ချယ်လ်ဆီးကလင်တန် - 'ဘယ်သူမှ အဖေ့ကို နာမည်မပြောင်းခိုင်းကြဘူး'

Chelsea Clinton ဓာတ်ပုံ မူပိုင် Chelsea Clinton

ချယ်လ်ဆီးကလင်တန်က သူ့အမေအပေါ် ထားတဲ့ လူထုသဘောထားဟာ အဖေအပေါ် ထားတာနဲ့ သိပ်ကွာခြားတယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ သမ္မတလောင်း ယှဉ်ပြိုင်ခဲ့သူ ဟီလာရီ ကလင်တန်တို့ရဲ့ သမီး ချယ်လ်ဆီးက ဘီဘီစီရဲ့ ဒီနှစ် အမျိုးသမီး ၁ဝဝ အစီအစဉ်အတွက် ခုလို ပြောကြားလိုက်တာပါ။

" ကျွန်မတို့ မိသားစုကို လူတွေရဲ့သုံးသပ်ချက်၊ အဖေနဲ့အမေပေါ် ထားကြတဲ့ အမြင်တွေက သိပ်ကွာပါတယ်။

"ဘယ်သူကမှ အဖေ့ကို နာမည်မပြောင်းခိုင်းကြဘူး"

ဓာတ်ပုံ မူပိုင် Simone Padovani/Awakening
Image caption ကလေးစာအုပ်တွေရေးတဲ့ ချယ်လ်ဆီးကလင်တန်

သူ့အဖေက အမေလုပ်သမျှကို အမြဲအားပေးထောက်ခံတာလို့ ချယ်လ်ဆီးက ပြောပါတယ်။ ဒါပေမဲ့ "အမေ့အောင်မြင်မှုတွေကို အဖေ့တုန်းကလို တန်းတူမျက်စိနဲ့ ကြည့်ပြီး အကဲဖြတ်ခံရတယ်လို့ ပြောရင်တော့ မရိုးသားရာ ကျပါတယ်" လို့လည်း ဆိုတယ်။

"အာကန်ဆောမှာ ၁၉၈ဝ ကျော်တုန်းက အမေ့နာမည်ကို ဟီလာရီ ရော့ဒဟမ်ကနေ ဟီလာရီ ရော့ဒဟမ် ကလင်တန် ပြောင်းဖို့ ဖိအားပေးကြတာ မှတ်မိတယ်၊ နောက်ဆုံးတော့ အမေလည်း အလုပ်ပျက် အကျိုးမရှိ ငြင်းခုံမနေချင်တာနဲ့ နောက်ဆုံး ပြောင်းပေးလိုက်တယ်"

ကလင်တန် ဖောင်ဒေးရှင်းမှာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်နေတဲ့ ချယ်လ်ဆီးက သူ့မှာ နိုင်ငံရေးလုပ်ဖို့ လောလောဆယ် အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်း လုပ်မယ် မလုပ်ဘူးတော့ အပြတ်မပြောပါဘူး။

"ဝင်ချင်ရင် ဝင်နိုင်တာပေါ့၊ ဒါကလည်း လူတိုင်းအတွက် ဝင်နိုင်ခွင့် ဖြစ်သင့်တာပဲလေ " လို့ ချယ်လ်ဆီးက ဘီဘီစီ ရေဒီယို ၄ အစီအစဉ်ကို ပြောပါတယ်။

"အခု ဝင်မလုပ်တာ သေချာပေမယ့် ဘယ်တော့မှ မလုပ်ဘူး လို့တော့ မဟုတ်ဘူး။ ကျွန်မတို့ တိုင်းပြည်ရဲ့ ရှေ့ရေးကို စိတ်ဝင်စားသူတိုင်း အိမ်နားက ကျောင်းဘုတ်အဖွဲ့မှာ ဖြစ်ဖြစ်၊ သမ္မတ ဖြစ်ဖြစ်၊ ဒီကြားထဲက တခုခုဖြစ်ဖြစ် ဝင်ပြိုင်ဖို့ စဉ်းစားမိကြမှာပဲလေ"

ဓာတ်ပုံ မူပိုင် Handout
Image caption မင်္ဂလာဆောင်တုန်းက ချယ်လ်ဆီးတို့ မိသားစု

လူတွေ ဒီထက်ပိုပြီး နိုင်ငံရေးမှာ ဝင်ပြိုင်ဆောင်ရွက်တာတွေ ဖြစ်လာစေချင်တယ်လို့လည်း ချယ်လ်ဆီးက ဆိုပါတယ်။ ဒါမှ လူထုမှာ ရွေးချယ်စရာ ပိုပြီး ကောင်းကောင်းရှိလာမယ်လို့ သူက ရှင်းပြပါတယ်။

ချယ်လ်ဆီးက ကလေးတွေအတွက် ပုံပြ စာအုပ်လေး နှစ်အုပ်လည်း ရေးပါတယ်။ ဒီစာအုပ်တွေက အမျိုးသမီးတွေအကြောင်း အဓိက ရေးတာပါ။ သမိုင်းကို ပြောင်းဖို့ ပုံဖော်ဖို့ ကြိုးစားတဲ့ အမျိုးသမီးတွေပေါ့။

သူ့စာအုပ်ထဲက အမျိုးသမီးတယောက်ကတော့ ကာရိုလင်း ဟာရှယ်ပါ။ ၁၈ ရာစုတုန်းက ကြယ်တံခွန် ၈ ခုကို ရှာတွေ့တဲ့ နက္ခတ်ပညာရှင် တယောက် ဖြစ်ပေမယ့် ယူရေးနပ်စ် ဂြိုဟ်ကို တွေ့တဲ့ သူ့အစ်ကိုလောက် နာမည်မကြီးပါဘူး။

"ကျွန်မတို့ သမိုင်းသင်ပုံ၊ နားလည်ပုံတွေက ခေါက်ရိုးကျိုးနေတာပါ" လို့လည်း သူက ပြောပါတယ်။

"ဒီကမ္ဘာကြီးမှာ အသိပညာတိုးပွားအောင် ကြိုးစားခဲ့တဲ့ အမျိုးသမီးတွေ အများကြီး ရှိသေးတယ် ဆိုတာကို သိဖို့ အရေးကြီးပါတယ်။ သိပ္ပံနဲ့ တခြားတိုးတက်မှုတွေ အများကြီးမှာပါ သူတို့ကူညီခဲ့ကြတာပါ " လို့ ချယ်လ်ဆီးကလင်တန်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Brooks Kraft
Image caption အမေ့ခြေရာ အမီလိုက်မလား