ဟွာဝေး ရဲ့ 5G ကွန်ရက် ပစ္စည်း ကိရိယာတွေ ကို အသုံးမပြုဖို့ နယူးဇီလန် နဲ့ သြစတြေးလျ ပိတ်ပင်

Huawei logo ဓာတ်ပုံ မူပိုင် Getty Images

တရုတ် နိုင်ငံက ဟွာဝေး ဆက်သွယ်ရေး ကုမ္ပဏီ က အခြေခံ ပစ္စည်း ကိရိယာ တွေကို အသုံးမပြု ဖို့ ပိတ်ပင် ခဲ့တဲ့ နိုင်ငံတွေထဲမှာ နယူးဇီလန် နိုင်ငံလည်း ပါဝင် လာခဲ့ပါပြီ။

ဟွာဝေး ကုမ္ပဏီ ရဲ့ ပစ္စည်းတွေကို အသုံးပြုမယ် ဆိုရင် နိုင်ငံ့ လုံခြုံရေး ကို စိုးရိမ် ရတဲ့ အတွက်လို့လည်း နယူးဇီလန် ဘက် က အကြောင်းပြပါတယ်။

နယူးဇီလန် က ဆက်သွယ်ရေး ကုမ္ပဏီ တခု ဟာ ဟွာဝေး ရဲ့ 5G ကွန်ရက် အခြေခံ အဆောက်အဉီး အတွက် ပစ္စည်းကိရိယာ တွေကို အသုံးပြုလိုတာပါ။ ဒါပေမယ့် အစိုးရ လုံခြုံရေး အေဂျင်စီ က သတင်းအချက်အလက် ပေါက်ကြား နိုင်တဲ့ အန္တရာယ်ကို အလွန် စိုးရိမ် ရတယ်လို့ ဆိုပါတယ်။

လုံခြုံရေး ပိုင်းဆိုင်ရာမှာ ချိုးဖောက်မှု တွေ ရှိနိုင်တယ်ဆိုပြီး တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကြီး ကို တခြား နိုင်ငံတွေကလည်း စွပ်စွဲထား ကြပါတယ်။

ဆိုတော့ ဟွာဝေး ကုမ္ပဏီရဲ့ ဆက်သွယ်ရေး ကိရိယာ တွေကို အသုံးပြုဖို့ နယူးဇီလန် အပါအဝင် တခြား နိုင်ငံက အစိုးရတွေက ဘာကို စိုးရိမ် နေကြ တာပါလဲ။

ဓာတ်ပုံ မူပိုင် Getty Images

ဘာကိုစိုးရိမ်တာလဲ။

ဟွာဝေး ကုမ္ပဏီ အနေနဲ့ ကုန်ထုတ်လုပ်မှု ဆိုင်ရာ သတင်း အချက်အလက် တွေ၊ ထိပ်တန်း လျှို့ဝှက်ချက် သတင်းတွေကို တရုတ် အစိုးရဆီကို ကူညီ ပေးပို့ နေတယ်လို့ သံသယ ရှိနေကြတာ ဖြစ်ပါတယ်။

တရုတ် အစိုးရ အနေနဲ့ လည်း ဒီကုမ္ပဏီတွေကို အသုံးချပြီး စုံစမ်း ထောက် လှမ်းရေး သူသျှို အလုပ် တွေ လုပ်ဆောင် လာမှာ ကို နိုင်ငံရပ်ခြား အစိုးရ တွေက စိုးရိမ် ပူပန် နေကြတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ သတင်း အချက်အလက် ရယူမှုကို နှစ်ပေါင်း များစွာ လုပ်ဆောင်ဖို့ သံန္နိဋ္ဌာန် ချမှတ် ထားတာကို တွေ့ ရှိရတယ်လို့ ဩစတြေးလျ နိုင်ငံတကာ ဆိုက်ဘာ မဟာဗျူဟာ နဲ့ မူဝါဒ ဌာနမှာ တာဝန် ထမ်းဆောင် နေတဲ့ တွန် ရမ် က ပြောပါတယ်။

တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ တွေဟာ သူလျှို လုပ်ငန်း အတွက် အစိုးရ ရဲ့ တွန်းအား ပေးမှု ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်း က တရုတ်မှာ နိုင်ငံလုံး ဆိုင်ရာ သတင်း အချက်အလက် ရရှိမှုအတွက် ကူညီ ရမယ်ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်း ခဲ့တာ ကြောင့် လည်း သူသျှိုလုပ်ငန်းတွေ လုပ်ဆောင် နိုင်တယ် ဆိုတဲ့ သံသယ တွေကို ပိုကြီး စေခဲ့တာပါ။

ဒါကြောင့် ဟွာဝေး နဲ့ ဇက်တီအီး ကုမ္ပဏီ တွေရဲ့ ဆက်သွယ်ရေး ဆိုင်ရာ ကုန် ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် သတင်းအချက်အလက် ခိုးယူ ခံရနိုင်တယ်ဆိုပြီးတော့ နိုင်ငံရပ်ခြား အစိုးရတွေက စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

ဒီအချိန်ကျမှ ဘာကြောင့် ဖြစ်လာတာလဲ။

မိုလ်ဘိုင်း ဖုန်း တွေ အတွက် ဆက်သွယ်ရေး ပိုမိုလျင်မြန် လာစေမယ့် မျိုးဆက် ၅ 5G ကွန်ရက်တွေကို နိုင်ငံ တချို့မှာ တည်ဆောက်လာကြပါတယ်။

ဟွာဝေး ကုမ္ပဏီဟာ ဆက်သွယ်ရေး ပစ္စည်း ကိရိယာ တွေကို ထုတ်လုပ် ရောင်းချတဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ကြီးပါ။ နယူးဇီလန် နိုင်ငံက ဆက်သွယ်ရေး ကုမ္ပဏီ ဟာ ဟွာဝေး ကုမ္ပဏီရဲ့ 5G ပစ္စည်း ကိရိယာ တွေကို အသုံးပြုဖို့ စီစဉ် နေတာ ပါ။

ဒီလို ကုမ္ပဏီ ရဲ့ ပစ္စည်း ကိရိယာ တွေကို ဆက်သွယ်ရေး ကွန်ရက်တွေမှာ အသုံးပြု မယ် ဆိုရင် တရုတ် အစိုးရ ရဲ့ သူလျှို လုပ်ငန်း ကို အထောက်အကူ ပေးရာ ရောက်မယ်ဆိုပြီး နယူးလီလန် အစိုးရ ဆက်သွယ်ရေး လုံခြုံမှု ဗျူရို GCSB က ယုံကြည် နေတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကူးလ်တက် - ဖိုက်ဂျီ (5G) နဲ့ လူမှုအနာဂတ်

တခြား နိုင်ငံတွေရဲ့ စိုးရိမ်မှု။

ဩစတြေးလျ ဟာလည်း နိုင်ငံ လုံခြုံရေး ကို အကြောင်းပြပြီး ဟွာဝေး နဲ့ ဇက်တီအီး ကုမ္ပဏီ က 5G ဆက်သွယ်ရေး ကွန်ရက် ပစ္စည်းတွေကို အသုံး မပြုဖို့ တားမြစ် ခဲ့ပါတယ်။

ဟွာဝေး ကုမ္ပဏီ ဘက်ကလည်း ဒါဟာ အချက်အလက် မခိုင်လုံတဲ့ စွပ်စွဲမှု အဖြစ် တုံ့ပြန်ပြီး၊ ဩစတြေးလျ အစိုးရ ရဲ့ အကျိုးအကြောင်း မဆီလျော်တဲ့ လုပ်ရပ် သာ ဖြစ်ကြောင်း ပြန်လည် ဝေဖန် ခဲ့ပါတယ်။

ကုမ္ပဏီ ကို လုပ်သား တွေက သာ ပိုင်ဆိုင်ပြီး၊ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်တာ ကြောင့် လွတ်လပ်စွာ ရပ်တည် ဆောင်ရွက် နေတာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ နောက်ပြီး အစုရှယ်ယာ ရှင်တွေရဲ့ ထည့်ဝင်မှုတွေ နဲ့ ကုမ္ပဏီ ကို ရပ်တည် နေတာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဟွာဝေး က ထုတ်လုပ်တဲ့ 5G ဆက်သွယ်ရေး ကွန်ရက် ပစ္စည်း ကိရိယာ တွေကို ဩစတြေးလျ အစိုးရ အေဂျင်စီ တွေ က စစ်ဆေးမှုတွေ ဆောင်ရွက် နိုင်တယ်လို့ ပြောပါတယ်။

ဩစတြေးလျ နိုင်ငံ တခုတည်း ကတင် စိုးရိမ် ပူပန် နေတာတော့ မဟုတ်ပါဘူး။ အမေရိကန်၊ ဗြိတိန် တို့ကလည်း ဟွာဝေး ကုမ္ပဏီ ရဲ့ ပစ္စည်း တွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြတာပါ။

နောက်ပြီး ဂျာမနီ၊ ဂျပန် နဲ့ တောင်ကိုရီးယား နိုင်ငံ တို့မှာ ဟွာဝေး ရဲ့ ပစ္စည်း ကိရိယာတွေကို ပြန်လည် ကြည့်ရှု စစ်ဆေးမှုတွေ လုပ်နေကြပါပြီ။

အမေရိကန် အစိုးရ ဟာ ကြိုးမဲ့ ဆက်သွယ်ရေး ကို ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီ တွေ အနေနဲ့ ဟွာဝေး ရဲ့ ကုန်ပစ္စည်းတွေကို အသုံးမပြုဖို့ ဖျောင်းဖျ ခဲ့တယ်လို့ World Street ဂျာနယ်မှာ ရေးသား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်း က ဗြိတိန် အစိုးရ က ဖွဲ့စည်းပေးထားတဲ့ လျှို့ဝှက် ကော်မတီ တခု ဟာ ဟွာဝေး ရဲ့ ကုန်ပစ္စည်း တွေဟာ လုံခြုံရေး မချိုးဖောက် ဘူး ဆိုတဲ့ အာမခံချက် ကို အနည်းငယ်ပဲ ပေးနိုင်တယ်လို့ သတိပေးထား ခဲ့ပါတယ်။

ဟွာဝေးရဲ့ ဆက်သွယ်ရေး ကွန်ရက် ပစ္စည်းတွေကို အသုံးပြု ဖို့ မီးစိမ်း ပြခဲ့တဲ့ နိုင်ငံ ကတော့ ပါပူဝါ နယူးဂီနီ ပါ။

ပြီးခဲ့တဲ့ တပတ် ကမှ ပါပူဝါ နယူး ဂီနီ အစိုးရ က က ခွင့်ပြု ပေးခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ် နိုင်ငံဟာ ပစိတ်ဖိတ် သမုဒ္ဒရာ ပိုင်းက ပါပူဝါ နယူးဂီနီ မှာ အလုံးအရင်း နဲ့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင် နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဟွာဝေး ဖုန်း အသုံးပြုသူတွေ အချက်အလက် တွေခိုးယူ ခံရနိုင်လား