ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေး ပါပီလေးတွေကို တောင်ကိုရီးယား ထုတ်ပြ

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးလက်ဆောင် ပါပီလေးများ ဓာတ်ပုံ မူပိုင် TheBlueHouseKR
Image caption မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးလက်ဆောင် ပါပီလေးများ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကို ပေးထားတဲ့ အဖြူရောင် ခွေးမလေး ဂိုမီဟာ အခုတော့ တောင်ကိုရီးယားမှာ ခွေးလေးတွေ ပေါက်ဖွားနေပါပြီ။

ပွန်ဆန် အမဲလိုက်ခွေးမလေး ဂိုမီက တစ်ကိုယ်လုံးအဖြူဆွတ်ဆွတ် ခွေးလေး ၆ ကောင် မွေးထားပြီး အဲ့ထဲမှာ ခွေးထီးလေး ၃ ကောင် နဲ့ ခွေးမလေး ၃ ကောင် ပါပါတယ်။

အခုတော့ ဒီခွေးပေါက်လေး ၆ ကောင် နဲ့ မိခင် ဂိုမီရဲ့ ဓာတ်ပုံတွေကို ပထမဆုံးအနေနဲ့ တောင်ကိုရီးယားက လူသိရှင်ကြား ထုတ်ပြလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် TheBlueHouseKR
Image caption ငြိမ်းချမ်းရေးလက်ဆောင် ပါပီလေးတွေနဲ့ တောင်ကိုရီးယားသမ္မတ

ဒီဓာတ်ပုံတွေကို အိမ်ပြာတော်လို့ လူသိများကြတဲ့ တောင်ကိုရီးယားသမ္မတ အိမ်တော်ရဲ့ အွန်လိုင်းလူမှုကွန်ရက် တွစ်တာအကောင့်က ထုတ်ပြခဲ့ပြီး သမ္မတ မွန်းဂျေအင်းကလည်း သူရဲ့ ဆိုရှယ်မီဒီယာပေါ် ရှယ်ခဲ့ပါတယ်။

'ခွေးတွေဟာ ၂ လ လောက် ကိုယ်ဝန်ဆောင်ရတာဆိုတော့ ကြည့်ရတာ ဂိုမီက မြောက်ကိုရီးယားကိုလာတုန်းက ကိုယ်ဝန်ပါလာပုံရပါတယ်' လို့ တွစ်တာပေါ်မှာ သမ္မတမွန်းဂျေအင်းက ရေးခဲ့ပါတယ်။

'ဒီခွေးလေးတွေဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ အမြတ်တနိုး ရတနာလေးတွေအဖြစ် သတ်မှတ်ထားကြပြီး ကိုရီးယား ၂ နိုင်ငံကြား ဆက်ဆံရေးဟာလည်း ဒီအတိုင်းပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်' လို့ သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

ခွေးမလေး ဂိုမီက ခွေးပေါက်တွေ မွေးခဲ့ပြီး ရက်အနည်းငယ် အကြာမှာတော့ တောင်ကိုရီးယား စစ်လေယာဉ်တွေ ပျံဝဲပြခဲ့ပါတယ်။

ဒီမတိုင်ခင် ခေါင်းဆောင်၂ဦး ထိပ်သီး မတွေ့ဆုံခင်တုန်းကလည်း ဈေးကြီးတဲ့ မှိုတွေကို တောင်ကိုရီးယားကို မြောက်ကိုရီးယားက လက်ဆောင်အဖြစ် ပေးပို့ခဲ့ပါသေးတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တောင်ကိုရီးယားသမ္မတ

မစ္စတာမွန်းဟာ မစ္စတာကင်မ်နဲ့ အခုနှစ်အတွင်း ထိပ်သီးတွေ့ဆုံခဲ့တာ အခုဆို ၃ ကြိမ် ရှိခဲ့ပါပြီ။ အမေရိကိန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ခေါင်းဆောင်ကင်မ် တွေ့ခဲ့တာကိုလည်း တောင်ကိုရီးယား သမ္မတမွန်းက ကြားဝင် စေ့စပ်ညှိနှိုင်းပေးခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက သမ္မတမွန်းဟာ ပြုံယမ်းကို သွားခဲ့တဲ့ ခရီးစဉ်အတွင်း မြောက်ကိုရီးယားပြည်သူ ၁ သိန်းခွဲလောက်ကို မိန့်ခွန်းပြောခဲ့ပါတယ်။

'အဲ့ဒီတုန်းကဆို ကျွန်တော် စိတ်လှုပ်ရှားနေခဲ့တာ၊ မြောက်ကိုရီးယားပြည်သူတွေကို ဘာပြောသင့်တယ်ဆိုပြီး ခေါင်းဆောင်ကင်မ်က ကျွန်တော်ကို ပြောတာမျိုး မရှိခဲ့သလို သူကိုယ်တိုင်လည်း ကျွန်တော် ဘာပြောမယ် ဆိုတာ သိချင်စိတ်မရှိခဲ့ဘူး' လို့ ဘီဘီစီနဲ့ သီးသန့်အင်တာဗျူးမှာ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ပြောခဲ့ပါတယ်။

မကြာခင်တုန်းကလည်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကိုရီးယားကျွန်းဆွယ်စစ်ပွဲဟာ မကြာခင် အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ