ယူကရိန်းစစ်သင်္ဘော ၃ စင်း ကို ရုရှားက ဖမ်းဆီးခဲ့တာကြောင့် ရုရှားသံရုံးရှေ့ လူရာချီပြီး ဆန္ဒပြခဲ့ကြ

ရုရှားသံရုံးရှေ့ဆန္ဒပြခဲ့ကြ ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်းက ရုရှားသံရုံးရှေ့ဆန္ဒပြခဲ့ကြ

ခရိုင်းမီးယားကျွန်းဆွယ်နားက ရေပိုင်နက်ထဲမှာ ယူကရိန်းစစ်သင်္ဘော ၃ စင်းကို ရုရှားက ဖမ်းခဲ့တဲ့အပေါ် ယူကရိန်းမြို့တော် ကီယက်ဗ်က ရုရှားသံရုံးရှေ့မှာ လူတွေစုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းရဲ့ လက်နက်သင်္ဘော ၂ စင်း၊ ဆွဲသင်္ဘော ၁ စင်း ကို ဖမ်းဆီးခဲ့ပြီး တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းသင်္ဘောသား အများအပြားလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ယူကရိန်း ပါလီမန်မှာတော့ စစ်သင်္ဘောတွေ အဖမ်းခံခဲ့ရတဲ့ နေရာမှာ စစ်အုပ်ချုပ်ရေး မာရှယ်လော ထားဖို့ ဆုံးဖြတ်ကြဖို့ ရှိနေပါတယ်။

စစ်သင်္ဘောတွေ အဖမ်းခဲ့ရတဲ့အပေါ် လူ ၁၅၀ လောက်ဟာ ယူကရိန်းက ရုရှားသံရုံးရှေ့ဆန္ဒပြခဲ့ကြပြီး မီးရှို့ထားတဲ့ ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြလို့ သံရုံးကားတစ်စီးလည်း မီးလောင်ကျွမ်းခဲ့ရပါတယ်။

'ကျွန်တော်တို့ရဲ့ စစ်တပ်ကို ရုရှားက ပစ်ခတ်တာတွေ လုပ်ခဲ့တာကို ဆန့်ကျင်တာပါ' ရုရှားသံရုံးရှေ့ စုဝေးဆန္ဒပြခဲ့သူတစ်ဦးက ပြောပါတယ်။

'ဒီလုပ်ရပ်က အရမ်းကို ဒေါသထွက်စရာပါ။ ၂ နိုင်ငံကြား ကာလအတော်ကြာကတည်းက ရှိခဲ့တဲ့ သံတမန်ဆက်ဆံရေးကို ဆက်ထိမ်းထားသင့်ပါတယ်' လို့ လည်း အဆိုပါ ဆန္ဒပြသူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အဖမ်းခဲ့ရတဲ့ ယူကရိန်းစစ်သင်္ဘောများ

ယူကရိန်း သမ္မတ ပတ်ထရိုပေါ်ရိုရှန်ကို ကတော့ အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီ နဲ့ တွေ့ခဲ့တဲ့ အစည်းအဝေးအတွင်း ရုရှားရဲ့ အပြုအမှုဟာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရန်စတဲ့လုပ်ရပ် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

'ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ပါလီမန်အစည်းအဝေးမှာ စစ်အုပ်ချုပ်ရေး ထားဖို့ ကိစ္စ ဆွေးနွေးကြဖို့ ရှိနေပြီး ဒါကတော့ စစ်ပွဲ ဖြစ်လာဖို့ ရည်ရွယ်တာ မဟုတ်ဘူး' လို့ သမ္မတ ပတ်ထရိုပေါ်ရိုရှန်ကို က ပြောပါတယ်။

လောလောဆယ်မှာ ရုရှား နဲ့ ယူကရိန်း၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာနေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း ဒီအကြောင်း အရေးပေါ် ဆွေးနွေးရဖို့ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ယူကရိန်းသင်္ဘောတွေကို ကြားဖြတ်တိုက်ခိုက်နေတဲ့ ရုရှားရေတပ်သင်္ဘောများ

ရုရှားနဲ့ ယူကရိန်းကြား ဆက်ဆံရေးဟာ ခရိုင်းမီးယားအရေးကြောင့် အချိန်အတော်ကြာကတည်းက တင်းမာနေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၄ တုန်းက ခရိုင်းမီးယားဟာ ရုရှားအစိတ်အပိုင်းတစ်ခုအဖြစ် ဆန္ဒခံယူပွဲ လုပ်ပြီး ဆုံးဖြတ်ခဲ့ကြပြီး ယူကရိန်းကတော့ ခရိုင်းမီးယားဟာ ယူကရိန်းပိုင်ဖြစ်ပြီး ဒီလို ရုရှားဖက်က ပြုမှုခဲ့တာက တရားဥပဒေနဲ့ မညီညွတ်ဘူး လို့ ပြောပါတယ်။

ဒီလို ခရိုင်းမီးယားဟာ ရုရှားအစိတ်အပိုင်းဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ရုရှားဟာ ပင်လယ်နက် (Black Sea) နဲ့ ခရိုင်းမီးယားကျွန်းဆွယ်နားက အာဇော့ဗ်ပင်လယ်ထွက်ပေါက် ပိုက်နက် နေရာတွေကို တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားလာခဲ့တာမို့ ယူကရိန်းအဖို့ ပိုမို အကျပ်ရိုက်လာနေခဲ့ပါတယ်။

လက်ရှိမှာလည်း ရုရှားဟာ ယူကရိန်းဆိပ်ကမ်းက ထွက်လာတဲ့ သင်္ဘောတွေကို စောင့်ကြပ်စစ်ဆေးမှုတွေ လုပ်နေပြီး ဒီ အကျပ်အတည်းက ဖြေရှင်းဖို့ ပိုမိုခက်ခဲတဲ့ အနေအထား ရောက်နေရတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ