Lion Air အင်ဒိုနီးရှား လေယာဉ် ပျံသန်းဖို့ ဘာကြောင့် မသင့်လျော်တာလဲ

အင်ဒိုနီးရှား၊ Lion Air၊ လေယာဉ် ပျက်ကျမှု ဓာတ်ပုံ မူပိုင် Reuters
Image caption လေယာဉ် ပျက်ကျတဲ့ နေရာကို ကျန်ရစ်သူ မိသားစု သွားရောက် ကြည့်ရှုခဲ့စဉ်

ပြီးခဲ့တဲ့လတုန်းက ပျက်ကျခဲ့တဲ့ Lion Air လေကြောင်းပိုင် လေယာဉ်ဟာ ပျံသန်းဖို့ မသင့်ဘဲ ရပ်နားထားသင့်တယ်လို့ လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးနေတဲ့ အင်ဒိုနီးရှား တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့က ဂျကာတာမြို့ကနေ ထွက်ခွာအပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဂျားဗား ပင်လယ်ပြင်ထဲ ထိုးကျသွားခဲ့တဲ့ အဲဒီ ဘိုးရင်း 737 Max လေယာဉ်ပေါ်ပါ လူ ၁၈၉ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီ လေယာဉ်ရဲ့ အရင် ခရီးစဉ်တွေမှာ စက်ပိုင်း ဆိုင်ရာ ချို့ယွင်း မှုတွေ ရှိခဲ့တယ် ဆိုတာကို ကနဦး အစီရင်ခံစာထဲမှာ ဖေါ်ပြခဲ့ပါတယ်။

ဘိုးရင်း 737 Max ဟာ မူလ ဘိုရင်း 737 အမျိုးအစားကို အသစ် ပြန်ဖန်တီးထားတာ ဖြစ်ပြီး အရောင်းအသွက်ဆုံး လေယာဉ် ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ ဘာဖေါ်ပြထားသလဲ

အရင် ခရီးစဉ်တွေမှာ ပြဿနာ ပေါ်ခဲ့ပေမယ့် Lion Air လေကြောင်းက အဲဒီလေယာဉ်ကို ဆက်ပြေးဆွဲခဲ့တယ်လို့ KNKT အင်ဒိုနီးရှား ပို့ဆောင် ဆက်သွယ်ရေး လုံခြုံစိတ်ချရမှု ကော်မတီက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ဘိုးရင်း 737 Max အမျိုးအစား လေယာဉ်တွေထဲမှာ အသစ်ထည့်ထားတဲ့ လေယာဉ်စက် မသေအောင် ထိန်းညှိတဲ့ အော်တိုမက်တစ် စနစ်သစ်တစ်ခုနဲ့ ပတ်သက်လို့ လေယာဉ်မှူးတွေ အခက်အခဲ ကြုံခဲ့ရပုံ တွေ့ရှိရပါတယ်။

အဲဒီ စနစ်ဟာ လေယာဉ် အမြင့်ကို ထိုးတက်တဲ့အခါ စက်မရပ်သွားအောင် ထိန်းတဲ့ စနစ် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာရုံခံ အချက်ပြစနစ် ချို့ယွင်းမှုတစ်ခုကြောင့် အဲဒီနေ့က လေယာဉ် စက် ရပ်မသွားဘဲနဲ့ လေယာဉ်ကို အောက်ကို ထိုးကျသွားပုံရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

လေယာဉ်မှူးတွေက လေယာဉ်ကို ပိုဦးမော့အောင် ကြိုးစား လုပ်ခဲ့ပေမယ့် လေယာဉ်က အောက်ကို ပြန်ထိုးစိုက် ကျခဲ့ပြီး ဒီလိုမျိုး အကြိမ် ၂၀ ကျော် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ချို့ယွင်းနေတဲ့ ဒီအော်တိုမက်တစ် စနစ်ကို ရပ်သွားအောင် လေယာဉ်မှူးတွေက ဘာ့ကြောင့် မလုပ်ခဲ့တာလဲ ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

ဒါပေမယ့် ဒီစနစ်သစ်ကြောင့် လေယာဉ်ပျက်ကျခဲ့တာလား ဆိုတာကိုတော့ ပြောဖို့ စောလွန်းသေးတယ်လို့ KNKT အကြီးအကဲ နူရ်ကာယို အူတိုမို က ပြောပါတယ်။

ဒီလေယာဉ်ဟာ ဘာလီကနေ ဂျကာတာကို သွားတဲ့ အရင်ခရီးစဉ်တုန်းကလည်း အလားတူ ပြဿနာမျိုး ကြုံခဲ့တယ်လို့ ဆိုပါတယ်။

သူ့အမြင်အရ ဆိုရင် ဒီလေယာဉ်ဟာ ပျံသန်းမှုတွေ ဆက်လုပ်ဖို့ မသင့်တော့ဘူးလို့ သူက ပြောပါတယ်။

Lion Air ကုမ္ပဏီရဲ့ ဘေးကင်းလုံခြုံရေး လိုက်နာကျင့်သုံးမှုကို တိုးတက်အောင် လုပ်ဖို့ လိုကြောင်းနဲ့ လုပ်ငန်းလည်ပတ်မှု လမ်းညွှန်ချက်တွေကို ချမှတ်ဆောင်ရွက်ဖို့ ကုမ္ပဏီက လုပ်ဆောင်သင့်ကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လေယာဉ်အနေနဲ့ လမ်းညွှန်ချက် စာရွက်စာတမ်းတွေ အားလုံးကို အသေအချာ ဖြည့်သွင်း ရေးမှတ်ပြီး အထောက်အထားစာရွက်တွေကို သိမ်းဆည်းထားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

လေယာဉ် ထုတ်လုပ်တဲ့ ဘိုးင်း ကုမ္ပဏီက ဘာပြောသလဲ

Lion Air လေယာဉ် ပျက်ကျခဲ့တာနဲ့ ပတ်သက်လို့ အကြီးအကျယ် စိတ်မကောင်း ဖြစ်မိတယ်လို့ ဘိုးရင်း ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဘိုးရင်း 737 Max အမျိုးအစား လေယာဉ်တွေနဲ့ လေယာဉ် ခရီးစဉ် ရာပေါင်းများစွာကို ခရီးသည်တွေ ဆက်သွားနေကြဆဲ ဖြစ်ကြောင်း၊ ဘိုးရင်း 737 Max လေယာဉ်ဟာ တခြား လေယာဉ်တွေလိုပဲ လုံခြုံစိတ်ချရပါကြောင်း ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အောက်ကို လေယာဉ် ထိုးဆင်းသွားတာကို ပြန်ထိန်းဖို့အတွက် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ လေယာဉ် လမ်းညွှန်ချက်ထဲမှာ ထည့်သွင်းထားတယ်လို့ ဘိုးရင်း ကုမ္ပဏီက ပြောပါတယ်။

ဘာလီကနေ ဂျကာတာကို သွားတဲ့ အရင်ခရီးစဉ်မှာတုန်းကလည်း လေယာဉ် ထိုးကျသွားတာကို ပြန်တက်ဖို့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ခဲ့တယ် ဆိုတာကို ကနဦး အစီရင်ခံစာမှာ ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အောက်တိုဘာလ ၂၉ ရက်နေ့ လေယာဉ် ခရီးစဉ်မှာတော့ ဒီလုပ်ထုံးလုပ်နည်းတွေ အတိုင်း လိုက်နာ ဆောင်ရွက်ခဲ့သလား ဆိုတာကိုတော့ အသေအချာ မသိဘူးလို့ ဘိုးရင်း ကုမ္ပဏီက ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့က လေယာဉ် ပျက်ကျခဲ့ပုံ

အဲဒီနေ့က Lion Air လေယာဉ်ဟာ ပျံသန်းချိန် တစ်နာရီကြာမယ့် နိုင်ငံ အနောက်ပိုင်း ပန်ကယ် ပီနန်း မြို့ဆီ သွားဖို့ စထွက်ခွာ ပြီးပြီးချင်းမှာပဲ ပျက်ကျခဲ့တာပါ။

ဂျကာတာမြို့ လေဆိပ်ကနေ ထွက်ခွာအပြီး မိနစ်ပိုင်းအကြာမှာပဲ လေဆိပ်ကို ပြန်လှည့်ခွင့်ပေးဖို့ လေယာဉ်မှူးဆီက ပန်ကြားချက် ရခဲ့အပြီး လေယာဉ် ပျက်ကျသွားခဲ့တာပါ။

အရင် ခရီးစဉ်တွေတုန်းကလည်း အဲဒီလေယာဉ်ဟာ လေကြောင်း အမြန်နှုန်းနဲ့ အမြင့်ပေပြတဲ့ စက်ချို့ယွင်းမှုတွေ ရှိခဲ့တယ်လို့ စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

ဒါ့ကြောင့် အခုဒီလေယာဉ် ပျက်မကျခင် တရက်ကပဲ အဲဒီ စက်တွေကို လဲခဲ့တယ်လို့ သိရပါတယ်။

အခုအခါ လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် စက်ကို ပြန်ရှာတွေ့ထားပေမယ့် လေယာဉ်မှူးခန်းထဲက အသံတွေကို မှတ်တမ်းတင်ထားတဲ့ စက်ကိုတော့ ပြန်မတွေ့သေးပါဘူး။ လေယာဉ်မှူးတွေ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ ဆိုတဲ့ သတင်းအချက်အလက်တွေကို ဒီစက်ကနေ ပိုသိနိုင်မှာ ဖြစ်ပါတယ်။

ဒီကိစ္စမှာ ဘယ်သူ တာဝန်ရှိသလဲ ဆိုတာ သိချင်နေကြ

လေယာဉ်ပျက်ကျတဲ့အထဲမှာ ညီမနဲ့ ခဲအို ပါသွားတဲ့ ရီနီး ဆိုဂီယိုနို ကတော့ ပဏာမ အစီရင်ခံစာကို ကြားအပြီး ဝမ်းနည်း ယူကြုံးမရ ဖြစ်မိသလို ဒေါသထွက် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေ ကယ်ဆယ်မှုကို တရားဝင် ရပ်ဆိုင်းခဲ့တာအပေါ် တခြားကျန်ရစ်သူ မိသားစုတွေလည်း သူ့လိုပဲ အတော့်ကို ဒေါသထွက်နေကြပါတယ်။

လေယာဉ်ပေါ် ပါသွားသူတွေထဲမှာ ၆၄ ဦးရဲ့ အလောင်းတွေကတော့ ပျောက်နေဆဲ ဖြစ်ပြီး ရှာဖွေမှုတွေ ဆက်လုပ်ပေးဖို့ Lion Air ကုမ္ပဏီနဲ့ အာဏာပိုင်တွေကို မိသားစုတွေက တောင်းဆိုထားပါတယ်။

ခုချိန်ထိ မတွေ့သေးတဲ့ လေယာဉ်မှူး အခန်းထဲက အသံသွင်း မှတ်တမ်းစက်ကိုရော ပျောက်ဆုံးနေသူတွေကိုပါ ဆက်ရှာဖွေရာမှာ လေကြောင်းကုမ္ပဏီက ငွေကြေး ထောက်ပံ့ပေးဖို့ ကိုလည်း ကျန်ရစ်သူ မိသားစုတွေက လိုလားနေပါတယ်။

"ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို သိရဖို့ စောင့်ကြည့်နေပါတယ်။ တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေပါတယ်။ ဒါက အရေးကြီးပါတယ်။ ဒါမှ ဒီလိုမျိုး နောက်ထပ် မဖြစ်တော့မှာပါ။ နောက်ထပ် မိသားစုတွေ ဒီလို ကြေကွဲစရာ အဖြစ်မျိုး ထပ်မကြုံစေချင်ပါဘူး" လို့ ရီနီး ဆိုဂီယိုနို က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ လေကြောင်းသွားလာမှု အန္တရာယ် ဘေးကင်းလုံခြုံ စိတ်ချရမှု မှတ်တမ်း

Lion Air လေကြောင်းကုမ္ပဏီဟာ အခု လတ်တလော နှစ်ပိုင်းတွေအတွင်း အရှေ့တောင်အာရှဒေသရဲ့ စျေးသက်သက်သာသာနဲ့ ပြေးဆွဲတဲ့ လေကြောင်းကုမ္ပဏီ ကဏ္ဍမှာ အဓိက အရေးပါတဲ့ လေကြောင်းကုမ္ပဏီ တစ်ခု ဖြစ်လာခဲ့ပါတယ်။

Batik Airနဲ့ Wings Air လေကြောင်းတွေကိုလည်း ပြေးဆွဲနေတဲ့ Lion Air လေကြောင်းကုမ္ပဏီရဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ သမိုင်းမှတ်တမ်းတွေက သိပ်မကောင်းလှဘဲ တခြား အင်ဒိုနီးရှားလေကြောင်းလိုင်းတွေထက် မတော်တဆ ဖြစ်ရပ်တွေ ပိုဖြစ်ခဲ့ပါတယ်။

အားလုံးကို ခြုံကြည့်မယ် ဆိုရင် ဘေးကင်းလုံခြုံမှု မရှိဘူး ဆိုပြီး ဂါရူဒါ အင်ဒိုနီးရှား လေကြောင်းလိုင်းကို ဥရောပနဲ့ အမေရိကန် လေဆိပ်တွေက နာမည်ပျက် စာရင်း သွင်းခဲ့ပြီးကတည်းက အင်ဒိုနီးရှား နိုင်ငံရဲ့ လေကြောင်း ဘေးကင်းလုံခြုံမှု မှတ်တမ်းက အတော်လေး တိုးတက်လာခဲ့တာ တွေ့ရပါတယ်။