ရက်ဂေးဂီတကို သိမ်မွေ့နက်နဲတဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကို စာရင်းထဲ ထည့်သွင်း

ရက်ဂေး၊ ဂီတ၊ ယူနက်စကို၊ ဂျမေကာ ဓာတ်ပုံ မူပိုင် Mike Prior
Image caption ဘော့မာလီ ကွယ်လွန်တာ ၃၅ နှစ်ရှိပြီ ဖြစ်တာတောင် ဒီကနေ့အထိ သူ့ကို လူကြိုက်များနေဆဲ

ယူနက်စကို ကုလသမဂ္ဂ အဖွဲ့က သူတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး စာရင်းထဲမှာ ရက်ဂေးဂီတ ကို ထည့်သွင်း လိုက်ပါတယ်။

Toots and the Maytals၊ ပီတာတော့ရှ် နဲ့ ဘော့မာလီ တို့လို အဆိုတော်တွေကြောင့် ၁၉၆ဝ ပြည့်လွန် နှစ်ပိုင်းတွေက စလို့ ဂျမေကာမှာ စကြီးထွားလာခဲ့တဲ့ ရက်ဂေး ဂီတဟာ သိမ်မွေ့ နက်နဲတဲ့ ယဉ်ကျေးမှု အမွေအနှစ် ဖြစ်တယ် ဆိုပြီး ယူနက်စကိုရဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲမှာ ထည့်သွင်း သတ်မှတ်လိုက်တာပါ။

ရက်ဂေး ဂီတဟာ တီထွင်ကြံဆမှု၊ လူမှု နိုင်ငံရေးနဲ့ ဘာသာရေး နွယ်တဲ့ ဂီတ ဖြစ်တယ်လို့ ယူနက်စကိုက ပြောပါတယ်။

ရက်ဂေး ဂီတဟာ ဂျမေကန်လူမျိုးတွေရဲ့ ထူးခြားတဲ့ ဂီတဖြစ်ပြီး ကမ္ဘာ တဝန်းက ထောင့်ပေါင်းစုံကို ထိုးဖောက် ဝင်ရောက်နိုင်ခဲ့တယ်လို့ ဂျမေကာ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အဆိုတော် မီလီစမောလ် ရဲ့ My Boy Lollipop ပြန်ဆို သီချင်းကြောင့် ငြိမ့်ငြိမ့်ညောင်းညောင်း ရက်ဂေးဂီတသံကို ကမ္ဘာက သိလာကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘော့မာလီ လို အဆိုတော်တွေရဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း သီချင်းတွေကြောင့် ရက်ဂေးဂီတကို ကမ္ဘာက သိလာ

ရက်ဂေးဂီတကို အမေရိကန်မှာ လူကြိုက်များလာခဲ့ပေမယ့် တကယ်တမ်းမှာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးကတည်းက ဂျမေကာကနေ ရွှေ့ပြောင်း အခြေစိုက်သူတွေ အများအပြား နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံမှာ ဟစ် ဖြစ်သွားခဲ့ပါတယ်။

အခုနှစ်မှာ သက်တမ်း နှစ် ၅ဝ တင်းတင်းပြည့်သွားပြီ ဖြစ်တဲ့ ထရိုဂျန် ဗြိတိသျှ ဓာတ်ပြား ကုမ္ပဏီကြီးက ဒစ်မွန်ဒက်ကာ၊ ဂျင်မီကလစ်ဖ် နဲ့ Bob and Macia တို့လို အနုပညာရှင်တွေကို မွေးထုတ်ပေးခဲ့ပါတယ်။

BBC 1Xtra ရေဒီယို အစီအစဉ် တင်ဆက်သူ ဒေ့ဗ်ရိုဒီဂန် က ရက်ဂေးဂီတကို သူ ဆယ်ကျော်သက်အရွယ်တုန်းက ပထမဆုံးအကြိမ် ကြားခဲ့ကတည်းက ကြိုက်ခဲ့တာပါလို့ ပြောပြပါတယ်။

မော်ရစ်ရှပ် နိုင်ငံမှာ ယူနက်စကို ကုလသမဂ္ဂ အဖွဲ့နဲ့ အခုနှစ် တွေ့ဆုံ ဆွေးနွေးစဉ် ရက်ဂေးဂီတကို ယူနက်စကို စာရင်းထဲ ထည့်သွင်းဖို့ ဂျမေကာ အစိုးရက တင်ပြခဲ့တာပါ။

ယူနက်စကိုရဲ့ ရည်ရွယ်ချက်က သူတို့ သတ်မှတ်ထားတဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ လူ့အသိုင်းအဝိုင်း၊ အုပ်စုအဖွဲ့၊ လူပုဂ္ဂိုလ် တွေကို လေးစားမှု ရှိစေဖို့နဲ့ အဲဒီလူတွေရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို နိုင်ငံအလိုက် သော်လည်းကောင်း၊ နိုင်ငံတကာ အလိုက်သော်လည်းကောင်း တန်ဖိုးထားတတ်အောင် အားပေးဖို့ ပညာပေးဖို့ ဖြစ်ပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ ယူနက်စကိုရဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲမှာ ဗီယင်နာမြို့က စပိန် မြင်းစီးသင်ကျောင်း တကျောင်း၊ မွန်ဂိုးလီးယားနိုင်ငံရဲ့ ကုလားအုပ် ထိန်းကျောင်းတဲ့ ဓလေ့အခမ်းအနား၊ အီဂျစ် ရုပ်သေးပညာ စတာတွေ လည်း ပါဝင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ