ကုလသမဂ္ဂ သံအမတ်အဖြစ် ဟယ်သာ နူအာ့တ်ကို သမ္မတ ထရမ့် ခန့်အပ်ဖို့ရှိ

အမေရိကန်၊ နစ်ကီ ဟေလီ၊ ဟယ်သာ နူအာ့တ်၊ ကုလသမဂ္ဂ ဓာတ်ပုံ မူပိုင် AFP
Image caption ဟယ်သာ နူအာ့တ်ဟာ အရင်က Fox News နဲ့ ဘလွန်းဘတ် သတင်းဌာနတွေမှာ အလုပ်လုပ်ကိုင်ခဲ့

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်သစ်အဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဟယ်သာ နူအာ့တ် ကို ခန့်အပ်ကြောင်း သမ္မတ ထရမ့်က ထုတ်ဖော်ကြေညာဖို့ ရှိတယ်လို့ အမေရိကန် သတင်းမီဒီယာတွေ ဖြစ်တဲ့ Fox News နဲ့ ဘလွန်းဘတ် အပါအ၀င် အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဟယ်သာ နူအာ့တ် ဟာ ဖောက်စ် သတင်းဌာနမှာ အစီအစဉ် တင်ဆက်သူ အဖြစ် အရင်က လုပ်ခဲ့ဖူးပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ နစ်ကီ ဟေလီ က အခုနှစ် မကုန်ခင် ဒီရာထူးကနေ နုတ်ထွက်မယ့်အကြောင်း အောက်တိုဘာလတုန်းက ထုတ်ဖော် ကြေညာခဲ့ပါတယ်။

အသက် ၄၈ နှစ်အရွယ် ဟယ်သာ နူအာ့တ်ဟာ သူ့ရဲ့ ပထမဆုံး အစိုးရရာထူးဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် အဖြစ် ၂ဝ၁၇ ခုနှစ်မှာ စတင် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနကတော့ တစုံတရာ ထုတ်ဖော်ပြောတာမျိုး မရှိသေးပါဘူး။

ဓာတ်ပုံ မူပိုင် MANDEL NGAN
Image caption နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်နူအာ့တ်

ဟယ်သာ နူအာ့တ် ဟာ နိုင်ငံခြားရေး ဌာနမှာ မလုပ်ခင်တုန်းက အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်လို့ အတွေ့အကြုံ သိပ် မရှိခဲ့တာမို့ အခု သူ့ကို ဒီရာထူး ခန့်အပ်တာဟာ ထူးခြားတဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ ဘလွန်းဘတ် သတင်းဌာနက ပြောပါတယ်။

ဒီရာထူးအပြင် ဟယ်သာ နူအာ့တ်ကို လူထု သံတမန်ရေးနဲ့ လူထုရေးရာ ယာယီ ဝန်ကြီးအဖြစ် ပြီးခဲ့တဲ့ မတ်လက ခန့်အပ်ခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် အဖြစ် ဟယ်သာ နူအာ့တ် ကို ခန့်အပ်ဖို့အတွက် ဆီးနိတ် အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရဖို့ လိုအပ်ပါတယ်။

ဟယ်သာ နူအာ့တ် ဟာ ဖောက်စ် သတင်းဌာနမှာ ၁၉၉၈ ခုနှစ်ကနေ ၂ဝဝ၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပါတယ်။

အဲဒီနောက် ဖောက်စ် ကနေထွက်ပြီး အေဘီစီ သတင်းဌာနမှာ နှစ်နှစ် လောက် လုပ်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ ဖောက်စ် သတင်းဌာနကို ပြန်ရောက်လာပြီး ဖောက်စ်နဲ့မိတ်ဆွေများ အစီအစဉ် တင်ဆက်သူ ဖြစ်လာခဲ့ပါတယ်။

ဖောက်စ် သတင်းဌာနဟာ သမ္မတ ထရမ့်ကို အစဉ် ထောက်ခံလာတဲ့ သတင်းဌာန ဖြစ်ပြီး အဲဒီက ထုတ်လွှင့်တဲ့ သတင်းတွေကို သမ္မတ ထရမ့်က မကြာခဏ ဆိုသလို ပြန်ညွှန်းဆို ချီးကျူးလေ့ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် အဖြစ် နစ်ကီ ဟေလီ အံ့မခန်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ သမ္မတ ထရမ့် ချီးကျူး

သမ္မတထရမ့်ရဲ့ အစိုးရ အဖွဲ့ထဲမှာ အမျိုးသမီး အနည်းငယ်ပဲ ပါပါတယ်။ ဒီထဲက အသက် ၄၆ နှစ်အရွယ် တောင်ကယ်ရိုလိုင်းနား ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း နစ်ကီ ဟေလီ က အမေရိကန် ဆိုင်ရာ ကုလသမဂ္ဂ သံအမတ် ရာထူးကနေ သူဘာ့ကြောင့် နုတ်ထွက်တာလဲ ဆိုတဲ့ အကြောင်းရင်းကို ထုတ်မပြောခဲ့ပါဘူး။

ဒါပေမယ့် ၂ဝ၂ဝ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စီစဉ်နေတယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုနေတာတွေကိုတော့ ငြင်းဆိုခဲ့ပါတယ်။

ဒီရာထူးမှာ နစ်ကီ ဟေလီ နှစ်နှစ်နီးပါး ထမ်းဆောင်ခဲ့ပါတယ်။

နစ်ကီ ဟေလီဟာ အံ့မခန်း ဆောင်င်ရွက်နိုင်ခဲ့တယ်လို့ သမ္မတ ထရမ့်က ချီးကျူး ပြောဆိုခဲ့ပါတယ်။

ကနဦးတုန်းကတော့ နစ်ကီ ဟေလီရဲ့ နေရာမှာ အစားထိုး ခန့်မယ့် သူတွေ စာရင်းမှာ သမ္မတ ထရမ့်ရဲ့ သမီး အီဗန်နာနဲ့ လုံခြုံရေး ကောင်စီ ဒုတိယ အကြံပေးပုဂ္ဂိုလ်ဟောင်း ဒီနာ ပါဝဲလ် တို့ကို ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။