အသက် ၁၈ နှစ်မပြည့်ခင် လက်ထပ်နိုင်တဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်းပါ အချက်ကို ကန့်ကွက်နေကြ

အသက် ၁၈ နှစ်မပြည့်ခင် လက်ထပ်နိုင်တဲ့ ဥပဒေကြမ်းကို ကန့်ကွက်နေကြ ဓာတ်ပုံ မူပိုင် AFP/Getty
Image caption အသက် ၁၈ နှစ်မပြည့်ခင် လက်ထပ်နိုင်တဲ့ ဥပဒေကြမ်းကို ကန့်ကွက်နေကြ

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုရာမှာ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အချက်မှာတော့ လက်ထပ်ဖို့ ပဋိဉာဉ် ပြုနိုင်တဲ့ အသက်အရွယ်က ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ် ဆိုတဲ့ အချက်ကို ဖြုတ်ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဟာ ကလေးသူငယ်တွေအပေါ် ကန့်သတ်ထားချက်၊ ကလေးသူငယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ရရှိစေဖို့အတွက် ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။

ဒီဥပဒေကြမ်း ပုဒ်မ ၂၃ မှာ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက်ဟာ သက်ဆိုင်ရာ တည်ဆဲဥပဒေနဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေမှာ သတ်မှတ်တဲ့အတိုင်း ဖြစ်စေရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိမ်းမြားလက်ထပ်ရာမှာ စာချုပ်ချုပ်ဆို လက်ထပ်မယ်ဆိုရင် ပဋိဉာဉ် ပြုနိုင်တဲ့ အသက်ဟာ ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်လို့ ပြဌာန်းပါရှိပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ် ဆိုတဲ့အချက်ကိုဖြုတ်ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က "ကျွန်မတို့ ရှင်းရှင်းလင်းလင်းသိပြီး ပြောနိုင်တာကတော့ ပုဒ်မ ၂၃ ရဲ့ ဆိုလိုရင်းက လက်ထပ်ထိမ်းမြှားတာဟာ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းတွေအရ ဆောင်ရွက်နိုင်တယ်။ တည်ဆဲဥပဒေအရလည်း ဆောင်ရွက်နိုင်တယ် လို့ ဆိုထားတာပါ၊ ပြောချင်တာက အသက် ၁၈ နှစ်အောက်တွေဟာ လက်ထပ်နိုင်တယ်လို့ ပြောထားတာ မဟုတ်ဘူးလို့ " လို့ ဆိုပါတယ်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းနိုင်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်ထဲက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေရဲ့ ဓလေ့ရိုးရာထဲမှာ တချို့ ရိုးရာတွေကို ပြင်သင့်တာ ပြင်နေချိန်မှာ အခုလို အသက် ၁၈ နှစ်ပြည့်မှ လက်ထပ်ရမယ်ဆိုတဲ့ ဟန့်တားချက်ကို ဖြုတ်လိုက်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတာတွေကို အားပေးရာ ရောက်တယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောပါတယ်။

နိုင်ငံတကာမှာ ကောက်ခံထားတဲ့ စစ်တမ်းတွေအရ အသက်မပြည့်ပဲ အိမ်ထောင်ပြုသူတွေမှာ အမျိုးသားက နည်းပြီး အမျိုးသမီးက ၉၅ ရာခိုင်နှုန်းအထိရှိနေလို့ အမျိုးသမီးငယ်တွေအပေါ် ပိုထိခိုက်တဲ့အပြင် စာသင်ခန်းပြင်ပ ရောက်နေသူတွေကိုပါ အသက်မပြည့်ဘဲ အိမ်ထောင်ပြုဖို့ အားပေးရာရောက်တယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မစန္ဒာသန့်က ပြောပါတယ်။

ကန့်ကွက်ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက "ဒီဟာက ၁၈ နှစ်အောက်ကို ဓလေ့ထုံးတမ်းအရ ခွင့်ပြုလိုက်သလို ဖြစ်စေတာမို့ ကျွန်မတို့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်စေတယ်" လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်က အတည်ပြု ဆွေးနွေးခဲ့တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ထပ်မံဆွေးနွေးရဦးမှာ ဖြစ်ပြီး အဲ့ဒီအဆင့်ရောက်ရင် တင်ပြ ကန့်ကွက်မှုတွေ ဆက်လုပ်သွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ အရပ်ဘက် အဖွဲ့တချို့က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ