆောင် ၂ ဦး တွေ့ဆုံမှာဖြစ်ပေမယ့် တရားဝင် ၂ ဦးတည်း တွေ့ဖြစ်မလားဆိုတာကလည်း မရေမရာ ဖြစ်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ