Brexit - EU နဲ့ ဗြိတိန် ကြား သဘောတူထားတဲ့ နုတ်ထွက်ရေး မူကြမ်း ဥရောပ နိုင်ငံတွေ ထောက်ခံမှုပေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘရက်ဆဲလ်ရောက် ဗြိတိန် ဝန်ကြီးချုပ်

ဥရောပ သမဂ္ဂ EU ကနေ ဗြိတိန် နိုင်ငံ ခွဲထွက်ရေး သဘောတူညီချက် မူကြမ်း ကို ဥရောပ နိုင်ငံ ခေါင်းဆောင်တွေက သဘောတူ ထောက်ခံ ခဲ့ကြောင်း ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တုစ် က ပြောကြားပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ တနင်္ဂနွေ နေတုန်း က ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့ က ဆွေးနွေးပွဲမှာ EU ၂၇ နိုင်ငံ ကခေါင်းဆောင် တွေဟာ Brexit မူကြမ်း ကို ထောက်ခံကြောင်း ပြောကြား ခဲ့ကြတာပါ။

ဗြိတိန် ခွဲထွက်ရေး မူကြမ်း ကို ဥရောပ သမဂ္ဂ ဘက် က ထောက်ခံ လိုက်ပြီ ဖြစ်ပေမယ့် ဗြိတိန် လွှတ်တော်မှာ အတည်ပြုဖို့တော့ ကျန်ပါသေးတယ်။ ဒါပေမယ့် Brexit သဘောတူညီမှု မူကြမ်း ဟာ အီးယူ ရဲ့ လိုလားချက်တွေ များပြားတယ်၊ ဥရောပသမဂ္ဂ ကို လိုက်လျောလွန်းတယ်ဆိုပြီးတော့ ဗြိတိန် ပါလီမန် အမတ်တွေက ဆန့်ကျင်နေကြတာပါ။

ဒီ သဘောတူညီမှု မူကြမ်း ထဲမှာ ပါဝင်တဲ့ အချက် အလက် တွေနဲ့ ပတ်သက် ပြီး ဥရောပသမဂ္ဂ နဲ့ ဗြိတိန် တို့ ဘက်က နှစ်ဖက် အဖွဲ့တွေဟာ တစ်နှစ် ခွဲကျော် ကြာအောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံ အနေနဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ ဥရောပ သမဂ္ဂ ကနေ ခွဲထွက် မယ်ဆိုပြီး မဲပေး ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၉ ခုနှစ် မတ်လ မှာ အီးယူ အဖွဲ့ဝင် နိုင်ငံ အဖြစ် ကနေ အပြီးတိုင် နုတ်ထွက် ရမှာပါ။

ဒီဇင်ဘာလ အစောပိုင်းမှာ ဘရက်ဇစ် သဘောတူညီမှု မူကြမ်း နဲ့ ပတ်သက်ပြီး ဗြိတိန် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ကြဖို့ လည်း စီစဉ် ထားပါတယ်။ ဒါပေမယ့် သဘောတူညီမှု ရဖို့တော့ မသေချာပါဘူး။ အတိုက်အခံ လေဘာပါတီနဲ့ တခြား ပါတီက လွှတ်တော် ကိုယ်စားလှယ် တွေဟာ လက်ရှိ ဝန်ကြီးချုပ် ထရီစာ မေ ရေးဆွဲ ထားတဲ့ နုတ်ထွက်ရေး သဘောတူညီချက် မူကြမ်း ကို ဆန့်ကျင် ကန့်ကွက် မှုတွေ လုပ်နေကြလို့ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗြိတိန် နုတ်ထွက်ရေး ကမကထ လှုံ့ဆော်ခဲ့သူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘောရစ် ဂျွန်ဆင်

ဝန်ကြီးချုပ် ထရီစာ မေ ကလည်း ဗြိတိန် ပြည်သူတွေ အနေနဲ့ သူရဲ့ မူကြမ်း ကို ထောက်ခံမှု ပေးကြဖို့ နဲ့ EU ခွဲထွက်ရေး အတွက် ရွေးကောက်ပွဲမှာ မဲပေး ခဲ့ကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒ ကို လေးစားဖို့ ပန်ကြားထားပါတယ်။

ဥရောပသမဂ္ဂ ဘက် က ထောက်ခံခဲ့တဲ့ သဘောတူညီ ချက် ထဲမှာ ဗြိတိန် အနေနဲ့ လမ်းခွဲကြေး စတာလင်ပေါင် ၃၉ ဘီလီယံ နဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံသား တွေကို နိုင်ငံသား အခွင့်အရေး ပေးဖို့၊ မြောက်အိုင်ယာ လန် နယ်စပ် ဂိတ် ဖွင့်လှစ် ရေးစတဲ့ အချက် တွေကို ထောက်ခံ မှု ပေးခဲ့ကြတာပါ။

နောက်ပြီး ဥရောပ သမဂ္ဂ ကနေ နုတ်ထွက်ပြီးနောက် ဗြိတိန် နိုင်ငံနဲ့ အနာဂတ် ဆက်ဆံရေး၊ ကုန်သွယ်ရေး နဲ့ လုံခြုံရေး အခြေအနေ သဘောတူညီ ချက် တွေကိုလည်း ထောက်ခံမှု ပေးခဲ့ကြတာ ဖြစ်ပါတယ်။

အခု လက်ရှိ သဘောတူညီ ချက်ဟာ ဗြိတိန် ဥရောပ သမဂ္ဂ ကနေ ခွဲထွက်ရေး အတွက် အဆင်ပြေ ချောမွေ့ စေနိုင်ပြီး၊ နီးစပ်တဲ့ အနာဂတ် ဆက်ဆံရေး ကိုလည်း တည်ထောင် နိုင်လိမ့်မယ်လို့ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ယန် ကလော့ ယန်ကာ က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ခေျာမွေ့တဲ့ ခွဲထွက်ရေး ဆိုတာ မရှိ - ဥရောပ ကောင်စီ ဉက္ကဋ္ဌ ယန် ကလော့ ယန်ကာ

ဥရောပ နိုင်ငံ ခေါင်းဆောင် တွေရဲ့ အစည်းအဝေး မစခင်မှာ ဗြိတိန် EU အဖွဲ့ဝင် နိုင်ငံ အဖြစ်က နုတ်ထွက်မှုကို ဝမ်းနည်းရပေမယ့် ခွဲထွက်ရေး မှန်သမျှဟာ ချောမွေ့မှု ရှိမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဗြိတိန် နုတ်ထွက်ရေး အတွက် နိုဝင်ဘာ ၂၅ ရက်နေ့တုန်း ကလုပ်ခဲ့တဲ့ အစည်းအဝေးမှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြတာ မဟုတ်ဘဲ၊ အများ သဘောတူညီ မှု နဲ့ ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။

ဥရောပ ခေါင်းဆောင် တွေ အနေနဲ့ ဗြိတိန် နုတ်ထွက်ရေး ကို အလျင်အမြန် ပြီးစီးအောင် ဆောင်ရွက် လိုပေမယ့် Brexit သဘောတူညီချက် မူကြမ်း ကို ဗြိတိန် လွှတ်တော် ဘက် က ငြင်းပယ် မယ် ဆိုရင်တော့ ပြန်လည် ညှိနှိုင်းတာ၊ ဒါမှမဟုတ် ဗြိတိန် အနေနဲ့ နောက်ထပ် ရွေးကောက်ပွဲ တွေ လုပ်ဆောင် တာမျိုး တွေလည်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ် ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
Brexit နဲ့ တောင်အာဖရိက စီးပွားရေး