ကျွဲနဲ့ ဆယ်လ်ဖီဆွဲရင်း နာမည်ကြီးလာတဲ့ ထိုင်းလယ်သမား

Surat with Thong Kham ဓာတ်ပုံ မူပိုင် Facebook/สุรัตน์ แผ้วเกตุ
Image caption ခွေးဟာ လူရဲ့အကောင်းဆုံး မိတ်ဆွေလို့ ပြောလို့မရတော့

လူနဲ့ကျွဲ ရာသက်ပန် မိတ်ဆွေ ဖြစ်ဖို့ဆိုတာ တွေ့ရခဲပါတယ်။

ထိုင်းလယ်သမား ဆူရတ် ဖျောင်ကတ်ကလည်း သူထိန်းရတဲ့ တုံခမ်းဆိုတဲ့ ကျွဲနဲ့သူ ခင်မင်ရင်းနှီးလာမယ်လို့ အစက မထင်ခဲ့မိဘူး။

၃၄ နှစ်အရွယ် ဆူရတ်ဟာ ဒီကျွဲကို အငှားထိန်းကျောင်းရသူပါ။ သူနဲ့ကျွဲတို့ မိတ်ဆွေ ဖြစ်လာပုံက တဖြည်းဖြည်းနဲ့စတာ လို့လည်း ဆိုပါတယ်။

"တုံခမ်းက စိတ်ထားကောင်းတယ်၊ ပါးနပ်တယ် " လို့ သူက ဘီဘီစီကို ပြောပါတယ်။ "ကျွန်တော့်ကို ကျောပေါ်တင်ပြီး လယ်ကွင်းထဲ သွားရတာ သူကြိုက်တယ်"

ဒီလိုနဲ့ သူ့အချစ်တော် ကျွဲကြီးနဲ့သူ ဆယ်လ်ဖီပုံတွေ အင်တာနက်မှာ ရိုက်တင်ရင်း နာမည်ကြီးလာပါတယ်။

သူတို့ပုံတွေက လူတွေကြား သိပ်ပေါက်သွားပြီး ထိုင်းမှာ သူတို့ဟာ အင်တာနက် ဆယ်လီတွေ ဖြစ်ကုန်ပါတယ်။

ဒါပေမဲ့ ကျွဲကြီး တုံခမ်းကို နောက်ပိုင်ရှင်လက်ကို ရောင်းတော့မယ်လို့ ဖျောင်ကတ်ကို သူ့ပိုင်ရှင်က ပြောတဲ့အခါ ဇာတ်လမ်းက တမျိုးပြောင်းသွားပါတယ်။

ဓာတ်ပုံ မူပိုင် Facebook/สุรัตน์ แผ้วเกตุ
Image caption တုံခမ်းက ဓာတ်ပုံတွေထဲမှာ ပြုံးနေတဲ့ပုံစံပေါက်

'သူပျော်အောင် ကျွန်တော်ထားမယ်'

ချိုင်နတ်ခရိုင်မှာ နေတဲ့ ဖျောင်ကတ်ဟာ အရင် နှစ်လက ဒီကျွဲကြီးကို ကြည့်ရတဲ့ အလုပ်ကို ရခဲ့ပါတယ်။

ကျွဲကြီးနဲ့ သူတို့ မိတ်ဆွေတွေ ဖြစ်လာပြီး အရင်တပတ်ကပဲ သူတို့နှစ်ယောက် ဆယ်လ်ဖီပုံတွေ စရိုက်ခဲ့ပါတယ်။

တုံခမ်းကလည်း သူ့လို လိုက်တုလုပ်တတ်တာကို ပုံနည်းနည်းလောက် ရိုက်ပြီးတဲ့အခါ သတိထားမိလာပါတယ်။

"တုံခမ်းက ကျွန်တော်လုပ်တာတွေ လိုက်လုပ်တတ်တယ်၊ ဖုန်းကို တည့်တည့်ကြည့်တာ၊ ကျွန်တော့်နားတိုးကပ်တာ၊ ပြုံးတာလိုဟာမျိုးတွေထိ သူ လုပ်လာတယ် " လို့ ဖျောင်ကတ်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖမ်းဆီး လှောင်ပိတ်ခံခဲ့ရတဲ့ တိရစ္ဆာန် တို့နားခိုရာ

ဒီပုံတွေကို ဖေ့စ်ဘုတ်မှာ သူ့သူငယ်ချင်းတွေ ရယ်စရာ ရအောင် သူတင်လိုက်တော့ လူတွေက သူတို့ အကောင့်တွေမှာ လိုက်တင်ကြတယ်။

သူ့ပုံတွေကို ပြန်တင်တာ ခဏလေးနဲ့ အကြိမ် ၃၂,ဝဝဝ လောက် ဖြစ်သွားပြီး လူတွေက ဆက်တင်ပါလို့လည်း တောင်းဆိုကြပါတယ်။

"လူတွေက ဒီလောက်နဲ့ မကျေနပ်ကြဘူး၊ ပုံတွေ ထပ်တင်ပါ ပြောကြတယ် " လို့ သူက ဆိုတယ်။ "တချို့ဆိုရင် ဒီပုံတွေကို ကြည့်ပြီး သူတို့နေ့စဉ်ဘဝ အမောတွေတောင် မေ့သွားတယ် လို့ ပြောကြတယ်"

ဒါပေမဲ့ တုံခမ်းရဲ့ မူလပိုင်ရှင်၊ ဖျောင်ကတ်ကို ကျွဲကျောင်းခိုင်းတဲ့သူက ဒီကျွဲကို ရောင်းပစ်ဖို့ ဆုံးဖြတ်လိုက်တော့ သူတို့ ခင်မင်မှုက အဆုံးသတ်တော့မလို ဖြစ်သွားတယ်။

"စိတ်မကောင်းပေမယ့် သူ့ကို ဝယ်ဖို့လည်း ငွေမရှိဘူး" လို့ ဖျောင်ကတ်က ပြောပါတယ်။ သူ့ပရိသတ်တွေကို ဒီလို အခက်အခဲဖြစ်နေတဲ့အကြောင်းကိုလည်း ရှင်းပြလိုက်ပါတယ်။

တုံခမ်းကို ဝယ်ဖို့ ထိုင်းဘတ်ငွေ တသိန်း၊ ဒေါ်လာနဲ့ သုံးထောင်လောက် ရဖို့ လိုတယ်လို့ ရှင်းပြတော့ လူတွေက ပြန်ဖြေကြတယ်။

"တချို့က ကျွန်တော့ကို ပြောတယ်၊ သူတို့ ငွေလှူမယ် ဆိုတော့ ကျွန်တော်လည်း အလှူခံဖို့ ဆုံးဖြတ်လိုက်တယ်"

ဓာတ်ပုံ မူပိုင် Facebook/สุรัตน์ แผ้วเกตุ
Image caption တုံခမ်းတသက်လုံး ပျော်အောင် ထားမယ်လို့ ဆူရတ်ကဆို

နှစ်ရက်အတွင်း ဘတ်ငွေ ၁၃၆,ဝဝဝ လောက်ရပြီး အလှူခံတာကို စာရင်းပိတ်လိုက်ပါတယ်။

သူက ပိုတဲ့ငွေတွေနဲ့ ဘာလုပ်ရမလဲ ဖေ့စ်ဘုတ်မှာ မေးလိုက်ပါတယ်။

ကြာသပတေးနေ့မှာပဲ အခမ်းအနားနဲ့ တုံခမ်းရဲ့ ပိုင်ရှင်ဆီကနေ လက်လွှဲယူမယ်လို့ ဖျောင်ကတ်က ပြောပါတယ်။

လှူတဲ့သူတွေကြား ရှင်းရှင်းလင်းလင်း ဖြစ်ရအောင် အရာရှိတွေကို ဖိတ်ထားတယ် လို့လည်း သူကဆိုပါတယ်။

"သူတို့အားလုံးကို ကျေးဇူးတင်တယ်၊ တုံခမ်းကို တသက်လုံး ပျော်အောင်ထားပြီး ဓာတ်ပုံတွေ မှန်မှန်တင်ပေးပါ့မယ်၊ တုံခမ်းဆီ လာလည်ချင်သူတိုင်းကိုလည်း ကြိုဆိုတယ် " လို့ ဖျောင်ကတ်က ပြောပါတယ်။

"လယ်ကွင်းနဲ့ အိမ်ကလေးတလုံး၊ ကျွဲတကောင်နဲ့ နေရတဲ့ဘဝကို ကျွန်တော် စိတ်ကူးယဉ်လေ့ ရှိပါတယ်။ ကျွဲကို စီးပြီး လယ်ကွင်းကို သွားတာပေါ့၊ တုံခမ်းရှိလာတော့ ကျွန်တော့်အိပ်မက်တွေ ဖြစ်လာပြီပေါ့"


ဒီဆောင်းပါးကို ဘီဘီစီ ထိုင်းဌာနက ဘူဆာဘာ ဆီဗာဆွန်ဘွန် ပေးပို့ပါတယ်