ယူကျု ပေါ်က အသက် ၁ဝ၇ နှစ်အရွယ် စားဖိုမှူး ဘွားဘွားကြီး ကွယ်လွန်

အိန္ဒိယ၊ အသက်အရှည်ဆုံး၊ စားဖိုမှူး၊ ဘွားဘွားကြီး၊ ဟင်းချက်နည်း ဓာတ်ပုံ မူပိုင် Country Foods
Image caption ရှိတာလေးနဲ့ ဖြစ်အောင် ချက်ပြတတ်တဲ့ ဘွားဘွားကြီး မက်စ်တနမ်မာ ရဲ့ ဟင်းချက်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ ကြည့်သူ တသန်းကျော်ရှိ

ယူကျု ဝက်ဆိုက်ပေါ်က အသက်အကြီးဆုံး နာမည်ကြီး စားဖိုမှူး အဘွားအိုတဦးဖြစ်တဲ့ မက်စ်တနမ်မာ အသက် ၁၀၇ နှစ်မှာ ကွယ်လွန်သွားပါပြီ။

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ နေထိုင်တဲ့ ဘွားဘွားကြီး မက်စ်တနမ်မာ ဟာ အွန်လိုင်းပေါ်မှာ ထူးထူးဆန်းဆန်း အစာတွေ ချက်ပြုတ်ပြရာကနေ နာမည်ကြီးလာခဲ့တာပါ။

Country Foods လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ ယူကျု ရုပ်သံလိုင်းမှာ နာမည်ကြီး ဖရဲသီးနဲ့ ကြက်သားဟင်း အပါအဝင် ဟင်းလျာပေါင်း ရာနဲ့ချီ ချက်ပြုတ်ပြနေပုံကို ကြည့်ကြသူ တသန်းကျော် ရှိပါတယ်။

လူကြိုက်များတဲ့ သူ့ရဲ့ ဟင်းတွေထဲမှာ ခရမ်းသီးဟင်း ပျစ်ပျစ်နဲ့ ငါးဟင်း အစပ် လည်း ပါပါတယ်။

အဲဒီ ချန်နယ်ကို သူ့ရဲ့ မြေးတွေနဲ့ သူငယ်ချင်းတွေက ၂၀၁၆ ခုနှစ်က စဖွင့်ပေးခဲ့တာ ဖြစ်ပြီး ချက်ချင်း လူကြိုက်များလာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ်ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ဘွားဘွားကြီး မက်စ်တနမ်မာ က မွေးဖွားလက်မှတ် မပြနိုင်ပေမယ့် သူဟာ အသက် ၁၀၇ နှစ် ရှိပြီလို့ မနှစ်တုန်းက ပြောခဲ့ပါတယ်။

လူသူ အရောက်အပေါက် နည်းပါးတဲ့ ရွာလေးက ကွင်းပြင်မှာ ဟင်းချက်စရာ ပစ္စည်းပစ္စယ အစုံအလင် မပါဘဲ ထင်းမီးဖိုဘေးမှာ ဘွားဘွားကြီး မက်စ်တနမ်မာ ဆောင့်ကြောင့်ထိုင်ပြီး ဟင်းမယ်အမျိုးမျိုးကို ရတာလေးနဲ့ ဖြစ်အောင် ချက်ပြနေတာတွေကို ယူကျု ရုပ်သံလိုင်းမှာ တွေ့ရမှာပါ။

ဓာတ်ပုံ မူပိုင် country Foods
Image caption အနီးအနား မြစ်ချောင်းထဲက လတ်လတ်ဆတ်ဆတ် ရတဲ့ ငါး ပုစွန်တွေနဲ့ ချက်တဲ့ ဟင်းတွေကို ဘွားဘွားကြီးက ပိုနှစ်သက်

မက်စ်တနမ်မာဟာ ဟင်းသီးဟင်းရွက်တွေကို လက်နဲ့ခွာ၊ အိန္ဒိယစတိုင် ဓားဟောင်း တခုနဲ့ အသီးအရွက်တွေကို လှီးဖြတ် ခုတ်စင်းပြီး သူ့ရဲ့ ဟင်းလျာတွေကို အိန္ဒိယ တောင်ပိုင်း ထုံးစံအတိုင်း ငှက်ပျောရွက်နဲ့ တည်ခင်းလေ့ရှိပါတယ်။

ဓာတ်ငွေ့မီးဖို မသုံးဘဲ ထင်းမီးကို ကိုယ်တိုင်မွှေးပြီး ချက်ပြုတ်လေ့ ရှိသလို အနားက မြစ်ချောင်းထဲက လတ်လတ်ဆတ်ဆတ် ငါးပုစွန်တွေကို ချက်စားလေ့ ရှိတာမို့ သူ့ရဲ့ စတိုင်က ယူကျု ပေါ်မှာ တွေ့ရတတ်တဲ့ တခြား စားဖိုမှူးတွေနဲ့ မတူဘဲ တမူထူးခြားနေခဲ့တာပါ။

မက်စ်တနမ်မာ ကွယ်လွန်သွားပြီ ဆိုတဲ့အကြောင်း သူ့ရဲ့ Country Foods ချန်နယ်မှာ ထုတ်ဖော်ကြေညာခဲ့အပြီးမှာ သူ့ပရိသတ် အများအပြားက ဝမ်းနည်းကြောင်း မှတ်တမ်းတွေ ရေးပို့ခဲ့ကြသလို သူ့ရဲ့ ဟင်းချက်နည်းတွေကို ဘယ်လောက် ကြိုက်ကြတယ် ဆိုတဲ့အကြောင်းတွေ ရေးခဲ့ကြပါတယ်။

သွားကျိုးနဲ့ ပြုံးနေတတ်တဲ့ စားဖိုမှူး ဘွားဘွားကြီး ဆိုပြီး လူကြိုက်များခဲ့တဲ့ မက်စ်တနမ်မာ ကွယ်လွန်သွားပေမယ့် သူ့ရဲ့ ဟင်းချက်နည်း ဗီဒီယိုတွေကတော့ လူမှုကွန်ရက်ပေါ်မှာ အမှတ်ရစရာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။