ကရာချိမြို့က တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရလို့ အနည်းဆုံး လူ ၅ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ် အလုပ်သမားတွေနဲ့ သူတို့ အလုပ်လုပ်ရာ နေရာတွေကို လက်နက်ကိုင်တွေက မကြာခဏ တိုက်ခိုက်လေ့ရှိ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့က တရုတ်ကောင်စစ်ဝန်ရုံးကို သေနတ်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၅ ဦး သေဆုံးသွားပါတယ်။

ဒေသစံတော်ချိန် မနက် ၉ နာရီခွဲလောက်မှာ သေနတ်သမား ၃ ဦးက တရုတ်ကောင်စစ်ဝန်ရုံးထဲဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတာပါ။

ဒါပေမယ့် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေး အစောင့်တွေက တားဆီးခဲ့ရာမှာ သေနတ်သမား ၃ ဦးကို အသေ ဖမ်းမိခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။

ကောင်စစ်ဝန်ရုံးထဲမှာ ရှိနေတဲ့ ဝန်ထမ်းတွေအားလုံး ဘေးမသီ ရန်မခခဲ့ဘူးလို့ တရုတ်အစိုးရက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံထဲမှာ ရှိတဲ့ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်အဖွဲ့အစည်းတွေ လုံခြုံစိတ်ချမှု ရှိစေရေးအတွက် ပါကစ္စတန် အစိုးရအနေနဲ့ နောက်ထပ် ပိုဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်း သူက ပြောသွားပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်ပိုင်းမှာ တရုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို ကန့်ကွက်နေတဲ့ ဘလူချစ္စတန် လွတ်မြောက်ရေး တပ်မတော် ဆိုတဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေက ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာလို့ ပြောပါတယ်။

ဘလူချစ္စတန် ပြည်နယ်မှာ ဆောက်လုပ်ရေး စီမံကိန်းတွေနဲ့ တရုတ် အလုပ်သမားတွေကို လက်နက်ကိုင်တွေက အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်နေခဲ့တာ နှစ်နဲ့ချီ ရှိနေပါပြီ။

ဒါပေမယ့် အခု ဒီတိုက်ခိုက်မှုကတော့ အထင်ရှားဆုံး တိုက်ခိုက်မှုတွေ ထဲက တခုလို့ ပြောရမှာပါ။

ဘလူချစ္စတန် ပြည်နယ်ဟာ CPEC တရုတ် ပါကစ္စတန် စီးပွားရေး စင်္ကြံလမ်း လို့ အမည်ပေးထားတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ အဓိက လုပ်ရာ အချက်အချာ ပြည်နယ် ဖြစ်ပါတယ်။

ဘလူချစ္စတန် ပြည်နယ်က အာရေဗျ ပင်လယ် ဆိပ်ကမ်း ဂွာဒါမြို့နဲ့ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ဂျန်း ပြည်နယ်ကို ဆက်သွယ်ဖို့အတွက် ပါကစ္စတန်နိုင်ငံက အခြေခံအဆောက်အအုံတွေမှာ တရုတ်က ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် လုပ်နေတာပါ။

တရုတ်အစိုးရဟာ ပါကစ္စတန် အစိုးရနဲ့ နီးစပ်တဲ့ မဟာမိတ် နိုင်ငံတခု ဖြစ်ပြီး ပါကစ္စတန်နိုင်ငံအတွက် ငွေ ဘီလျံပေါင်း များစွာ သွန်အော သုံးထားတဲ့အတွက် ပါကစ္စတန် အစိုးရအနေနဲ့ အခု ဒီတိုက်ခိုက်မှုအပေါ် အကြီးအကျယ် စိုးရိမ် မကင်း ဖြစ်သွားပါလိမ့်မယ်။

ဓာတ်ပုံ မူပိုင် XINHUA
Image caption တိုက်ခိုက်မှု ဖြစ်ခဲ့ရာ နေရာနားမှာ ကားတစ်စီး မီးလောင်နေပုံ

တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် နိုင်ငံမှာ အကြီးအကျယ် ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ ပါကစ္စတန် အစိုးရက ယူဆထားတာပါ။

ဘလူချစ္စတန် ပြည်နယ်ဟာ လူဦးရေ ခပ်ကျဲကျဲ နေထိုင်တဲ့ ပြည်နယ်ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ကြေးနီနဲ့ ရွှေ စတဲ့ သယံဇာတတွေ ပေါကြွယ်ဝ ပါတယ်။

ဒါပေမယ့်လည်း ပါကစ္စတန်နိုင်ငံရဲ့ အဆင်းရဲဆုံး ဒေသ အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဗဟို အစိုးရဟာ ဘလူချစ္စတန် ပြည်နယ်က သယံဇာတတွေကိုမတရား အသုံးချပြီး ရပိုင်ခွင့် တွေ ပေးဖို့ကိုတော့ ငြင်းဆန်နေတယ်လို့ ဘလူချစ္စတန် အမျိုးသားဝါဒီတွေက ပြောနေပါတယ်။

ဆက်စပ် အကြောင်းအရာများ