ပြင်သစ်မှာ လောင်စာဆီ စျေးနှုန်းအရေး ဆန္ဒပြသူတွေကို သမ္မတ က ဝေဖန် ပြစ်တင်

ဓာတ်ပုံ မူပိုင် AFP
Image caption လောင်စာဆီ စျေးကို အခွန် တိုးမြှင့် ခဲ့တဲ့ အတွက် မကျေနပ်လို့ ဆန္ဒပြ

ပြင်သစ် နိုင်ငံ၊ ပဲရစ် မြို့မှာ ရဲတွေနဲ့ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ လောင်စာဆီ ဈေးနှုန်း ကျဆင်း ရေး ဆန္ဒပြသူ တွေကို သမ္မတ အီမန်နျူရယ် မက်ခရွန်း က ပြစ်တင် ဝေဖန် လိုက်ပါတယ်။

ရဲတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့သူတွေကို ရှက်စရာ ကောင်းသူ တွေ အဖြစ် သမ္မတ မက်ခရွန်း က လူမှုကွန်ရက် Twitter မှာ ဝေဖန် ပြောကြား ခဲ့ပြီး၊ အကြမ်း ဖက်မှုတွေ အတွက် ပြင်သစ် မှာ နေရာ မရှိစေရဘူးလို့လည်း ပြောခဲ့ ပါတယ်။

လောင်စာဆီ ဈေးနှုန်း တက်တာ ကို မကျေနပ် တဲ့ အတွက် အဝါရောင် အင်္ကျီ လှုပ်ရှားမှု အဖြစ် ရှောင်ဇေလီဇေ လမ်းမကြီးပေါ်မှာ လူတွေက ဆန္ဒတွေ ပြ နေကြတာပါ။

လွန်ခဲ့တဲ့ တပတ်မှာ ကတည်း က ဆန္ဒပြမှုတွေ က ပြင်သစ် နေရာ အနှံ့မှာ ဖြစ်ပွား နေခဲ့တာပါ။ နိုဝင်ဘာလ ၂၄ ရက် စနေနေ့ က တော့ ပဲရစ် မြို့လယ်မှာ ဆန္ဒ ပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တို့ အကြား ရုန့်ရင်းဆန်ခတ် ဖြစ်ပွား ခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယို ဗုံးတွေ၊ မီးသတ်ပိုက် တွေ အသုံးပြုပြီး ဖြိုခွင်းမှုတွေလည်း လုပ်ခဲ့ရပါတယ်။

ပြင်သစ် နိုင်ငံမှာ လောင်စာဆီ ဈေးနှုန်း ကို ထပ်ဆောင်း အခွန် တွေ တိုးမြှင့် ခဲတဲ့ အတွက်လည်း လူတွေ က မကျေမနပ် တွေ ဖြစ်ပြီး ဆန္ဒ ပြ နေကြတာ ဖြစ်ပါတယ်။

လောင်စာဆီ ဈေးနှုန်း တိုးမြင့်မှု နဲ့ အတူ တခြား စားသောက်ကုန် တွေလည်း ဈေးနှုန်း လိုက်တက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ငြိမ်းချမ်းစွာ ဆန္ဒပြပွဲလို့ ဆိုပေမယ့် ရဲတွေနဲ့ တိုက်ခိုက်မှု တွေဖြစ်ပွား

နိုင်ငံတဝန်း က နေရာ တထောင် ကျော်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွား ခဲ့ပြီး သိန်းနဲ့ ချီတဲ့ လူတွေပါဝင် ခဲ့ကြပါတယ်။ ပဲရစ် မြို့က ဆန္ဒပြပွဲ က ရုန့်ရင်းဆန်ခတ် ဖြစ်ခဲ့ပြီ ကျန်နေရာတွေမှာော ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။

လောလောဆယ် အချိန်မှာတော့ ပြင်သစ် ရဲ့ အထင်ကရ ရှောင်ဇေ လီဇေ လမ်းမကြီးပေါ်မှာ အတားအဆီး အကာအရံတွေ ချထားပြီး ဆန္ဒပြသူတွေ ကို တားမြစ် နိုင်ဖို့ လုံခြုံရေး အဖွဲ့တွေက ကြိုးပမ်း နေကြပါတယ်။

ဆန္ဒပြသူတွေကလည်း သူတို့ အနေနဲ့ ငြိမ်းချမ်းစွာ စုဝေး တောင်းဆို တာ ဖြစ်ပြီးတော့ ရဲတွေနဲ့ ပဋိပက္ခ ဖြစ်လိုတဲ့ ဆန္ဒ မရှိဘူးလို့ ဆိုပါတယ်။

သူတို့ ရဲ့တောင်းဆိုမှုတွေကို အစိုးရ အနေနဲ့ ကြားသိစေချင်တာ ဖြစ်တဲ့ အတွက် အခုလို ဆန္ဒပြနေရတာ ဖြစ်ကြောင်း ဦးဆောင်သူ Laetitia Dewalle က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပြင်သစ် ပန်းခြံက အမှိုက်ကောက်တဲ့ ကျီးကန်းလေးတွေ

ဆက်စပ် အကြောင်းအရာများ