မလေးရှား ကွာလာလမ်ပူက ဟိန္ဒူဘုရားကျောင်း အဓိကရုဏ်း ကူးစက်မှာစိုး

malaysia ဓာတ်ပုံ မူပိုင် FAZRY ISMAIL
Image caption လူမျိုးရေး အဓိကရုဏ်းတွေ ကူးစက်မှာ စိုးရိမ်

နိုဝင်ဘာလ ၂၆ ရက် မနက်အစောပိုင်းက ကွာလာလမ်ပူ နားက ဟိန္ဒူဘုရားကျောင်း တခု တိုက်ခိုက်ခံရလို့ လူမျိုးရေး အဓိကရုဏ်းတွေ ကူးစက်မှာ စိုးရိမ်နေကြပါတယ်။

အဲဒီမနက်က ကား ၁ဝ စီးကျော် မီးရှို့ခံရပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ညပိုင်းမှာလည်း လူထောင်နဲ့ချီ ဆရီမဟာမာရီမန် ဘုရားကျောင်းနားမှာ စုရုံးခဲ့ကြပြီး ကားတွေထပ်မီးရှို့သလို ရောက်လာတဲ့ မီးသတ်နဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေကိုလည်း တိုက်ခိုက်ခဲ့ကြ ပါတယ်။

အရာရှိတယောက်ကို မီးသတ်ကားပေါ်က ဆွဲချပြီး လူအုပ်က ရန်ပြုလို့ အသည်းအသန်ကုသပေးနေရတယ်လို့ မလေးရှားကီနီ သတင်းဝက်ဆိုက်က ရေးပါတယ်။

ဒီအဓိကရုဏ်းဟာ မြေပိုင်ဆိုင်မှု အငြင်းပွားတာနဲ့ ပတ်သက်နေပြီး လူမျိုးရေး ဘာသာရေး အသွင် မဆောင်ဘူးလို့ မလေးရှားရဲက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် FAZRY ISMAIL
Image caption တိုက်ခိုက်ခံရတဲ့ ဘုရားကျောင်း

တနင်္လာနေ့မနက် ၃ နာရီလောက်မှာ အမျိုးသားတစု ဘုရားကျောင်းထဲ ဝင်လာပြီး ရုပ်တုတွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ဘုရားလူကြီးတွေကိုလည်း ဓားနဲ့ထောက်ပြီး ခြိမ်းခြောက်ခဲ့ကြပါတယ်။ အဲဒီမနက်က ကား ၁၈ စီး မီးရှို့ခံရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မလေးရှားမှာ ရှိတဲ့ ဟိန္ဒူအများစုက အိန္ဒိယ နွယ်ဖွားတွေ ဖြစ်ကြပြီး ဘုရားကျောင်းထဲ ဝင်သောင်းကျန်းသူတွေကတော့ မလေးတွေလို့ သိရပါတယ်။

အဲဒီညမှာပဲ နောက်ထပ် လူတထောင်လောက် လာစုပြီး ဆူပူတိုက်ခိုက်ခဲ့ကြပါတယ်။ ကီနီ အင်တာနက် ရုပ်သံကပြတဲ့ ဗီဒီယိုမှာလည်း မီးသတ်ကားကို ဖျက်ဆီးနေတဲ့ လူအုပ်တွေကို တွေ့ရပါတယ်။

လူဆယ်ယောက်ကျော်ကို ဖမ်းဆီးထားပြီး "ကျူးလွန်ရန်စသူတွေ"ကို အရေးယူသွားမယ်လို့ အစိုးရက ကြေညာထားပါတယ်။

"ကြိုးကိုင်သူတွေ ရာဇဝတ်ဘေးက ပြေးမလွတ်နိုင်ဘူး" လို့ မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောပါတယ်။

ဒါပေမဲ့ ကွာလာလမ်ပူနဲ့ မိုင်တရာလောက် ဝေးတဲ့ မလက္ကာမြို့မှာလည်း ဗလီဝင်းထဲကို ဝက်သားပစ်ထည့်တာတွေ ဖြစ်တယ်လို့ သတင်းထွက်နေလို့ လူမျိုးရေး မငြိမ်မသက်မှုတွေ ဖြစ်လာမှာကို ပူပန်နေကြပါတယ်။

အင်တာနက်မှာ "လူမျိုးရေး တင်းမာမှုတွေ ဖြစ်အောင် " မရေးကြဖို့လည်း မလေးရှားနိုင်ငံသားတွေကို အစိုးရအာဏာပိုင်တွေက သတိပေးနေပါတယ်။

ဓာတ်ပုံ မူပိုင် FAZRY ISMAIL
Image caption ကျူးလွန်ရန်စသူတွေကို အရေးယူမယ်

ဒီကိစ္စတွေ ဖြစ်ပြီးနောက် ဘာသာရေး အဆောက်အအုံတွေ ရှိတဲ့နားမှာ ရဲကင်းတွေ လှည့်နေတယ်လို့လည်း မလက္ကာရဲက ပြောပါတယ်။

တန်းတူအခွင့်အရေး ပေးဖို့ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြချိန်မှာ ဒီအဓိကရုဏ်းတွေ ဖြစ်ခဲ့တာပါ။ မလေးလူမျိုးတွေ ကြီးစိုးနေတဲ့ အစိုးရကလည်း မငြိမ်မသက် ဖြစ်လာမှာကို သတိပေးနေပါတယ်။

မလေးရှား ဖက်ဒရယ် အခြေခံ ဥပဒေ အရ မလေးလူမျိုးတွေကို အထူးအခွင့်အရေးနဲ့ ခံစားခွင့်တွေ ပေးထားတာပါ။

မြန်မာ အလုပ်သမား ၅ ယောက် မလေးရှားမှာ အသတ်ခံရ

ခွဲခြားဆက်ဆံမှုတွေ တိုက်ဖျက်ရေး နိုင်ငံတကာ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ထိုးဖို့ မလေးရှား အစိုးရက ပြင်ဆင်နေချိန်မှာပဲ အင်အားအကြီးဆုံး မလေးပါတီကြီး ဖြစ်တဲ့ ယူအမ်အန်အိုရဲ့ ဥက္ကဋ္ဌက အဓိကရုဏ်းတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

"မလေးတွေ ရန်စတဲ့ အချိန်ထိ မစောင့်နဲ့၊ ဒါမျိုးက သတိပေးရုံ မဟုတ်ဘူး၊ အဓိကရုဏ်း မဖြစ်စေချင်ရင် မစနဲ့" လို့ ယူအမ်အန်အိုဥက္ကဋ္ဌ အာမက် ဇာဟစ် ဟာမီဒီက ဒီလဆန်းက ပြောကြားကြောင်း မလေးမေး သတင်းစာက ရေးသားထားပါတယ်။

ဓာတ်ပုံ မူပိုင် FAZRY ISMAIL