အစီရင်ခံစာက အမေရိကန် လူမှုဘဝတွေ အတွက် အပြင်းအထန် သတိပေး

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၁.၅ ဒီဂရီစင်တီဂရိတ် က ကမ္ဘာကြီးကို ဘယ်လောက်အထိ ပြောင်းလဲ နိုင်သလဲ

အဟန့်အတားမဲ့ ဖြစ်နေတဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် အမေရိကန် ပြည်ထောင်စု အတွက် ဒေါ်လာဘီလျံနဲ့ ချီ ကုန်ကျနိုင်ပြီး၊ အမေရိကန်ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်ပျက်စီးကာ၊ လူမှုဘဝ အရည်အသွေးတွေလည်း ကျဆင်းသွားလိမ့်မယ်လို့ အမေရိကန် အစိုးရရဲ့ အစီရင်ခံစာ တခုက အပြင်းအထန် သတိပေးလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ရာသီဥတု အကဲဖြတ်ချက် ၄ ကြိမ်မြောက် အစီရင်ခံစာ မှာ အခုလို သတိပေး ထားတာ ဖြစ်ပြီး၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ရှေ့ဆက် ဖြစ်လာမယ့် အန္တရာယ်တွေဟာ ဒီကနေ့ ဘာဆုံးဖြတ် လုပ်ဆောင်ကြမလဲ ဆိုတဲ့ အပေါ် မူတည်နေတယ်လို့ လည်း ဒီအစီရင်ခံစာ က ဆိုပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် လူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှု၊ လူမှုဘဝ အရည်အသွေး တွေနဲ့ စီးပွားရေး တိုးတက်မှု နှုန်းတွေ အတွက် လက်ရှိမှာ စိန်ခေါ်မှုတွေ တိုးများလာနေတယ်လို့ အစီခံစာ မှာ ဖေါ်ပြထားပါတယ်။

အခုသတိပေးချက်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရ ရဲ့ ရုပ်ကြွင်း လောင်စာ အစီအစဉ် နဲ့ ဆန့်ကျင် နေပါတယ်။

သတိပေးသံ

ဂျိမ်းစ်ကွက်ခ် ဘီဘီစီ သတင်းထောက်

ဝါရှင်တန်မှာ ဒီသတင်းပတ်အတွင်း ရာသီဥတု အရမ်း အေးခဲ့တာကြောင့် သမ္မတ ဒေါ်နယ် ထရမ့်က ကမ္ဘာ့ကြီး ပူနွေးလာမှုက ဘယ်လို ဖြစ်တာလဲ လို့ သူ့ တွစ်တာ အကောင့် မှာ ရေးခဲ့ပါတယ်။

ဒီလို အမေး အတွက် အဖြေကတော့ အခုထွက်လာခဲ့ပါပြီ။ သမ္မတ ထရမ့် နာမည်ကို ရည်ညွှန်း ဖေါ်ပြခြင်း မရှိပဲ၊ သူ့ရဲ့ ရာသီဥတု ဆိုင်ရာ သိပ္ပံ ပညာရှင်တွေ ကနေ အမေးအတွက် အပြည့်အစုံ အဖြေပေးလိုက်ပြီ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေ ပြောတာကတော့ ကမ္ဘာကြီး ပူနွေးလာမှုဟာ အမေရိကားမှာ ဖြစ်နေပါပြီ၊ ဒါဟာ အင်မတန်မှ ဆိုးဝါးတဲ့ အခြေအနေပါ၊ လက်ရှိမှာ အရေးတကြီး အလျင်အမြန် မကုစားဘူးဆိုရင် ဒါဟာ ကပ်ဘေး ဆိုက်ရောက် လိမ့်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရာသီဥတု ပြောင်းလဲမှုကို မတာဆီးနိုင်ရင် တော မီးလောင်ကျွမ်းမှုတွေ တိုးများနိုင်တယ်လို့ အစီရင်ခံစာက ဆို

ဒီအစီရင်ခံစာမှာ အကြောင်းအရင်း ၂ ခုကို အဓိက ဖေါ်ပြထားပါ။

ပထမတခုကတော့ ယေဘုယျ ကောက်နှုတ်ချက် မဟုတ်ပါ။ တောင်ကာရိုလိုင်းနားပြည်နယ်မှာ ရေကာတာတွေ များနေတာ၊ ဂရိတ်ပလိန်းစ် ဒေသမှာ ပူပြင်းခြောက်သွေးပြီး ကောက်ပဲသီးနှံတွေ ပျက်စီးတာ နဲ့ ဖလောရီဒါမှာ အင်းဆက်ပိုးကြောင့် ဖြစ်တဲ့ သီးနှံ ရောဂါတွေ မြင့်တက်လာတာ စတဲ့ အတိအကျ အချက် အလက်နဲ့ တကွ ဖေါ်ပြထားပါတယ်။

ဒုတိယ အချက်ကတော့ စီးပွားရေး သက်ရောက်မှုကို အဓိက ဖေါ်ပြထားပါတယ်။ စီးပွားရေး ကြီးထွားလာဖို့ အိမ်ဖြူတော်ရဲ့ အတင်းအကျပ် တောင်းဆိုမှု က သဘာဝပတ်ကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ အပေါ် စိန်ခေါ်မှု ဖြစ်နေတဲ့ အချက် ဖြစ်ပါတယ်။

အခြေခံ အဆောက်အအုံတွေ ပျက်စီးနေမှု၊ စိုက်ပျိုးခင်းတွေ လျော့နည်း လာမှုနဲ့ အလုပ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းလာ မှုတွေကို သတိပေး ထားပါတယ်။

ရာသီဥတု ပြောင်းလဲမှုက အမေရိကန်မှာ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် လူမှုဘဝ အာလုံးကို မကြာခင် သက်ရောက်မှုတွေ ဖြစ်လိမ့်မယ်လို့ ဒီအစီရင်ခံစာက သတိပေး ခေါင်းလောင်း ထိုးလိုက်ပါတယ်။

အစီရင်ခံစာ ကို အမေရိကန် အစိုးရ အေဂျင်စီ အတော်များများရဲ့ အကူအညီနဲ့ ရေးသား ခဲ့တာ ဖြစ်ပေမယ့် အိမ်ဖြူတော်ကတော့ ဒီအစီရင်ခံစာဟာ တိကျ မှန်ကန်မှု မရှိဘူးလို့ ပြောပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရသူ လင်ဒ်ဆေး ဝေါတာ က ဒါဟာ အလွန် အမင်း ချဲ့ကား ထားတဲ့ ဖြစ်စဉ်တွေ ကို အခြေခံ ရေးထားတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ကမ္ဘာ့ သိပ္ပံ ပညာရှင်တွေ ကတော့ လူတွေကြောင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်တယ်ဆိုတာ ကို သဘောတူခဲ့ပြီး၊ အပူချိန် အတက် အကျ ဖြစ်မှုဟာလည်း လူတွေရဲ့ လုပ်ရပ်ကြောင့် ပိုဆိုးလာ စေတယ်လို့လည်း သတိပေးလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် SerrNovik
Image caption ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေကလည်း ကာဘွန် ထုတ်လွှင့်မှုရဲ့ အဓိက အကြောင်းရင်း တခု ဖြစ်ပါတယ်

ဆက်စပ် အကြောင်းအရာများ