ဆစ်ဒနီမှာ မုန်တိုင်းကြောင့် စံချိန်တင် မိုးကြီးခဲ့

တစ်လစာ မိုးရေချိန်ကို တစ်ရက်တည်းမှာ နှစ်နာရီအတွင်း ရွာသွန်းခဲ့တဲ့ ဆစ်ဒနီမုန်တိုင်း ဓာတ်ပုံ မူပိုင် Reuters
Image caption တစ်လစာ မိုးရေချိန်ကို တစ်ရက်တည်းမှာ နှစ်နာရီအတွင်း ရွာသွန်းခဲ့တဲ့ ဆစ်ဒနီမုန်တိုင်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တော်နဲ့ အနီးတဝိုက်ကို မုန်တိုင်းဝင်ခဲ့လို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်မီးလည်း ပြတ်တောက်ကာ လေယာဉ်ခရီးစဉ်တွေလည်း နှောင့်နှေးခဲ့ရလို့ လူ ၅၀၀ ကျော်ဟာ အရေးပေါ် အကူအညီတွေ တောင်းခံနေကြပါတယ်။

နိုဝင်ဘာလ ၂၈ ရက် (ဗုဒ္ဓဟူးနေ့) က ဆစ်ဒနီမြို့မှာ အချိန် နှစ်နာရီ အတွင်း ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ သူ့ရဲ့ တစ်လတာ ပျမ်းမျှ မိုးရေချိန်နဲ့ ညီမျှခဲ့တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။ မုန်တိုင်းက နယူးဆောက်ဝေးလ် ပြည်နယ်ရဲ့ ကမ်းရိုးတန်း ဒေသကို ဗဟိုပြုခဲ့ပြီး မိုးခေါင်ရေရှား ဖြစ်နေတဲ့ ကုန်တွင်းပိုင်း ဒေသတွေ မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။

လူ ၁၁ ယောက်ထက် မနည်းကို ရေလွှမ်းမိုးတဲ့ နေရာတွေက မော်တော်ယာဉ်တွေထဲမှာ ပိတ်မိနေရာကနေ ကယ်တင်ခဲ့ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် လူ တစ်ယောက်လည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

သြစတြေးလျက အွန်လိုင်းစာမျက်နှာတွေပေါ်မှာလည်း ရေလျှံနေတဲ့ လမ်းမ၊ လူနေအိမ်နဲ့ ဘူတာရုံတွေရဲ့ ဓာတ်ပုံတွေကိုလည်း လူအများက မျှဝေနေကြပါတယ်။

ဆစ်ဒနီမြို့တော်က လမ်းမတွေပေါ်မှာ ကားမောင်းသူတွေကို အကူအညီပေးနေတဲ့ ရဲအရာရှိ နှစ်ယောက် ဟာလည်း သစ်ပင်ပိလို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption လမ်းမတွေပေါ်မှာ ရေကြီးရေလျှံနေလို့ ကားမောင်းသူတွေ အန္တရာယ်ဖြစ်နိုင်
ဓာတ်ပုံ မူပိုင် EPA
Image caption မြို့တော်ကောင်စီ ဝန်ထမ်းတွေက ပိတ်ဆို့နေတဲ့ ရေမြောင်းတစ်ခုကို ရှင်းဖို့ ကြိုးစားနေတဲ့ မြင်ကွင်း

မုန်တိုင်းကြောင့် သြစတြေးလျရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ ဆစ်ဒနီရဲ့ မနက်ပိုင်း ခရီးသွားလာမှုတွေဟာ ကသောင်းကနင်းတွေ ဖြစ်ခဲ့ရပါတယ်။ လေယာဉ် ခရီးစဉ် တချို့လည်း နှောင့်နှေးခဲ့ရသလို ဖျက်သိမ်းခဲ့ရတာတွေလည်း ရှိပါတယ်။

ဒါဟာ ဆစ်ဒနီမြို့နဲ့ အနီးတဝိုက် အတွက် ၁၉၈၄ ခုနှစ် နောက်ပိုင်း နိုဝင်ဘာလရဲ မိုးရွာသွန်းမှု အများဆုံးနေ့ ဖြစ်ခဲ့ရတယ်လို့ သြစတြေးလျ မိုးလဝသ ဌာနက ပြောပါတယ်။ မိုးရွာသွန်းမှုနှုန်းက အချိန်တိုအတွင်းမှာ များပြားခဲ့ပြီး မိနစ် ၉၀ အတွင်း မှာ မိုးရေချိန် ၄ လက်မ နီးပါး ရှိခဲ့တယ် ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာလည်း နောက်ထပ် မုန်တိုင်းတွေ ဝင်လာနိုင်လို့ လူအများကို ဘေးကင်းရာမှာ သတိပြု နေထိုင်ကြဖို့ တာဝန်ရှိသူတွေက ကြေညာထားပါတယ်။

ရေကြီးရေလျှံ ဖြစ်နေတဲ့ နေရာနဲ့ အဝေးပြေးလမ်းမကြီးတွေ ပေါ်မှာ ခရီးသွား ပြည်သူတွေ အနေနဲ့ အရဲစွန့် ကားမမောင်းကြဖို့ အကြိမ်ကြိမ် သတိပေးထားရတယ်လို့ နယူးဆောက်ဝေး ပြည်နယ် လက်ထောက် ရဲမင်းကြီး မိုက်ကယ်ကိုဘွိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ