မြန်မာပြည် တောင်ဘက် ကပ္ပလီကျွန်းက ဆန်တီနယ် မျိုးနွယ်တွေနဲ့ ဆယ်စုနှစ်တွေနဲ့ချီ သိခဲ့သူ

TN Pandit handing a coconut to a Sentinelese man ဓာတ်ပုံ မူပိုင် TN Pandit
Image caption ၁၉၉၁ က ဆန်တီနယ် တယောက်ကို အုန်းသီးပေးနေတဲ့ မစ္စတာ ပန်ဒစ်

မြန်မာပြည်တောင်ဘက် အိန္ဒိယ သမုဒ္ဒရာထဲက ကပ္ပလီကျွန်းစုမှာ လူတွေနဲ့ အဆက်ပြတ်နေတဲ့ တိုင်းဦးလူမျိုးစုတွေ ရှိပါတယ်။ ဒီထဲက ဆန်တီနယ် လူမျိုးတွေကို အိန္ဒိယ မနုဿဗေဒ ပညာရှင် တီအန်ပန်ဒစ် ဆိုသူက ဇောက်ချ လေ့လာနေတာပါ။

အိန္ဒိယက လူမျိုးစု ရေးရာ ဝန်ကြီးဌာနမှာ ဒေသဆိုင်ရာ အရာရှိ အဖြစ် မစ္စတာ ပန်ဒစ်က ဒီကျွန်းသားတွေကို သွားကြည့်ရပါတယ်။

နှစ်ထောင်သောင်းချီပြီး အပြင်လောကနဲ့ အဆက်ပြတ်နေတဲ့ ဒီလူမျိုးတွေကို အရင်ပတ်ကမှ ကမ္ဘာက အာရုံစိုက်မိကြပါတယ်။ သာသနာပြု ဖြစ်ချင်တဲ့ အသက် ၂၇ နှစ်အရွယ် အမေရိကန် လူငယ် တယောက် သူတို့နဲ့ အဆက်အသွယ်ရဖို့ ကြိုးစားရင်း အသတ်ခံရတယ် ဆိုတဲ့ သတင်းထွက်လာလို့ပါ။

အခု အသက် ၈၄ နှစ် ရှိနေပြီ ဖြစ်တဲ့ မစ္စတာ ပန်ဒစ်ကတော့ ဒီလူမျိုးတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တဲ့ သူတွေသာ များပြီး သူတို့ဟာ ကြောက်စရာကောင်းတယ် ဆိုတဲ့ အမြင်တွေက မတရားဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Survival International
Image caption ဆန်တီနယ်တွေ နေတဲ့ကျွန်း

"သူတို့က ခြိမ်းခြောက်ပေမယ့် သတ်ဖြတ် အန္တရာယ်ပြု တဲ့ အဆင့်ထိတော့ မရောက်ဘူး၊ သူတို့ စိတ်တိုလာရင် ကျွန်တော်တို့ ပြန်နောက်ဆုတ်တယ်လေ" လို့ သူက ဘီဘီစီကို ပြောပြပါတယ်။

"အမေရိကန်က လာတဲ့ ဒီလူငယ် သေရတဲ့အတွက် အင်မတန် စိတ်မကောင်းပါဘူး၊ သူ အမှားလုပ်မိလို့ သူ့ကိုယ်သူ မကယ်နိုင်ဘဲ သေခဲ့ရတာ "

မစ္စတာ ပန်ဒစ်က ဒီလူမျိုးတွေပဲ နေတဲ့ မြောက်ဆန်တီနယ်ကျွန်းကို ၁၉၆၇ က စပြီး ရောက်ခဲ့ပါတယ်။

အစပိုင်းတုန်းက ဒီကျွန်းသားတွေက တစိမ်းတွေ လာရင် တောထဲ ပုန်းနေကြပါတယ်။ နောက်ပိုင်းမှာတော့ လေးမြားတွေနဲ့ ရောက်လာပြီး ပစ်ကြပါတယ်။

သူတို့ မနုဿဗေဒပညာရှင်တွေ အဲဒီကျွန်းကို သွားတိုင်း ပစ္စည်းလက်ဆောင်တွေ သယ်လာပြီး ဒီလူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Survival International
Image caption ပျောက်ကွယ်လုနီးမျိုးစုပုံတွေ

"အိုးတွေ ခွက်တွေ၊ အုန်းသီးတွေ အများကြီး ယူသွားသလို တူတွေနဲ့ ဓားရှည်တွေလည်း ပါတယ်။ ဒီနားက တခြား လူမျိုးစုတခုက လူ သုံးယောက်ကိုလည်း ဆန်တီနယ်တွေ ပြောတာကို ကူပြီး အဓိပ္ပာယ် ပြန်ပေးဖို့ ခေါ်သွားတယ်"လို့ သူက ဆိုပါတယ်။

"ဆန်တီနယ် စစ်သားတွေက ဒေါသထွက်ပြီး ပြူးပြဲနေတဲ့ မျက်နှာပေါက်တွေနဲ့ ကျွန်တော်တို့ကို ကြည့်တယ်၊ လေးရှည်ကြီးတွေ မြားတွေနဲ့ ပစ်ဖို့ ရွယ်တယ်၊ သူတို့ကျွန်းကို သူတို့ကာကွယ်ဖို့ အသင့်ပဲ"

သိပ်မအောင်မြင်ပေမယ့် လက်ဆောင်တွေ ချထားပြီး ဒီလူမျိုးစုတွေနဲ့ ဆက်ဆံရေး ရဖို့ ကြိုးစားပါတယ်။

တခါတုန်းက ဆိုရင် သူတို့ထားခဲ့တဲ့ ကြိုးတုပ်ထားတဲ့ ဝက်တကောင်ကို ဒီလူတွေက မစားဘဲ လှံနဲ့ထိုးသတ်ပြီး သဲထဲမြှုပ်ပစ်ခဲ့ပါတယ်။

အဆက်အသွယ်ရ

အခေါက်ရေ များလာတဲ့အခါ ၁၉၉၁ မှာ သူတို့ စပြီး ဆက်ဆံရေး စပါတယ်။ မျိုးနွယ်စုတွေ သမုဒ္ဒရာထဲ ထွက်လာပြီး ပန်ဒစ်တို့ကို အေးအေးဆေးဆေး ချဉ်းကပ်ပါတယ်။

"သူတို့ဘာကြောင့်များ လက်ခံပါလိမ့် " လို့ စဉ်းစားမိတယ်လို့ ပြောပါတယ်။

"လှေပေါ်က ခုန်ဆင်းပြီး လည်ပင်းမြုပ်တဲ့ ရေထဲမှာ ရပ်နေပါတယ်။ အုန်းသီးနဲ့ တခြားလက်ဆောင်တွေလည်း ဝေလို့ပေါ့။ ဒါပေမဲ့ သူတို့ကျွန်းပေါ်တော့ အတက်မခံပါဘူး"

ဓာတ်ပုံ မူပိုင် TN Pandit
Image caption အိန္ဒိယ လူမျိုးစု ဝန်ကြီးဌာနမှာ အလုပ်လုပ်တဲ့ ပန်ဒစ် (ညာဘက်မှာ)

သူ့ကို တိုက်ခိုက်ခံရမှာကို မကြောက်ပေမယ့် သူတို့နဲ့ သိပ်ကပ်သွားမှာကိုတော့ သတိထား ရှောင်တယ်လို့ ဆိုပါတယ်။

ဆန်တီနယ်တွေနဲ့ လက်ပြခြေပြနဲ့ ဆက်သွယ်ဖို့ သူ့အဖွဲ့တွေ ကြိုးစားကြပေမယ့် ဒီလက်ဆောင်တွေကိုပဲ ဆန်တီနယ်တွေက သဘောကျနေကြတော့ မအောင်မြင်ခဲ့ပါဘူး။

"သူတို့အချင်းချင်း ကျွန်တော်တို့ နားမလည်တဲ့ စကားနဲ့ ပြောနေကြတာ၊ ဒီနယ်မြေမှာ တခြားမျိုးနွယ်တွေ ပြောတဲ့ ဘာသာစကားတွေနဲ့ ဆင်တူတယ် " လို့ ပန်ဒစ်က ပြန်ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Survival International
Image caption ဆန်တီနယ် အုပ်စု ပင်လယ်စပ်မှာ

'မပြူမငှာ'

ဒီလိုသွားတုန်း တခါကဆိုရင် အဲဒီလူမျိုးထဲက လူငယ်တယောက်က သူ့ကို ရန်ရှာတယ်လို့ ဆိုပါတယ်။

"အုန်းသီးတွေ ပေးနေတုန်း ကျွန်တော်တို့ အဖွဲ့တွေနဲ့ ကွဲပြီး ကမ်းစပ်နား ကပ်သွားတယ် " လို့ သူက ဘီဘီစီကို ပြောပါတယ်။

"ဆန်တီနယ် ကောင်လေးတယောက်က ပြောင်ချော်ချော် မျက်နှာပေးနဲ့ သူ့ဓားကို ထုတ်ပြီး ကျွန်တော့ကို ခေါင်းဖြတ်ပစ်မယ်လို့ အချက်ပြပါတယ်။ ချက်ချင်း လှေကို ပြန်ခေါ်ပြီး ပြန်ထွက်ရပါတယ်"

"ဒီကောင်လေးရဲ့ အမူအရာက ထူးခြားပါတယ်၊ ကျွန်တော့ကို မကြိုဆိုဘူး ဆိုတာ ရှင်းရှင်းပြတာပဲ"

အဲဒီနောက်ပိုင်း အိန္ဒိယ အစိုးရက လက်ဆောင်ပေးတာတွေကို ရပ်ပစ်လိုက်ပြီး အပြင်လူတွေ အဲဒီကျွန်းနား အကပ်မခံပါတော့ဘူး။

ဓာတ်ပုံ မူပိုင် Indian Coast Guard/Survival International
Image caption ရဟတ်ယာဉ်ကို ရွယ်နေတဲ့ ဆန်တီနယ် ယောက်ျား

ဆန်တီနယ်တွေကို လုံးဝ ကြဉ်ထားတာက အပြင်ကလူတွေနဲ့ တွေ့ရင် သူတို့မှာ ရောဂါတွေ ကူးမှာ စိုးလို့ပါ။ တုပ်ကွေးနဲ့ ဝက်သက်လို ရောဂါတွေကိုတောင် သူတို့ကိုယ်မှာ ကာကွယ်နိုင်စွမ်း မရှိပါဘူး။

ဒါကြောင့် ကူးစက်နိုင်တဲ့ ရောဂါတွေမဝင်အောင် ကျွန်းကိုသွားတဲ့အဖွဲ့တွေ အားလုံး စစ်ဆေးပြီးမှ ကျန်းမာရေးကောင်းမှ သွားခွင့်ပေးတယ်လို့ ပန်ဒစ်က ပြောပါတယ်။

အရင်အပတ်က အသတ်ခံရတဲ့ ဂျွန်အယ်လန်ချူးကတော့ ဘာခွင့်ပြုချက်မှ မရဘဲ သွားခဲ့တာပါ။

ရေလုပ်သားတွေကို ဒေါ်လာ ၃၅ဝ လောက်ပေး၊ ကျွန်းကို ခိုးသွားပြီး ဒီလူမျိုးတွေကို ခရစ်ယာန်ဘာသာထဲ ဝင်အောင် ကြိုးစားဖို့ ကြံပါတယ်။

ဓာတ်ပုံ မူပိုင် Instagram/JOHN CHAU
Image caption ဆန်တီနယ်တွေ သတ်ခံရတဲ့ ဂျွန်အယ်လန်ချူး

သူ့ရဲ့ အလောင်းကို ပြန်ယူဖို့ ကြိုးစားတာတွေကိုလည်း ခု ရပ်ဆိုင်းထားလိုက်ပါပြီ။

ဒီလူတွေနဲ့ ဆက်ဆံခဲ့တဲ့ သူ့အတွေ့အကြုံအရ သူတို့ကို ရန်လိုတယ်လို့ ပြောတာတွေကိုလည်း ပန်ဒစ်က ကန့်ကွက်ပါတယ်။

ဓာတ်ပုံ မူပိုင် T N Pandit
Image caption တီအန်ပန်ဒစ်

"ဒီလို ပြောလို့တော့ မရဘူး၊ ကျွန်တော်တို့က ကျူးကျော်ရန်စသူတွေလေ " လို့ ပန်ဒစ်က ပြောပါတယ်။ "သူတို့နယ်ထဲ ဝင်ဖို့ ကျွန်တော်တို့ ကြိုးစားတာ"

"ဆန်တီနယ်တွေက အေးအေးနေတတ်တာ၊ သူများကိုလည်း ရန်စမဘူး။ အနားက နယ်မြေတွေကိုလည်း သွားပြီး ဒုက္ခပေးတာ မရှိဘူး။ ဒါမျိုးက ဖြစ်ခဲတယ်" လို့ ပန်ဒစ်က ဘီဘီစီကို ပြောပါတယ်။

ဒီလူမျိုးတွေနဲ့ လက်ဆောင်ဖလှယ်တာတွေ ပြန်စ စေချင်တယ်လို့လည်း ဆိုပါတယ်။ သူတို့ကိုတော့ မနှောင့်ယှက်ရဘူး လို့လည်း ပြောပါတယ်။

"သူတို့ဘာသာ နေချင်တဲ့ ဆန္ဒကို လေးစားရမယ်လေ "