အိမ်တွင်းမှာအကြမ်းဖက်တတ်တဲ့ ယောက်ျားသားတွေကို ထမင်းဟင်း ကူချက်စေရင်း ပြောင်းလဲစေနိုင်

အမျိုးသမီးတယောက်ကို ယောက်ျားသားတယောက်က ဆူငေါက်အော်ဟစ်နေတဲ့အသံတွေ အိမ်တအိမ်ထဲကနေ လမ်းပေါ်တွေအထိရောက်လာရင် ဒါအဆန်းမဟုတ်ဘူးလို့ လမ်းသွားလမ်းလာ အများကမြင်ကြပြီး ဖြစ်ရိုး ဖြစ်စဉ် တခုလို ဒီအတိုင်းပဲ ထားလိုက်ကြပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မြန်မာနိုင်ငံ က အမျိုးသမီး ၁၀ ယောက်မှာ ၆ ယောက်လောက်က အိမ်တွင်းမှာ အကြမ်းဖက်ခံနေရတယ်လို့ ဆွေသဟာ အမျိုးသမီး အခွင့် အရေး အဖွဲ့က ထုတ်ပြန်ခဲ့ဖူး

ဒီထက်ပိုဆိုးရွားစွာ အရိုက်အနှက်ခံနေရတဲ့ အမျိုးသမီးတွေ အိမ်တွေများစွာမှာ ရှိနေပါတယ်။

ငါအိမ်တွင်းအကြမ်းဖက်တာခံနေရတာလား ဒါမှမဟုတ် ငါအိမ်တွင်းအကြမ်းဖက်တာကို လုပ်မိနေတာလား ဆိုတာကို သိကြသူတွေ အမျိုးသမီးတွေထဲမှာကော အမျိုးသားတွေထဲမှာပါ သိပ်ကို နည်းပါးနေသေးတယ်လို့ အခရာ မြန်မာ အဖွဲ့ကို တည်ထောင်သူလည်းဖြစ် ဒါရိုက်တာလည်း ဖြစ်တဲ့ မထားထား က ဘီဘီစီ ကို ပြောပါတယ်။

အိမ်တွင်းမှာ ပုံမှန်လိုဖြစ်နေကြတဲ့ အဲဒီလို ယောက်ျားသားတွေရဲ့ ပြုမူမှုတွေကြောင့် ထိခိုက်ခံစားကြရတဲ့ အမျိုးသမီးတွေ က မြန်မာမှာကော ကမ္ဘာ့ နေရာ အနှံ့အပြားမှာပါ။

အိမ်တမိုးထဲအောက်မှာ နေထိုင်ကြသူတွေ က မိသားစုဝင် အမျိုးသမီးတွေကို သူ့ယောက်ျား က ဖြစ်စေ အခြားအိမ်ထောင်စုဝင်တွေ က ဖြစ်စေ အော်ငေါက်တာ ခြိမ်းခြောက်တာ ချိုးနှိမ်ပြောတာ စိတ်ပိုင်းဆိုင်ရာ ဖိစီးအောင် လုပ်တာ ကိုယ်ထိလက်ရောက် ထိခိုက်အောင်လုပ်တာ လိင်မှု ကိစ္စတွေမှာ အနိုင်ကျင့်တာ ဒါတွေအားလုံးဟာ အိမ်တွင်းအကြမ်းဖက်မှုထဲ ပါဝင်နေပါတယ်။

ဓာတ်ပုံ မူပိုင် Elaine Jung
Image caption အသက် ၃၂ နှစ် အရွယ် ယွန် ပီရဲလ် ဟာ ရဝမ်ဒါ အရှေ့ပိုင်း က ရွာလေးတရွာဖြစ်တဲ့ အမ်ဝူ လီယာ ရွာမှာနေထိုင်သူပါ

ရဝမ်ဒါမှာတော့ အောက်ခြေလူထုကြားထဲ ဆင်းတဲ့ အိမ်တွင်းအကြမ်းဖက်မှု တားဆီးရေး အစီအစဉ် တခုက ယောက်ျားသားတွေကို အိမ်တွင်းမှုအလုပ်တွေ ဘယ်လိုလုပ်ရလဲလို့ သင်ကြားပေးတဲ့အခါ ကောင်းမွန်တိုးတက်တဲ့ ရလဒ်တွေ ရလာပါတယ်။

မူဟိုဖာ ယွန် ပီရဲလ် ဟာ သူ့မိန်းမ ကို ရိုက်နှက်လေ့ရှိခဲ့ပါတယ်။သူက သူ့မိန်းမဟာ သူနဲ့လက်ထပ်ထားတဲ့အမျိုးသမီးဖြစ်တယ်၊ ကလေးယူရမယ်၊ ကလေးတွေကိုထိန်းကျောင်းရမယ်လို့ ပဲ မြင်ခဲ့တာပါ။

"ကျနော်က ကျနော့်အဖေလို လိုက်လုပ်တာ ပဲလေ၊ ကျနော့်အဖေဆိုရင် အိမ်တွင်းအလုပ် ဘာမှ မလုပ်ဖူးဘူး" လို့ သူက ပြောပါတယ်။

"တကယ်လို့ ကျနော်အိမ်ပြန်လာလို့ အိမ်အလုပ်တွေ ဘာမှမပြီးသေးရင် ကျနော်မိန်းမ ကို ဆူတော့မှာပေါ့"

" အပျင်းထူမ လို့ ကျနော်သူ့ကို ငေါက်မယ်၊ ဘာမှ အသုံးမကျတဲ့ မိန်းမလို့ ပြောမယ်၊ မင်းမိဘအိမ်ပြန်သွားတော့လို့ ဆူမယ်"တဲ့။

ဒါပေမဲ့ ဘယ်လို ဟင်းတွေချက်ရတယ် ဘယ်လို အိမ်သန့်ရှင်းရတယ်ဆိုတာ သူ သင်ပြီးတဲ့နောက်တော့ တစုံတရာ ပြောင်းလဲသွားပါတယ်။

ရဝမ်ဒါ အရှေ့ပိုင်းက ခရိုင်တခုအတွင်းက အမ်ဝူလီယာ ဆိုတဲ့ သူ့ရွာမှာ လုပ်တဲ့အစီအစဉ်တခု က သူ့လို ယောက်ျားသားတွေကို ကလေးထိန်းတာအပါအဝင် အိမ်တွင်းအလုပ်တွေမှာ ယောက်ျားတွေရဲ့ အခန်းကဏ္ဍကို သင်ကြားပေးပါတယ်။

ယွန် ပီရဲလ် က အဲဒီ ပရော့ဂျက် က သူ့အမူအကျင့်တွေကို ပြောင်းလဲသွားစေခဲ့တယ်လို့ ဆိုပါတယ်။

ယောက်ျားဆိုတာ ထမင်းဟင်းမချက်ရဘူး

ယွန် ပီရဲလ် ကို အဲဒီ ဘန်ဒီဘာရီဟို စီမံချက်က လူတွေ အိမ်တွင်းမှုလုပ်ငန်းတွေ မသင်ကြားပေးခင်တုန်းက အိမ်တွင်းအလုပ်တွေကို သူ့မိန်းမ က ပဲ လုပ်သင့်တာလို့ မြင်ခဲ့တာပါ။

သင်တန်း အပြီးမှာတော့ သူ က " ဘယ်လိုချက်ပြုတ်ရတယ်ဆိုတာ သိလာတယ်၊ ကလေးတွေ အတွက် အဝတ်လျှော်ပေးတယ်" လို့ဆိုပြီး အိမ်က သူ့မိန်းမနဲ့သူ့ အကြားဆက်ဆံရေးတွေ က တိုးတက်လာခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီလိုအပြောင်းအလဲလုပ်ဖို့ သူ့အသိုင်းအဝိုင်းထဲမှာ သိပ်မလွယ်ပါဘူး၊ ယွန် ပီရဲလ် ရဲ့ သူငယ်ချင်းတွေက အိမ်တွင်းမှုအလုပ်တွေလုပ်တဲ့ သူ့ကို ရှုတ်ချကြပြီး 'တကယ့် ယောက်ျား က ထမင်းဟင်း မချက်ဘူး' လို့ သူ့ကို အပြစ်တင်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Elaine Jung
Image caption ယွန် ပီရဲလ် နဲ့ သူ့ဇနီး လက်ထပ်ထားတာ ၁၀နှစ် ရှိပါပြီ

သူကတော့ အိမ်တွင်းမှု လုပ်ငန်းတွေ ဆက်လုပ်တယ်၊ သူမိသားစုအတွက် အကျိုးများတယ်ဆိုတာလည်း သူ တွေ့လာပါတယ်။

ကလေးတွေက သူနဲ့ ပိုနီးကပ်လာသလို သူမိန်းမလည်း ငှက်ပျော ရောင်းတဲ့ လုပ်ငန်း လုပ်လာနိုင်ပြီး သူတို့ အိမ်က ပိုသာယာ လာတယ်လို့ ဆိုပါတယ်။

"ကျနော့်မိန်းမ အရင် က ကျနော့်အပေါ် ပြုမူဆက်ဆံပုံနဲ့ အခုနဲ့ က ဘယ်လိုမှ မတူတော့ဘူး"

"ကျနော်သူ့ကို လွတ်လွတ်လပ်လပ် လုပ်စေတယ်၊ သူ အခု အပြင်မှာ အလုပ်လုပ်နေပြီ၊ ကျနော်လည်း အပြင်မှာ အလုပ်လုပ်တယ်၊ အရင်က ဆိုရင်တော့ သူ့ကို အိမ်ထဲမှာပဲနေခိုင်းထားတာ"

"အရင်က ကျနော်က သူ့ကို ကောင်းကောင်း မဆက်ဆံ တော့ သူကလည်း ကျနော့်ကို ဆက်ဆံတာ ဆိုးဆိုးရွားရွားပဲ၊ အခုတော့ ၂ယောက်သား ဘာတွေလုပ်ကြမယ် ဆိုတာ တိုင်ပင်ကြတယ်၊ ၂ ယောက် သဘောတူ ဆုံးဖြတ်ကြတယ်" လို့ သူက ပြောပြပါတယ်။

နေ့စဉ်ဘဝမှာ အမျိုးသမီးတွေအပေါ် သဘာထားအမြင်တွေကို ကိုယ့်ဘာသာကိုယ် တွေးဆဆွေးနွေးစေတဲ့ ရက်တို အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပေးတဲ့နောက် အမျိုးသားတွေအနေနဲ့ အိမ်အလုပ်တွေကို သူတို့လည်း လုပ်သင့်တယ်ဆိုတဲ့ အမြင်ကို ပြောင်းလဲသွားတာတွေ တွေ့ဖူးတဲ့အကြောင်း အခရာ အဖွဲ့ခေါင်းဆောင် မထားထား က ပြောပြပါတယ်။

ညီမျှခြင်းမြန်မာ အဖွဲ့ရဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းက လည်း ရဝမ်ဒါက အစီအစဉ်မျိုး လို ယောက်ျားတွေကို ထမင်းဟင်းချက်သင်ပေးခြင်းအားဖြင့် အိမ်တွင်းက အမျိုးသမီးတွေရဲ့ လက်တွေ့ဘဝနဲ့ တာဝန်တွေကို ယောက်ျားတွေနားလည်လာပြီး အနိုင်ကျင့်အကြမ်းဖက် လိုတဲ့ စိတ်ထားတွေ မရှိတော့လေအောင် အထောက်အကူဖြစ်စေတယ်လို့ သူမြင်တဲ့အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ကြောက်ရွံ့မှုနဲ့ လွတ်လပ်မှု

ယွန် ပီရဲလ် ရဲ့ ဇနီးက မူဆဗ်ရီမာနာ ဒဲလ်ဖင်း က သူ့အနေနဲ့ ကြောက်ရွံ့မှုနဲ့သာနေနေခဲ့ရပြီး လွတ်လပ်မှုက နည်းနည်းပဲ ရခဲ့တယ်လို့ ဆိုပါတယ်။

"အခုတော့ အိမ်မှာ လွတ်လွတ်လပ်လပ် ဖြစ်လာပြီလို့ခံစားရတယ်၊ တခြားလူတွေလိုပဲ အပြင်ထွက်အလုပ်လုပ်ပြီးတော့လည်း ငွေရှာနိုင်ပြီလေ" လို့ သူ က ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Elaine Jung
Image caption အရင်တုန်းအချိန်က သူ့မိန်းမ ကပဲ လုပ်သင့်တယ်ဆိုတဲ့ အလုပ်တွေ ကို လုပ်တတ်အောင် ဘန်ဒီဘာရီဟို စီမံချက်က ယွန် ပီရဲလ် ကို သင်ပေးပါတယ်

ဒဲလ်ဖင်း က မနက်မနက်ဆို ၅ နာရီလောက် ကတည်းက အိမ်ကထွက်ပြီး စျေးထဲမှာ ငှက်ပျောသွားရောင်းတယ်၊ အဲဒီအချိန်မှာ ယွန် ပီရဲလ် က အိမ်မှာနေပြီး သူတို့ရဲ့ ကလေး ၄ ယောက်ကို စောင့်ရှောက်ပေးပါတယ်။

"အိမ်ပြန်ရောက်လာရင် သက်သက်သာသာနဲ့ ပဲ စားစရာ က အသင့်ဖြစ်နေပြီလေ" လို့ ဒဲလ်ဖင်း က ပြောပါတယ်။

ဒီပရော့ဂျက်ရဲ့ သင်ရိုးညွှန်းတမ်းကို လက်တင်အမေရိက က MenCare ဆိုတဲ့ အဖွဲ့က နိုင်ငံတကာ အဖေတွေရဲ့ ဘဝ လှုပ်ရှားမှုအနေနဲ့ ပြုစုခဲ့တာပါ၊ သူတို့က ကလေးစောင့်ရှောက်မှုနဲ့ အိမ်အလုပ် ၅၀ ရာခိုင်နှုန်းကို ယောက်ျားသားတွေက ဆောင်ရွက်စေရမယ်လို့ ရည်မှန်းထားပါတယ်။

ရဝမ်ဒါမှာ လုပ်တဲ့ စီမံချက်ရဲ့ရလဒ်ကို ၂ နှစ်အကြာမှာ ပြန်လည်ဆန်းစစ်တော့ ဒီသင်တန်းတက်တဲ့ ယောက်ျားသားတွေ က သင်တန်းမတက်တဲ့ ယောက်ျားသားတွေ ထက် သူတို့ မိန်းမတွေကို အကြမ်းဖက်တာ အများကြီး လျော့နည်းသွားတယ်ဆိုတာ တွေ့ရပါတယ်။

ဒါပေမဲ့ အဲဒီ သင်တန်းပြီးခဲ့တဲ့ ယောက်ျား ၃ ယောက်မှာ ၁ ယောက် ကတော့ သူတို့ မိန်းမတွေကို အကြမ်းဖက်တာမျိုး ဆက်လုပ်နေဆဲလို့ လည်း အဲဒီစစ်တမ်း က ဆိုပါတယ်။

ရဝမ်ဒါ ရဲ့ အမျိုးသား စာရင်းဇယား ဋ္ဌာန ကနေ ၂၀၁၅ တုန်းက ထုတ်ပြန်ချက်အရ နိုင်ငံသား အမျိုးသား ၅၂ ရာခိုင်နှုန်းက သူတို့ မိန်းမတွေ၊ ချစ်သူတွေကို အကြမ်းဖက်တာတွေ လုပ်ဖူးတယ်လို့ ပြောကြကြောင်း သိရ ပါတယ်။

အမျိုးသားတွေ အိမ်တွင်းအကြမ်းဖက်တဲ့အလေ့ ပပျောက်ဖို့ အမျိုးသားတွေအချင်းချင်း က ဝေဖန်ဆွေးနွေးပေးတာ က အမျိုးသမီးတွေက သူတို့ကို ပြောပြဆွေးနွေးစေတာထက် ပို ထိရောက်တာမျိုးလည်း ရှိကြောင်း မထားထား က ပြောပြပါတယ်။

အခုတော့ ရဝမ်ဒါ က ဒလ်ဖင်းနဲ့ ယွန် ပီရဲလ် တို့ မိသားစုအတွက်သာ ဒီ စီမံချက် ကအကျိုးဖြစ်တာမကပဲ သူတို့ ရပ်ရွာအသိုင်းအဝိုင်းတခုလုံး အတွက် အကျိုးဖြစ်စေပါတယ်။

ယွန် ပီရဲလ် က "ကျနော်တို့ လက်ထပ်တာ ၁၀ နှစ် ကြာပြီးခဲ့တဲ့နောက် အခု ပျားရည်ဆမ်းခရီး ထွက်နေရသလိုပါပဲ" လို့ ပြောပါတယ်။

"အိမ်နီးနားချင်းတွေ ဆီမှာ ပြသနာဖြစ်တာတွေ ခိုက်ရန်ဖြစ်တာတွေ ရှိလာရင် ကျနော်တို့ အကြံပေးတာကို သူတို့က အလေးထားလာကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အိမ်မှာပြသနာဖြစ်တာ သူတို့ မတွေ့ရလို့လေ" လို့ သူက ပြောပါတယ်။

ဘီဘီစီရဲ့ အမျိုးသမီး ၁၀၀

BBC 100 Women အစီအစဉ် က နှစ်စဉ် ကမ္ဘာတလွှားက ထင်ရှားကျော်ကြားပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အမျိုးသမီးပေါင်း ၁၀၀ ကို ရွေးထုတ်ပြီး သူတို့ရဲ့ ဇာတ်လမ်းတွေကို မျှဝေပေးတာပါ။