တရုတ်ပြည်ရဲ့ နောက်ဆုံးဧကရာဇ် ဇာတ်ကား ဖန်တီးရှင် ကွယ်လွန်

italy ဓာတ်ပုံ မူပိုင် ETTORE FERRARI

ပဲရစ်မှာ နောက်ဆုံးတန်ဂိုကနဲ့ နောက်ဆုံးဧကရာဇ် ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့တဲ့ အီတာလျံ ဒါရိုက်တာကြီး ဘာနန်ဒို ဘာတိုလူချီဟာ အသက် ၇၇ နှစ်အရွယ်မှာ ရောမမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ပါမာမြို့မှာ ၁၉၄၁ က မွေးခဲ့တဲ့ ဘာတိုလူချီဟာ နောက်ဆုံးဧကရာဇ် ဇာတ်ကားအတွက် ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆုတွေ ရခဲ့ပြီး ဗုဒ္ဓဘုရားကလေး ဇာတ်ကားကိုလည်း မင်းသား ကင်ညူးရိဗ်ကို သရုပ်ဆောင်လုပ် ရိုက်ကူးခဲ့ပါတယ်။

ပဲရစ်မှာ နောက်ဆုံးတန်ဂိုက ဇာတ်ကားမှာတော့ လိင်ကိစ္စတွေကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးခဲ့တာပါ။ .

ဓာတ်ပုံ မူပိုင် Stanley Bielecki Movie Collection
Image caption ပုယီအကြောင်း ရိုက်တဲ့ တရုတ်ပြည်ရဲ့ နောက်ဆုံးဧကရာဇ်

ဘာတိုလူချီရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ကတော့ နောက်ဆုံးဧကရာဇ် ပါ။ တရုတ်ပြည်မှာ ကလေးဘဝနဲ့ နန်းတက်ခဲ့တဲ့ ပုယီဘုရင်အကြောင်း ရိုက်ကူးတဲ့ ဇာတ်ကားဟာ ၁၉၈၈ မှာ အော်စကာဆု ၉ ဆု ဆွတ်ခူးခဲ့ပြီး အကောင်းဆုံး ဇာတ်ကားဆုပါ ရခဲ့ပါတယ်။

ဘာတိုလူချီကို ဟောလီးဝုဒ်က ကျော်ကြားသူတို့ လျှောက်လမ်းမှာ ၂ဝဝ၈ ခုနှစ်က ကြယ်တပွင့်နဲ့ ဂုဏ်ပြုခဲ့ပါတယ်။ ၂ဝ၁၁ က ကန်းရုပ်ရှင်ပွဲတော်မှာလည်း တသက်တာဆု ရခဲ့ပါတယ်။

အီတလီ ရုပ်ရှင်ရဲ့ ဧရာမ ပုဂ္ဂိုလ်ကြီး တယောက်၊ ကမ္ဘာ့ရုပ်ရှင်လောကမှာလည်း ခေါင်းဆောင် အလင်းရောင် အဖြစ် အမြဲ တည်မယ့်သူလို့ ဘာတိုလူချီကို ကန်းရုပ်ရှင်ပွဲတော်က ဂုဏ်ပြုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် CHRISTOPHE D YVOIRE
Image caption တရုတ်နန်းတွင်းမှာ ပထမဆုံးရိုက်ခွင့်ရတဲ့ အနောက်တိုင်းကား

အသက် ၂၁ နှစ်မှာ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး တော်လှန်ရေးမတိုင်ခင်နဲ့ ပင့်ကူမာယာ ဇာတ်ကားတွေနဲ့လည်း ထင်ရှားခဲ့ပါတယ်။ မာလွန်ဘရန်ဒို ပါတဲ့ နောက်ဆုံးတန်ဂို ဇာတ်ကားမှာတော့ ကမ္ဘာသိ ထင်ရှားလာခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာ ပြင်သစ်အမျိုးသမီးငယ်တယောက်နဲ့ ဇာတ်လမ်းဖြစ်တဲ့ အမေရိကန် စီးပွားရေးသမားတယောက် အကြောင်း ရိုက်ကူးထားတာ ဖြစ်ပြီး လိင်ကိစ္စခန်းတွေ ပါရှိလို့ နိုင်ငံတော်တော်များများမှာ ပိတ်ပင်ခံရပါတယ်။

ဓာတ်ပုံ မူပိုင် Bettmann
Image caption နောက်ဆုံးတန်ဂို ဇာတ်ကားက ပြကွက်