အင်တာပို ဥက္ကဋ္ဌသစ် အဖြစ် တောင်ကိုရီးယား ရဲအရာရှိဟောင်းကို ခန့်အပ်

Interpol၊ ဥက္ကဋ္ဌသစ် ၊တောင်ကိုရီးယား၊ ရုရှား ဓာတ်ပုံ မူပိုင် INTERPOL
Image caption လူထု ဘေးကင်း လုံခြုံရေးနဲ့ ပတ်သက်လို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို မကြုံစဖူး ရင်ဆိုင်နေရတယ်လို့ ကင်ဂျုံယန်း ပြော

အင်တာပို နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ ဥက္ကဋ္ဌသစ်အဖြစ် တောင်ကိုရီးယား လူမျိုး ကင်ဂျုံယန်းကို ခန့်အပ်လိုက်ပါတယ်။

ဒူဘိုင်းမြို့မှာ ကျင်းပတဲ့ အင်တာပို နှစ်ပတ်လည် ကွန်ဂရက် အစည်းအဝေးမှာ အဖွဲ့ဝင် ၁၉၄ နိုင်ငံကနေ မစ္စတာ ကင်ကို ရွေးချယ်ဖို့ မဲခွဲ ဆုံးဖြတ်ခဲ့ကြတာပါ။

အများ ထင်ကြေးပေးနေတဲ့ ရုရှားလူမျိုး အလက်ဇန္ဒား ပရိုကော့ချွတ်ခ် ကတော့ မှန်းချက်နဲ့ နှမ်းထွက် လွဲသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အရင် ဥက္ကဋ္ဌဟောင်း မန် ဟောင်ဝေ တရုတ်နိုင်ငံကို သွားစဉ် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့အပြီး အင်တာပို ဥက္ကဋ္ဌသစ် နေရာအတွက် မဲခွဲ ဆုံးဖြတ် ခန့်အပ်ခဲ့တာပါ။

တရုတ်နိုင်ငံကို ရောက်လာတဲ့ မန် ဟောင်ဝေကို လာဘ်ငွေယူတဲ့ ကိစ္စနဲ့ စုံစမ်း စစ်ဆေးဖို့ ထိန်းသိမ်းထားတယ်လို့ တရုတ်အစိုးရက အတည်ပြု ပြောခဲ့ပါတယ်။

အခု အင်တာပို ဥက္ကဋ္ဌသစ် ဖြစ်လာတဲ့ အသက် ၅၇ နှစ်အရွယ် ကင်ဂျုံယန်းဟာ ရဲအရာရှိဟောင်း တဦး ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး ဂျီယောန်းဂီ ပြည်နယ်မှာ ရဲချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။

သူဟာ အင်တာပိုအဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပြီး မန် ဟောင်ဝေ ပျောက်ဆုံးသွားကတည်းက ယာယီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။

မစ္စတာ မန် ဟောင်ဝေရဲ့ ကျန်တဲ့ ဥက္ကဋ္ဌ သက်တမ်း ၂ နှစ်အတွက် သူဆက်တာဝန်ယူသွားမှာပါ။

အစောပိုင်းကတော့ ဒီရာထူးကို ရုရှားဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ပရိုကော့ချွတ်ခ် ရမယ်လို့ ထင်ကြေးပေး ပြောနေကြပေမယ့် ဗိုလ်ချုပ်ကြီး ပရိုကော့ချွတ်ခ် ဟာ အင်တာပို ရုရှား ဗြူရို အကြီးအကဲအဖြစ် တာဝန်ယူ ခဲ့စဉ်တုန်းက အင်တာပိုရဲ့ နိုင်ငံတကာ ဖမ်းဝရမ်းမိန့်ကို အသုံးချပြီး ရုရှားအစိုးရကို ဝေဖန်သူ အတိုက်အခံတွေအပေါ် ပစ်မှတ်ထား ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရုရှားအစိုးရရဲ့ အတိုက်အခံတွေကို ပရိုကော့ချွတ်ခ် က ပစ်မှတ်ထား နှိပ်ကွပ်လိမ့်မယ်လို့ စိုးရိမ်နေကြ

အင်တာပိုရဲ့ ဒုတိယ ဥက္ကဋ္ဌ လေးဦးထဲမှာ တဦး အပါအဝင် ဖြစ်နေချိန်တုန်းကတော့ သူ့ကို ဒီလို စွပ်စွဲတာမျိုး မရှိခဲ့ပါဘူး။

ဒါပေမယ့် ရုရှား လူ့အခွင့်အရေး လှုပ်ရှားတဲ့ အုပ်စုတွေ၊ အမေရိကန်နဲ့ ဗြိတိန် အပါအဝင် တခြား နိုင်ငံတွေက အစိုးရ တာဝန်ရှိသူတွေကတော့ သူသာ ဒီရာထူးရခဲ့ရင် ရုရှား နိုင်ငံရေး အတိုက်အခံတွေအပေါ် ပစ်မှတ်ထား နှိပ်ကွပ်မှုတွေ ရှိလာလိမ့်မယ်လို့ စိုးရိမ်နေကြတာပါ။

ဒါ့ကြောင့် ဗိုလ်ချုပ်ကြီး ပရိုကော့ချွတ်ခ် သာ ဒီရာထူး ရသွားရင် ကြက်ခြံထဲ မြေခွေးလွှတ်ပေးလိုက်သလို ဖြစ်သွားမယ်။ မာဖီးယား လူဆိုးဂိုဏ်းကို ကြီးကြပ်ခိုင်းသလို ဖြစ်သွားမယ် ဆိုပြီး ဗြိတိန် နိုင်ငံခြားရေး ဌာနကရော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပီယို ကပါ မစ္စတာ ကင် ဂျုံယန်း အနိုင်ရအောင် ဖိအားပေး လုပ်ခဲ့ကြပါတယ်။

ရုရှားအစိုးရက ဒီဝေဖန်မှုတွေဟာ အင်တာပိုလို နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့ မဲခွဲ ဆုံးဖြတ်မှုအပေါ် ဝင်စွက်ဖက်တဲ့ သဘော ဖြစ်တယ်လို့ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ပရိုကော့ချွတ်ခ် အနေနဲ့ အင်တာပို ဒုဥက္ကဋ္ဌအဖြစ် ဆက်ဆောင်ရွက် သွားမှာဖြစ်ပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းမှာ အင်တာပို ရဲ့ အနေအထား ပိုခိုင်မာအောင် အကူအညီပေးသွားမယ်လို့ ရုရှားအစိုးရက ပြောသွားပါတယ်။

အင်တာပိုနိုင်ငံတကာ ရဲအဖွဲ့ဟာ တခြားရဲအဖွဲ့တွေလို ရာဇဝတ်သားတွေကို ဖမ်းနိုင်တဲ့ ကိုယ်ပိုင် ရဲအရာရှိတွေ မရှိသလို အကျဉ်းသားတွေကို ထိန်းသိမ်းထားဖို့ ကိုယ်ပိုင် အကျဉ်းထောင်တွေလည်း မရှိပါဘူး။

ဒါပေမယ့် အဖွဲ့ဝင် နိုင်ငံတခု ဒါမှမဟုတ် နိုင်ငံတကာ ခုံရုံးရဲ့ ပန်ကြားချက်နဲ့ သူတို့ အလိုရှိနေတဲ့ လူကို အင်တာပိုက ဖမ်းဝရမ်း ထုတ်ခွင့် ရှိပါတယ်။

အင်တာပိုရဲ့အမိန့်ကို သက်ဆိုင်ရာ နိုင်ငံက လိုက်နာဖို့ ဖိအားပေးလို့ မရဘဲ သက်ဆိုင်ရာ နိုင်ငံက ရဲတပ်ဖွဲ့တွေက သူတို့ကိုယ်ပိုင် ဥပဒေအတိုင်းပဲ ဖမ်းဆီးခွင့် ရှိတာ ဖြစ်ပါတယ်။

အင်တာပို နိုင်ငံတကာ ရဲတပ်ဖွဲ့မှာ လူတွေရဲ့ လက်ဗွေရာ၊ ရဲစခန်း မှတ်တမ်း ဓာတ်ပုံ၊ ဒီအန်အေနမူနာ တွေကိုလည်း ကျယ်ကျယ်ပြန်ပြန့် စုဆောင်း ထားရှိထားပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုမျိုး၊ လုပ်ကြံမှုမျိုးလို အရေးပါတဲ့ ဖြစ်ရပ်ကြီးတခု ဖြစ်လာခဲ့ရင် အင်တာပို အဖွဲ့က ဒီလို ဖြစ်ရပ်တွေကို တုံ့ပြန် ဆောင်ရွက်တဲ့ သူတို့ရဲ့အဖွဲ့ခွဲဆီ အဲဒီ အထောက်အထားတွေကို ပေးပို့မှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ခွဲက ဒီဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ သူတို့ရဲ့ အထူး တတ်ကျွမ်းထားတဲ့ ပညာတွေနဲ့ ကူညီ ကြီးကြပ် ဆောင်ရွက်ပေးလေ့ ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ