ဘေဂျင်းနားက ဓာတုစက်ရုံ ပေါက်ကွဲမှုအတွင်း လူ ၂၂ ဦး သေဆုံး

တရုတ်၊ ဘေဂျင်း၊ ဓါတုစက်ရုံ၊ ပေါက်ကွဲမှု၊ ဓာတ်ပုံ မူပိုင် AFP
Image caption စက်ရုံအပြင်ဘက်မှာ မီးလောင်နေတဲ့ ကားတွေ တွေ့ရပုံ

တရုတ်နိုင်ငံ မြောက်ပိုင်းက ဓာတု စက်ရုံတခုရဲ့ အပြင်ဘက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၂၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဘေဂျင်းမြို့ မြောက်ဘက်က ဂျန်ဂျီယာကူမြို့မှာ ဓာတုပစ္စည်းတွေ သယ်ဆောင်လာတဲ့ မော်တော်ယာဉ် တစ်စင်း ဟီဘေ ရှန်ဂွာ ဓာတု ကုမ္ပဏီ စက်ရုံထဲ ဝင်ဖို့ စောင့်ဆိုင်းနေစဉ် ပေါက်ကွဲခဲ့တာပါ။

စက်ရုံ အပြင်ဘက်က လမ်းပေါ်မှာ တန်းစီနေတဲ့ ထရပ်ကား ၃၂ စင်းနဲ့ ကား ၁၂ စင်း မီးလောင် ပျက်စီးခဲ့တယ်လို့ မြို့တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

စက်ရုံ ထုတ်လုပ်မှုတွေ အခုအခါ ရပ်ဆိုင်းထားလိုက်တယ်လို့လည်း ဆိုပါတယ်။

ဂျန်ဂျီယာကူမြို့ဟာ ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် ပွဲတော်အတွက် စကီးနဲ့ နှင်းလျှောစီး ပြိုင်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားတဲ့ မြို့ဖြစ်ပါတယ်။

Image caption ဂျန်ဂျီယာကူမြို့ဟာ ဘေဂျင်းမြို့နဲ့ ၂၀၀ ကီလိုမီတာ အကွာမှာ တည်ရှိ

တရုတ်နိုင်ငံမှာ စီးပွားရေး အလျင်အမြန် တိုးတက်ဖြစ်ထွန်းနေပေမယ့် စက်မှုလုပ်ငန်း ဘေးကင်းလုံခြုံမှု ကိစ္စရပ်တွေမှာတော့ ပြဿနာတွေ ရှိနေဆဲ ဖြစ်ပြီး ဓာတု ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်လေ့ ရှိတယ်လို့ ဘေဂျင်းမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဇူလိုင်လတုန်းကလည်း စီချွမ်မြို့က ဓာတု စက်ရုံတခုမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ၁၉ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၅ ခုနှစ်က နိုင်ငံ အရှေ့မြောက်ပိုင်း တီယန်ဂျင် ဆိပ်ကမ်းမြို့က ဓာတု သိုလှောင်ရုံ တခု ပေါက်ကွဲခဲ့ရာမှာ လူ ၁၇၃ ဦး သေဆုံးခဲ့ပါတယ်။

ဘေးကင်းလုံခြုံရေး စနစ်တွေကို ဂရုမစိုက်ဘဲ အမြတ်အစွန်း ပိုရအောင် အဂတိလိုက်စားမှုတွေ၊ နိုင်ငံရေး ဆက်နွယ်ပတ်သက်နေမှုတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ပေါင်းလုပ်တာတွေ ရှိခဲ့တယ်လို့ ဒီပေါက်ကွဲမှုကို စုံစမ်း စစ်ဆေးမှုအရ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ